ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ အသံ

0
345
Dawei Watch, Dawei News, Dawei News Media

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း ပါတီ ၁၄ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းတို့အနက်မှ ၄၃ ဦးသာ ရွေးချယ်ခံရမည်ဖြစ်သည်။
ထိုကဲ့သို့ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ အချို့ကို တနင်္သာရီအပတ်စဉ်ဝိုင်းတော်သားများက ရွေးချယ်ပြီး ၎င်းတို့၏ ရည်မှန်းချက်၊ ရှုမြင်ထားသည့် ပြဿနာများနှင့်ပတ်သက်၍ ချဉ်းကပ်ဖြေရှင်းမည့်စိတ်ကူး စသည့် အကြောင်းအရာများအား မဲဆန္ဒရှင် စာဖတ်သူများ လေ့လာအကဲဖြတ်နိုင်စေရန် ကိုယ်စားလောင်းများနှင့် တွေ့ဆုံ၊ ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြလိုက်သည်။ ယခုအပတ်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို မေးမြန်းတင်ဆက်ထားပါသည်။

ဦးအောင်မျိုး၊ မွန်ညီညွတ်ရေးပါတီ (MUP)

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း၊ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် -၂

မေး- လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ကိုယ့်တိုင်းအတွင်းမှာ ဘယ်လို ပြဿနာ အခက်အခဲတွေရှိမယ်လို့ ထင်ပါသလဲ။

ဖြေ- အခု တနင်္သာရီတိုင်းမှာ မြိတ်မြို့နယ်မှာ အဓိကဖြစ်နေတဲ့ ပြဿနာက မီးပြဿနာ၊ မီးပြဿနာလို့ပြောရင် ဘယ်လိုပြောရမလဲ၊ မြန်မာ တစ်နိုင်ငံလုံးနဲ့ အတိုင်းအတာနဲ့စာမယ်ဆိုရင် မြိတ်မြို့နယ်မှာ ယူထားတဲ့ ယူနစ်ဈေးတွေက တကယ်ကိုများနေတယ်။ နောက်ဆုံးပြောမယ်ဗျ၊ မြန်မာပြည်အပေါ်ဘက်ဆုံးအပိုင်း ကချင်ပြည်နယ်မှာ တစ်ယူနစ် ငါးဆယ်ပဲရှိတယ်ဗျ။ မြန်မာပြည် အပေါ်ပိုင်းနဲ့ အောက်ပိုင်း တနင်္သာရီမှာ အခု သုံးရာကျော်နေပြီ။ အဲသည်ကိစ္စတွေက ပြည်ထောင်စု အစိုးရအဆင့်က မသိတာလား။ ဒီဒေသမှာရှိတဲ့ အစိုးရအဆင့်ဆင့်ကရော မလုပ်ဆောင်နိုင်တာလားဆိုတာ မေးခွန်းထုတ်ချင်တယ်။ သိထားရ သလောက်ပေါ့။ တနင်္သာရီတိုင်းထဲမှာဆိုရင် ဂတ်စ် တွေလည်းထွက်တယ်။ ရေနံ၊ သယံဇာတတွေလည်း ထွက်တယ်။ ဒါပေမဲ့ အခုအစိုးရအဆင့်ဆင့်က လုပ်ဆောင်သွားတာတွေပေါ့နော်။ ပိုလျှံတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်ပကို ရောင်းချထားတာတွေ ထိုင်းလည်းရှိတယ်၊ တရုတ်လည်းရှိတယ်။ ပြီးတော့ အိန္ဒိယလည်းရှိတယ်။ အဲဒါတွေ ရောင်းချထားတယ်။ ဒါပေမဲ့ ပြည်သူတွေမှာ အခုလက်ရှိ ဒီကိုယ့်ဒေသ ကထွက်တဲ့ သယံဇာတတွေ ပြည်သူတွေ နည်းနည်း မှ သုံးစွဲခွင့်မရလိုက်တဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ အဲဒါကတော့ အခက်အခဲပေါ့ဗျ။

မေး- လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရသွားမယ်ဆိုရင် အခုပြောပြတဲ့ အခက်အခဲတွေကို ဘယ်လိုလုပ်သွားဖို့ ရှိပါသလဲ။

ဖြေ- ရွေးကောက်ပွဲမှာသာ နိုင်သွားမယ်ဆိုရင် လျှပ်စစ်မီးတစ်ယူနစ် တစ်ရာဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်မျိုးတော့ မပေးနိုင်ပါဘူး။ ဒါပေမဲ့ တစ်ရာနဲ့ နှစ်ရာအကြားဖြစ်အောင် အစိုးရအဖွဲ့နဲ့ တတ်နိုင်သလောက်၊ ဗဟိုအစိုးရ အဖွဲ့နဲ့ပေါ့နော် တတ်နိုင်သလောက်ချိတ်ဆက်ပြီးတော့ ပြည်သူတွေ အသက်သာဆုံးဈေးဖြစ်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် ကြိုးစားပြီး ဆောင် ရွက်သွားပါမယ်။ အခုရွေးကောက်ပွဲမှာ ခံယူထားတာက ပါတီက မြိတ်မြို့နယ်မှာ ပထမစတည်ထောင်တဲ့ ပါတီလည်းဖြစ်တယ်။ ကိုယ်တိုင်လည်း တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ၂ မှာ ကိုယ်စားလှယ်လောင်းနေနဲ့ ဝင်ပြိုင်ထားပါ တယ်။ ယုံကြည်ချက်ကတော့ ကျွန်တော့်ဒေသမှာ နိုင်ကို နိုင်ရမယ်။ ပြီးတော့ နိုင်ပြီဆိုရင်လည်း ကျွန်တော်တို့ထက် အင်အားကောင်းတဲ့ပါတီကြီးတွေနဲ့ တွဲဖက်ပြီးတော့ ပူးပေါင်းဆောင်ရွက်တဲ့ အခန်းကတွေမှာ တတ်နိုင်သလောက် ပူးပေါင်း ဆောင်ရွက် သွားပါမယ်ခင်ဗျား။

မေး- ရွေးကောက်ပွဲမှာ အနိုင်ရဖို့အတွက်ဆိုရင် ပြင်ဆင်ထားတဲ့အပိုင်းတွေရှိမှာပေါ။၊ ဘာတွေ ပြင်ဆင်ထားပါသလဲ။

ဖြေ- မဲဆန္ဒနယ်မှာရှိတဲ့ ပြည်သူတွေရယ် အဓိကတော့ ပြည်သူတွေရဲ့လိုအပ်ချက် ဘာတွေ လုပ်ပေးနိုင်တယ်။ ပြည်သူတွေကို မိတ်ဆက်တာတို့၊ တတ်နိုင်သလောက် သွားရောက်တွေ့ဆုံတာကို ဆောင်ရွက်နေပါတယ်ခင်ဗျား။

မေး- ကိုယ်လုပ်ချင်တာနဲ့ ပါတီရဲ့မူဝါဒ တွေကရော ကိုက်ညီမှုရှိပါရဲ့လား။

ဖြေ- လုပ်ချင်တာ၊ ဖြစ်ချင်တာနဲ့ ပါတီကချထားတဲ့ မူဝါဒစည်းကမ်းတွေနဲ့ တော်တော်ကိုက် ပါတယ်ခင်ဗျား။ ဘယ်လိုလဲဆိုတော့ ပါတီရဲ့ မူဝါဒကလည်း ပြည်သူတွေကို ရှေ့တန်းတင်မယ်၊ ပြည်သူတွေရဲ့လိုအပ်ချက်တွေကို နားထောင် ပေးမယ်။ ပြီးတော့ အစိုးရအဖွဲ့နဲ့ အစိုးရအဖွဲ့ ဖွဲ့နိုင်တဲ့ ဘယ်အစိုးရဖွဲ့ဖွဲ့ တတ်နိုင်သလောက်ပူး ပေါင်းပြီးတော့ လုပ်ဆောင်သွားပါမယ်ခင်ဗျား။

မေး- အခြားဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ- မြိတ်ဒေသကတော့ အသက်မွေးဝမ်း ကျောင်းအလုပ်က ရေလုပ်ငန်း၊ ပြီးတော့ စိုက်ပျိုးရေးလုပ်ငန်း၊ အဲဒီရေလုပ်ငန်းတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေ၊ သူတို့တွေရဲ့အခက်အခဲတွေ တတ်နိုင်သလောက် လျော့ပါးအောင်၊ သူတို့တွေမှာ ဖြစ် ပေါ်နေတဲ့ ဂရန်ကိစ္စတို့၊ မြေယာပိုင်းမှာဆိုလည်း မြေကိစ္စတို့ ဒီဟာတွေကို အမတ်ဖြစ်သွားမယ်ဆိုရင် အဲသည်ကိစ္စအားလုံးကို အတတ်နိုင်ဆုံး လျော့ပါးအောင် ပြည်သူတွေ အသက်ရှူချောင်အောင် အစွမ်းကုန် စွမ်းစွမ်းတမံကြိုးစားသွားမယ်ခင်ဗျား။


ဒေါ်သူဇာမိုးမိုးအိ (ခ) မိုးအိ၊ တစ်သီးပုဂ္ဂလ

တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း၊ ကော့သောင်းမြို့နယ် မဲဆန္ဒနယ်အမှတ်- ၁

မေး- ကိုယ်စားလှယ်လောင်းတစ်ယောက်အနေနဲ့ တိုင်းအတွင်းမှာ ကြီးမားတဲ့ပြဿနာတွေက ဘာတွေ တွေ့ထားပါသလဲ။

ဖြေ- ကြီးကြီးမားမားပြဿနာဆိုရင် အစိုးရ ဘက်ကနေပြီးတော့ ပြတ်ပြတ်သားသားစီစဉ်ဆောင် ရွက်ပေးနိုင်ခြင်း မရှိတဲ့ဟာတွေပေါ့။ အခုလိုမျိုး ရေလုပ်ငန်းပြဿနာတွေ၊ မြေယာပြဿနာတွေနဲ့ ပတ်သက်ပြီး အစိုးရက ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းမှုတွေက အားနည်းတယ်။ အဲဒါတွေက ပြည်သူတွေကြားမှာဆိုရင် တကယ့်ကြီးကြီးမားမားဖြစ်တဲ့ ပြဿနေတွေပေါ့။ အဲသည်ပြဿနာတွေကို တိုင်းအစိုးရအနေနဲ့ တာဝန်ယူမှု တာဝန်ခံမှုနဲ့ ဖြေရှင်းမပေးနိုင်တာ၊ အားနည်းတာတွေ့ရတယ်။

မေး- ကိုယ်စားလှယ်အဖြစ် အရွေးခံရရင် ဘာတွေဆောင်ရွက်သွားဖို့ရှိပါသလဲ။

ဖြေ- လျှပ်စစ်ဈေးနှုန်းသက်သာဖို့အရေးဆိုရင် အခုပြည်မကြီးအနေနဲ့သုံးရင် မဟာဓာတ် အားလိုင်းပေါ့။ မဟာဓာတ်အားလိုင်းကို တနင်္သာရီတိုင်းကို ဒီ ၂၀၂၀ အလွန်မှာ ရဖို့အတွက် ကြိုးပမ်း အားထုတ်ရလိမ့်မယ်။ မဟာဓာတ်အားလိုင်းတစ်ခုပဲ လျှပ်စစ်သက်သာမှာလေ။ ကုမ္ပဏီတွေကို တင်ဒါစနစ်နဲ့ ဒီဇယ်စနစ်နဲ့ပေးနေမယ်ဆိုရင်တော့ ဈေးနှုန်းကတော့ ဒီထက်ပိုပြီးတော့ ဒီဇယ်ဈေးကျမှ မီတာခဈေးကျတာကိုး။ ဒီဇယ်နဲ့ပေးနေတဲ့ စနစ် တစ်ခုမှာကျတော့ ဈေးကို ကိုယ်လိုချင်တဲ့ နှုန်းအတိုင်း ပေးဖို့ဆိုတာက ဒါက ကြီးမားတဲ့ပြဿနာပဲလေ။ စိန်ခေါ်မှုတစ်ခုဖြစ်နိုင်တယ်။ ဒါကြောင့်မို့လို့ ပြည်မကြီးနဲ့အတူသုံးနိုင်ဖို့ ၂၀၂၀ အလွန်မှာ တနင်္သာရီတိုင်းမှာ မဟာဓာတ်အားလိုင်းရဖို့ ပထမ ဦးစားပေးအနေနဲ့ ဆောင်ရွက်ဖို့ပါ။

မေး- ရွေးကောက်ပွဲနိုင်သွားမယ်ဆိုရင် ဦးစားပေးဆောင်ရွက်သွားမယ့် အစီအစဉ်ကို ဆိုလိုတာလား။

ဖြေ- ဒီကိစ္စ(လျှပ်စစ်)ကို ဥပဒေဘောင်အထဲ ကနေပေါ့။ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ရအောင် တိုက်တွန်းပေးသွားဖို့ရှိတယ်။ အဆိုတွေလည်း တင်သွင်းမယ်။ မေးခွန်းတွေလည်း မေးမြန်းမယ်ပေါ့နော်။ လျှပ်စစ်မီးနဲ့ပတ်သက်ပြီးတော့ တနင်္သာရီတိုင်းမှာ အများဆုံးပြဿနာပေါ့။

မေး- အနိုင်ရဖို့အတွက် ဆောင်ရွက်နေတဲ့ အပိုင်းလေးတွေ သိပါရစေ။

ဖြေ- အနိုင်ရဖို့အတွက်ဆိုရင် ကိုယ့်ရဲ့ မဲဆန္ဒနယ်တွေမှာ ကိုယ်လုပ်ပေးနိုင်တဲ့စကားလုံးတွေနဲ့ ပြောမယ်။ အဓိကက တစ်သီးပုဂ္ဂလဆိုတာ ကော့သောင်းကိုယ်စားပြုဝင်ရောက်အရွေးချယ်ခံတာဖြစ်တဲ့အတွက်ကြောင့် ကော့သောင်းဒေသဖွံ့ဖြိုးတိုးတက်ဖို့၊ ကော့သောင်းမြို့ရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အဲဒါတွေနဲ့ပတ်သက် ပြီးတော့ ကြိုတင်ဆောင်ရွက်ထားတယ်။ အခု ဆိုရင် ရေလုပ်ငန်းပြဿနာတွေ မြေယာအမှုအခင်း ပြဿနာတွေ၊ တရားဥပဒေမမိုးစိုးမှုတွေနဲ့ပတ်သက် ပြီးတော့ ကိုယ်လေ့လာသင့်သလောက် လေ့လာထားတယ်။ လုပ်ပေးနိုင်တဲ့စကားလုံးတွေပဲ သုံးပြီးတော့ ပြည်သူတွေယုံကြည်မှုရှိအောင်တော့ လုပ် နေရတာပေါ့။

မေး- ကိုယ်လုပ်ပေးနိုင်တဲ့စကားလုံးဆိုတာက ဘာများဖြစ်မလဲ။

ဖြေ- အခုကော့သောင်းဆိုတာ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုတဲ့အတွက်ကြောင့်မို့ ကော့သောင်းမြို့အကျိုးစီးပွားလို့ ပြောလို့ရတယ်။ ကော့သောင်းမြို့အကျိုးစီးပွားကို ကော့သောင်းမြို့ သူ/သားတွေနဲ့အတူ ကာကွယ်မယ်။ ခေတ်မီဖွံ့ဖြိုး တိုးတက်တဲ့ မြို့ကို ဒီရေလုပ်ငန်းကရတဲ့ ရေသယံ ဇာတနဲ့ပဲ ကော့သောင်းမြို့ကို တိုးတက်အောင် လုပ်မယ်။ ၂၀၂၀ အလွန်မှာ စက်ရုံ၊ အလုပ်ရုံတွေ အခြေခံလူတန်းစားတွေကအစ အလုပ်လက်မဲ့ ပြဿနာတွေကို ဖန်တီးနိုင်အောင်ပေါ့။ အဓိကက ကိုယ့်မြို့ကထွက်တဲ့ ရေသယံဇာတနဲ့ပဲ တိုးတက်အောင် ဆောင်ရွက်သွားပါမယ်။


ဦးခင်မောင်လတ်
တနင်္သာရီတိုင်းဒေသကြီးတိုင်းဦးစီးမှူး

မေး- လက်ရှိဆိုရင် ပါတီဥက္ကဋ္ဌ အဖမ်းခံရ တယ်ပေါ့ခင်ဗျား။ အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲအပေါ်မှာ သက်ရောက်မှုရှိနိုင်မလား ခင်ဗျား။

ဖြေ- ဗဟိုက ပြောရေးဆိုခွင့်ကို နှစ်ယောက်ကိုပဲ ပေးထားတယ်။ ဦးကျော်စွာသက်ဦးနဲ့ ဦးနေဝင်းတို့ နှစ်ဦးကိုပဲ ပေးထားတယ်။ တရားဝင် စာထုတ်ပြီးတော့လေ။ ကျန်တဲ့သူတွေကို အင်တာဗျူး မပေးပါနဲ့လို့ ပြောထားတယ်။

မေး- ကိုယ်စားလှယ်လောင်းတွေလည်း ပါတာပေါ့ခင်ဗျား။

ဖြေ- ပါတီရဲ့ ပြောရေးဆိုခွင့်ကို ဦးကျော်စွာ သက်ဦးနဲ့ ဦးနေဝင်းတို့ နှစ်ဦးကိုပဲ ပေးထားတယ်၊ မဖြစ်ခင်ကတည်းက စာထုတ်ထားတယ်။ အခု ဥက္ကဋ္ဌဖြစ်မှ (အဖမ်းခံရမှ) မဟုတ်ဘူး။

မေး- ဦးအနေနဲ့ဆိုရင် ပါတီမှာ ဘယ်လို ဆက်လုပ်မလဲပေါ့ခင်ဗျား။

ဖြေ- လုပ်စရာရှိတာတော့ ဆက်လုပ်နေကြတာပဲ။ လုပ်ငန်းတွေ အားလုံးကိုလေ။ ပါတီလုပ် ငန်းတွေ လုပ်စရာရှိတာ အားလုံးက ပုံမှန်အတိုင်းပဲ ဆက်သွားနေကြတာပေါ့။ တစ်ခုခု ချုပ်ထားတာ တွေမရှိဘူး။ တိုင်းအခြေအနေကိုမေးမယ်ဆိုရင် ပုံမှန်အတိုင်း လည်ပတ်နေတာပဲ။ အားလုံးပါပဲ။

မေး- ကိုယ်စားလှယ်လောင်းတွေကရော ဘယ်လိုဆက်လုပ်မယ်ဆိုပြီး တင်ပြလာတာမျိုး ရှိလားခင်ဗျား။ တိုင်းအနေနဲ့ပေါ့ခင်ဗျား။

ဖြေ- မရှိပါဘူး။ ပုံမှန်တိုင်းပါပဲ။ သူ့အပေါ် မှာရိုက်ခတ်မှုမရှိဘူး။ ပါတီရဲ့ ပုံမှန်လုပ်ငန်းတွေက လုပ်စရာရှိတာ အားလုံးလုပ်နေတာပဲ။ သွားစရာရှိ တာသွားနေကြတာပဲ။ စည်းရုံးစရာရှိရင် စည်းရုံး နေကြတာပဲ။ ပုံမှန်ပါပဲ။ သူ့အကြောင်းကိုသာ ပြောလို့မရဘူးပေါ့။ပါတီ(ဗဟို)အကြောင်းတော့ ပြောလို့မရဘူး။ တို့ရဲ့လုပ်ငန်းအကြောင်းကိုတော့ ပြောလို့ရတယ်။ အားလုံးက တနင်္သာရီတိုင်းထဲမှာ UDP ပါတီ (နှင်းဆီပါတီ) ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေအားလုံးကိုတော့ ပုံမှန်သွားနေတာပေါ့နော်။ ဘာမှလည်း ပြဿနာမရှိဘူးပေါ့။

မေး- ပါတီဗဟိုကနေ ဘာဆက်လုပ်ပါလို့ ညွှန်ကြားလာတာမျိုးလည်း မရှိဘူးပေါ့ခင်ဗျား။

ဖြေ- မရှိပါဘူး။ ပါတီကတော့ ပုံမှန်အတိုင်းပဲ။ သူ့ဟာသူဖြစ်နေတာကတော့ ဖြစ်နေတာတစ် လမ်းပဲ။


ဒေါ်မို့မို့ခင်၊
တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း၊ ထားဝယ်မြို့နယ်မဲဆန္ဒနယ် အမှတ်- ၁

မေး- ပါတီဥက္ကဋ္ဌအဖမ်းခံရပြီးနောက်ပိုင်း မှာ အချို့ကိုယ်စားလှယ်တွေဆိုရင် ရွေးကောက်ပွဲ မဝင်တော့ဘူးတို့ ဒါမှမဟုတ် ဆက်ပြီးဝင်မယ် ဆိုတာမျိုးတို့ ပြောနေကြတာရှိတာပေါ့။ ဆိုတော့ အစ်မအနေနဲ့ရော ဘာဆက်လုပ်ဖို့ ရှိလဲခင်ဗျား။

ဖြေ- ပါတီကတော့ ရွေးကောက်ပွဲကို အားလုံး ဝင်ပြိုင်ကြဖို့ပါပဲရှင်။

မေး- ဒါနဲ့ပတ်သက်ပြီး ပါတီက တစ်စုံတစ်ရာ ညွှန်ကြားလာတာမျိုး မရှိသေးဘူးလားခင်ဗျား။

ဖြေ- ပါတီဥက္ကဋ္ဌနဲ့ ပါတီအကြောင်း အသေးစိတ်သိချင်ရင်တော့ ပါတီကနေ ဗျူး(ဖြေ)ဖို့ လူရှိ တယ်ရှင်။

မေး- အစ်မကို သီးခြားညွှန်ကြားလာတာမျိုးလည်း မရှိဘူးပေါ့ခင်ဗျား။

ဖြေ- မရှိဘူးရှင်။

မေး- ရွေးကောက်ပွဲအသုံးစရိတ်နဲ့ ပတ်သက်ပြီး ပါတီက ထောက်ပံ့တာမျိုးရှိလား။

ဖြေ- ဥက္ကဋ္ဌပြောထားတဲ့ အတိုင်းပါပဲရှင်။ ကျွန်မတို့ အရင်ကတည်းက ထောက်ပံ့ပြီးသားရှိတဲ့အတွက် အဆင်သင့်လုပ်ထားပြီးသား ရှိတယ်ရှင်။ ရပ်/ကျေးတွေ၊ မြို့နယ်တွေကို အစကတည်းက လုပ်ဆောင်ပေးထားတဲ့အတွက်အပေါ် မူတည်ပြီးတော့ ကိုယ်စားလှယ်လောင်းတွေအနေနဲ့ကတော့ ထွေထွေထူးထူး မပေးဘူးရှင်။

ရွေးကောက်ပွဲအထူးကဏ္ဍအတွက် လက်ရှိအာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) မှ ကိုယ်စားလှယ်အချို့ကို တွေ့ဆုံ/ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ၎င်းတို့က လက်မခံခဲ့သောကြောင့် NLDပါတီမှ ကိုယ်စားလှယ်လောင်း၏ ရွေးကောက်ပွဲအသံကို ထည့်သွင်းဖော်ပြနိုင်ခြင်းမရှိပါ။