ရွေးကောက်ပွဲ အထူးရဲလေးဦးတွင် ကိုဗစ်ပိုးတွေ့

0
780

ရွေးကောက်ပွဲကာလတွင် တာဝန် ထမ်းဆောင်မည့် တနင်္သာရီတိုင်းအတွင်းမှ အထူးရဲသင်တန်းသားလေးဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

အထူးရဲအဖြစ် တာဝန်ထမ်းဆောင် မည့်သူများကို အောက်တိုဘာလဆန်း ပိုင်းမှစကာ ငါးပတ်အကြာ သင်တန်းပေးနေစဉ် တွေ့ရှိရခြင်း ဖြစ်သည်။

အထူးရဲသင်တန်းသား ၁၂၅၇ ဦးနှင့် သင်တန်းနည်းပြများ အပါအဝင် စုစုပေါင်း ၁၄၅၇ ဦးကို ကိုဗစ်ပိုးစစ်ဆေးရာ သင်တန်းသား ၄လေးဦးတွင် ပိုးတွေ့ခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ပုလော၊ ကော့သောင်း၊ ဘုတ်ပြင်းနှင့် ကျွန်းစုမြို့နယ်တို့မှ အထူးရဲသင်တန်း သားတစ်ဦးစီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကျန်သည့် သင်တန်းသားများတွင် ပိုးမတွေ့ခဲ့ကြောင်း ၎င်းက ပြောသည်။ ပိုးတွေ့သည့် အဆိုပါလေးဦးကို သင်တန်းမှ အနားပေးခဲ့ပြီး အစားထိုးရွေးချယ်လိုက်ကြောင်း ၎င်းက ဆိုသည်။

အထူးရဲများကို စစ်ရေးပြဘာသာရပ်အပြင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရွေးကောက် ပွဲဆိုင်ရာ ဥပဒေ အစရှိသည့် ဥပဒေများနှင့် လူ့အခွင့်အရေးဘာသာရပ် အစရှိသည့် ဘာသာရပ်များကို ပို့ချနေခြင်း ဖြစ်သည်။

အထူးရဲများမှာ ရွေးကောက်ပွဲ ကာလအတွက် ခန့်ထားရန်ဖြစ်ပြီး အောက် တိုဘာလ ၁ ရက်နေ့မှ နိုဝင်ဘာလ ၁၅ ရက်နေ့ အထိ ၄၆ ရက်ကြာ တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း တိုင်းရဲ တပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

အထူးရဲအဖြစ် တာဝန်ထမ်းဆောင် မည့်သူများမှာ ရဲတပ်သားလစာ၊ နေ့တွက် ရိက္ခာစရိတ်နှင့် ယူနီဖောင်းများ ခံစားခွင့် ရှိမည်ဖြစ်သည်။

ရဲတပ်သားတစ်ဦး၏ လစာမှာ ၁၄၄၀ဝ၀ ကျပ်ရှိပြီး ရိက္ခာစရိတ်မှာ တစ် ရက်လျှင် ကျပ်၁၈၀ဝ နှုန်း ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲကျင်းပချိန်က တနင်္သာရီတိုင်းအတွင်း အထူးရဲ ၁၁၇၀ ဦး တာဝန်ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ပွဲ ပြီးချိန်တွင် မီးသတ်နှင့် ရဲတပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်ရန် လျှောက်ထားသူ ၄၀ ကျော်ရှိသည်ဟု တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးထံ မှ သိရသည်။