ကိုဗစ် ကာကွယ်ဆေး ထွက်ပြီလား

0
770

ကိုဗစ်ကာကွယ်ဆေး ထွက်/ မထွက်နှင့် ပတ်သက်ပြီး လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းအမှားများ မကြာခဏ ထွက်ပေါ်လေ့ရှိသည်။ ထို့ကြောင့် ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်မှု နောက်ဆုံးအခြေအနေနှင့် ပတ်သက်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည်ကို ကောက်နုတ် ဖော်ပြလိုက်ပါသည်။

ကာကွယ်ဆေးအသစ် တစ်မျိုးမျိုးကို စတင်အသုံးပြုနိုင်ရန်အတွက်-
၁) ကာကွယ်ဆေး၏ သက်ဆိုင်ရာရောဂါကို ကာကွယ်နိင်သော အာနိသင် ရှိ /မရှိ၊
၂) လုံလောက်သော ပဋိပစ္စည်း ထုတ်လုပ်နိုင်ရန် လှုံ့ဆော်ပေးနိုင်စွမ်း ရှိ /မရှိ၊
၃) ဘေးထွက် ဆိုးကျိုးမရှိဘဲ ဘေးအန္တရာယ်ကင်း၍ လုံခြုံစိတ်ချရမှု ရှိ /မရှိ၊
၄) ကာကွယ်ဆေးထိုးပြီးနောက် ကာကွယ်မှုပေးနိုင်သည့် အချိန်ကာလ၊
၅) ထိုးနှံ /တိုက်ကျွေးရမည့် ကာကွယ်ဆေးပမာဏနှင့် အကြိမ်အရေအတွက်၊
၆) ဓာတ်ခွဲခန်းတွင်သာမက လက်တွေ့အပြင်လောက၌ အသုံးပြုရာတွင်လည်း ထိရောက်စွာကာကွယ်နိုင်သည့် အစွမ်းအာနိသင် ရှိ /မရှိ၊
စသည့်တို့ကို သိရှိရန် လိုပါသည်။

ထို့အပြင် ပြီးပြည့်စုံရန်အတွက် ပထမဦးစွာ ဓာတ်ခွဲခန်းအတွင်းနှင့် တိရစ္ဆာန်များတွင် စမ်းသပ်ခြင်းအဆင့်များ၊ ထို့နောက် လူများတွင် စနစ်တကျ လက်တွေ့စမ်းသပ်သုတေသနပြုလုပ်သင့်သည့်အဆင့် ၃ ဆင့် (3 phases of clinical trial)) နှင့် အသိအမှတ်ပြုလိုင်စင် ရရှိပြီး ဈေးကွက်တွင် ရောင်းချပြီးနောက်တွင်လည်း ဆက်လက်စောင့်ကြပ်ကြည့် ရှုလေ့လာခြင်းများကို တစ်ဆင့်ပြီးတစ်ဆင့် အချိန်ယူကာ စနစ်တကျ ဆောင်ရွက်ရပါသည်။

ယခုဖြစ်ပွားလျက်ရှိသော ကိုဗစ် – ၁၉ ကပ်ရောဂါအတွက် ကာကွယ်ဆေးထုတ်လုပ်နိုင်ရန် ကမ္ဘာ့နိုင်ငံ အများအပြားတွင် ကြိုးစားဆောင်ရွက် လျက် ရှိပါသည်။

သို့ရာတွင် ယခုအချိန်ထိ မည်သည့် နိုင်ငံ၊ မည့်သည့်ဆေးကုမ္ပဏီမှ ထုတ်လုပ်သော ကာကွယ်ဆေးတစ်မျိုးမျိုးတွင်မျှ တတိယအဆင့် လက်တွေ့စမ်းသပ် သုတေသနပြုမှုကို ပြီးမြောက်ခြင်း မရှိသေးကြောင်း သိရှိရပါသည်။ ယခု အချိန်ထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှ အသိအမှတ်ပြုထောက်ခံသော ကိုဗစ်- ၁၉ ကာကွယ်ဆေး (WHO Prequalified Vaccine) မရှိသေးပါ။

သို့ဖြစ်ပါ၍ ပြည်သူများအနေဖြင့် လူမှုကွန်ရက်များ၊ အင်တာနက်စာမျက်နှာများနှင့် Online ဈေးကွက်များတွင် ကြေညာနေသော ကိုဗစ် – ၁၉ ကာကွယ်ဆေးများကို ဝယ်ယူသုံးစွဲခြင်းမပြုရန် အသိပေးအပ်ပါသည်။

ရင်းမြစ်- ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန