၂၀၂၀ သမိုင်းမူကြမ်း

Dawei Watch, Dawei News, Dawei News Media
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တနင်္သာရီတိုင်းမှ လူများ၊ အဖွဲ့များ၊ ရက်စွဲများ၊ အဖြစ်အပျက်များ

ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ၂၀၂၀ ပြည့်နှစ်ကို သမိုင်းတစ်လျှောက် အဆုံးရွားဆုံးနှစ်အဖြစ် ဖော်ညွှန်းလိုက်သည်။ တစ်ကမ္ဘာလုံး၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ လူမှုဘဝများကို ကိုင်လှုပ်လိုက်သော ကိုဗစ်ကပ်ဘေးက ထိုသို့ အဆုံးရွားဆုံး နှစ်အဖြစ် မှတ်တမ်းတင်ထိုက်သည့် အနအေထားသို့ တွန်းပို့လိုက်သည်။ မြန်မာနိုင်ငံတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ ထွန်းသစ်စ စီးပွားရေးနှင့် အညှောင့်ပေါက်ရန် အားယူစ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတို့မှာ ကိုဗစ်မုန်တိုင်းအကြား မျှော်လင့်ချက်များ ဝဝေါးသွားစေခဲ့သည်။ ငါ၊ သူတစ်ပါး၊ ယောကျ်ား၊ မိန်းမ အားလုံးတို့၏ အနာဂတ်ကိုလည်း မရရောမှုများ ဆောင်ယူ လာပေးလိုက်သည်။

မည်သို့ပင်ဆိုစေကာမူ ကပ်ဘေးအကြားမှပင် လူ့အဖွဲ့အစည်းက ရုန်းကန်လှုပ်ရှားကြရရာ လူများ၊ အဖြစ်အပျက်များ၊ ရက်စွဲများက ပုံမှန်အခြေအနေသစ်များအတိုင်း ရွေ့လျားမြဲဖြစ်သည်။ သတင်းစာ တို့ဆိုသည်မှာ ယခင်ညွှန်းဆိုလေ့ ရှိသည့်အတိုင်းပင် သမိုင်းမူကြမ်း ရေးသူများဖြစ်ရာ ၂၀၂၀ ပြည့်နှစ်အတွက် သမိုင်းမူကြမ်းဖြစ်သော လူများ၊ အဖွဲ့များ၊ ရက်စွဲများ၊ အဖြစ်အပျက်များကို မှတ်တမ်းတင်ထား ပါသည်။ ထိုသို့ မှတ်တမ်းတင်ရာတွင် ၂၀၂၀ ပြည့်နှစ်အတွင်း လူအဖွဲ့အစည်းအပေါ် သက်ရောက်မှု ရှိစေခဲ့သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ အဖြစ်အပျက်များကို ရွေးချယ်ထားပါသည်။ အချို့သော လူပုဂ္ဂိုလ်များမှာ အငြင်းပွားဖွယ်ရာများ ရှိသော်လည်း ၎င်းတို့၏ လုပ်ဆောင်ချက်သက်ရောက်မှုများကြောင့် မှတ်တမ်းပြု ရွေးချယ်ထားပါသည်။ ယင်းအပြင် နိုင်ငံအတွက် အထူးတာဝန်ရှိသော်လည်း မလှုပ်၊ မရှုပ်၊ မပြုတ် နေနိုင်လွန်းသည့် ဌာန၊ ပုဂ္ဂိုလ်များကြောင့် နိုင်ငံသူ၊ နိုင်ငံသားတို့ ခံစားခွင့်ဆုံးရှုံးရသည်။ ထိုသို့သော အဖွဲ့ဌာနပုဂ္ဂိုလ်တို့ကိုလည်း “ဝမ်းလယ်စီးသူများ” အဖြစ် မှတ်တမ်းတင်ထားပါသည်။

လူ ပုဂ္ဂိုလ်များ

တရားမျှတမှုအတွက် ခရီးရှည်တိုက်ပွဲဝင်သူ- စောဒါးရွှေ
ဦးခင်မောင်ထွေး
လန်ပိလူသား- ဦးခင်မောင်ထွေး
ကိုထွန်းထွန်းဦး
နှောင်ကြိုးမဲ့ ဝေဖန်ရေးသမား- ကိုထွန်းထွန်းဦး
ကိုဇော်မင်းသန်း
စွန့်ပစ်ပုလင်းများဖြင့် အလှဆင်သူ- ကိုဇော်မင်းသန်း
ဦးကျော်ကျော်ဦး
ထားဝယ်မြို့မှ မူးဆေးအိုး- ဦးကျော်ကျော်ဦး
ဖြိုးဇင် (ထားဝယ်)
ပုဂ္ဂိုလ်ရေး အတွန်းအတိုက်များအကြားက- ဖြိုးဇင် (ထားဝယ်)

အဖွဲ့အစည်းများ

ကိုဗစ်ထိန်းချုပ် ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ (ထားဝယ်ဒေသ)
မြိတ်ကိုဗစ်အရေး ရှေ့တန်းရောက် အရပ်ဘက်အဖွဲ့များ

၀မ်းလယ်စီးသူများ

တနင်္သာရီတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့် မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ အများစု

အဖြစ်အပျက်များ

၀န်ကြီးချုပ် နှစ်ရှည်ထောင်ချခံရ
ရန်ကုန်ကိုဗစ်မွန်းကျပ်မှု၏ ပြယုဂ်

တရားမျှတမှုအတွက် ခရီးရှည်တိုက်ပွဲဝင်သူ- စောဒါးရွှေ
စောဒါးရွှေ

သူ့တိုက်ပွဲဝင်ခဲ့သည်မှာ ၁၅ နှစ်တိတိ၊ သို့သော် မပြီးသေး။

မြန်မာစာကို ရေးတတ်၊ ဖတ်တတ်လောက်သာရှိသည့် ကရင် တိုင်းရင်းသားတစ်ဦးက သတ္တုကုမ္ပဏီကြီးတစ်ခုကို တရားစွဲ အနိုင်ရ သည်ဆိုသည့် ဖြစ်စဉ်က မြန်မာနိုင်ငံတွင် ရှားရှားပါးပါးဖြစ်သည်။

ယင်းကဲ့သို့ သတ္တုကုမ္ပဏီကို တရားစွဲပြီး အနိုင်ရလိုက်သူမှာ ထားဝယ်မြို့နယ်၊ ကင်းပွန်းချုံရွာသားဖြစ်သူ စောဒါးရွှေပင်ဖြစ်သည်။

စောဒါးရွေသည် ကွမ်းသီးစိုက်ပျိုးရင်း အသက်မွေးသူဖြစ်သည်။ သတ္တုတူးဖော်ရာတွင်အသုံးပြုမည့် ရေအရင်းအမြစ်အတွက် မြန်မာ ပွန်ပီပက်က ၂၀ဝ၅ ခုနှစ်မှာ စောဒါးရွှေကွမ်းဥယျာဉ်အောက်ဘက်တွင် ရေကာတာတစ်ခုဆောက်သည်။ တစ်ဘက်က ဘဝပင်ရွာတွင်ရှိ သည့် သတ္တုကုမ္ပဏီတစ်ခုက စွန့်ပစ်မြေစာများကလည်း ချောင်းအတိုင်း စီးလာပြီး စောဒါရွှေခြံအတွင်းသောင်တင်နေခဲ့သည်။

အဆိုပါသတ္တုကုမ္ပဏီနှစ်ခုကြောင့် စောဒါးရွှေ၏ ဥယျာဉ်ခြံသည် ရေမြုပ်၊ မြေစာဖုံးဖြစ်လာပြီး နောက်ပိုင်း ကွမ်းသီးပင်များ တဖြည်း ဖြည်းသေဆုံးလာခဲ့သည်။ ယင်းအချိန်ကစပြီး သူကွမ်းသီးပင်များ သေဆုံးသည့်ကိစ္စတရားမျှတမှုရရန် စတင်တိုက်ပွဲဝင်ခဲ့သည်။

ပထမဆုံးအနေဖြင့် မြန်မာပွန်ပီပက်ကုမ္ပဏီထံလျော်ကြေးငွေပေးရန် နည်းလမ်းအမျိုးမျိုးဖြင့်တောင်းဆိုခဲ့သည်။ သို့သော် သူတောင်းသည့်လျော်ကြေးကို ကုမ္ပဏီဘက်မှမပေးနိုင်ကြောင်း အကြိမ် ကြိမ်ငြင်းဆိုခံခဲ့ရသည်။ တိုင်းအစိုးရကပါ ကြားဝင်ဖြေရှင်းပေးခဲ့သော် လည်း လျော်ကြေးငွေကိစ္စမှာ ညှိနှိုင်းမရခဲ့ပေ။

ထိုကြောင့် တရားရုံးမှတစ်ဆင့် တရားမျှတမှုရရန် စောဒါးရွှေ ဆက်လက်ကြိုးပမ်းခဲ့သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလတွင် ထားဝယ် ခရိုင်တရားရုံးတွင် လျော်ကြေးငွေ သိန်းတစ်ထောင်ကျော် ရလိုမှုဖြင့် မြန်မာပွန်ပီပက်ကုမ္ပဏီ ကို တရားစွဲဆိုခဲ့သည်။

ထားဝယ်နှင့် ကရင်ဘာသာစကားကို ကောင်းမွန်စွာပြောတတ်သော်လည်း မြန်မာစကားကိုနားမလည်သော စောဒါးရွှေသည် တရားရုံးတွင် ဘာသာစကားအခက်အခဲနှင့်လည်းရင်ဆိုင်ခဲ့ရသေးသည်။ နောက်ပိုင်းတွင် သူ့ကို ဝန်းရံကူညီပေးသည် မိတ်ဆွေစစ်အဖွဲ့၏ အကူအညီဖြင့် ယင်းကိစ္စအဆင်ပြေသွားခဲ့သည်။

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ထားဝယ်ခရိုင်တရားရုံးက ချလိုက် သော အမိန့်အရ စောဒါးရွှေ အနိုင်ရရှိခဲ့သည်။ ကုမ္ပဏီက စောဒါးရွှေကို ကျပ်သိန်းပေါင်း ၁၁၄၈ သိန်း လျော်ကြေးပေးရန် အမိန့်ချခဲ့သည်။

သို့သော် ယနေ့အထိ စောဒါးရွှေလက်ဝယ်သို့ လျော်ကြေးငွေ ရောက်မလာသေး။
သတ္တုကုမ္ပဏီဘက်က အထက်တရားရုံးအဆင့်ဆင့်ကို အယူခံဆက်တက်ထားခြင်းကြောင့် လျော်ကြေးမပေးသေးပေ။ လက်ရှိအချိန်တွင် သတ္တုကုမ္ပဏီဘက်က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ အယူခံဝင်ထားဆဲဖြစ်သည်။ အမိန့်မချရသေးပေ။

စောဒါးရွှေကလည်း လက်မလျှော့ဘဲ အယူခံအဆင့်ဆင့်ကို လိုက်လံလျှောက်လဲပြီး တရားမျှတမှုရရန် တိုက်ပွဲဝင်နေဆဲဖြစ်သည်။

သူပိုင်ကွမ်းသီးဥယျာဉ် စတင်ပျက်စီးချိန်မှစပြီး တရားရုံးမရောက်မီ အထိ ဆယ်နှစ်တိတိ တိုက်ပွဲဝင်ခဲ့သော်လည်း တရားမျှတမှုကို မရရှိခဲ့သူ၊ ယင်းအတွက်ကြောင့် ၂၁၀၅ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ငါးနှစ်တိတိ တရားရုံးမှ တစ်ဆင့် ထပ်မံတိုက်ပွဲဝင်ခဲ့ပြီးအမှု အနိုင်ရခဲ့သူ၊ လက်ရှိအချိန်အထိလည်း တိုက်ပွဲဝင်နေသူ စောဒါးရွှေမှာ အနိုင်ကျင့်ခံ သာမန်တောင်သူတို့အတွက် တိုက်ပွဲဝင်စိတ်ဓာတ်ခွန် အားဖြစ်စေခဲ့သူဖြစ်သည်။

ထိုကြောင့် တရားမျှတမှုအတွက် ခြံပျက်စီးချိန်မှ ယနေ့အထိ ခရီးရှည်တိုက်ပွဲဝင်နေသူ စောဒါးရွှေအား ၂၀၂၀ ပြည့်နှစ် သမိုင်းမူကြမ်းတွင် ထူးခြားသော ပုဂ္ဂိုလ်အဖြစ် ရွေးချယ်ဖော်ပြလိုက်ပါသည်။


လန်ပိလူသား- ဦးခင်မောင်ထွေး
ဦးခင်မောင်ထွေး
ဦးခင်မောင်ထွေး

တကယ်တော့ ဦးခင်မောင်ထွေးမှာ ပင်လယ်ပြင်၊ လန်ပိ စသည့် ဝန်းကျင်များနှင့် လားလားမျှ မဆိုင်သော မကွေးတိုင်း ရမည်းသင်း မြို့နယ် ဇာတိဖြစ်သည်။

သို့သော် လွန်ခဲ့သော နှစ် ၃၀ က တနင်္သာရီတိုင်းပင်လယ်ပြင် သို့ရောက်လာပြီးနောက် ဗမာ စစ်စစ်အမျိုးသားကြီး ဦးခင်မောင်ထွေး မှာ ဆလုံတိုင်းရင်းသူ တစ်ဦးနှင့် အကြောင်းပါပြီး လန်ပိမှာ သူ့အိမ် ဖြစ်သွားတော့သည်။ လန်ပိကျွန်းမကြီးအနီး ဗိုလ်ချိုကျွန်းရှိ မကြုံ ဂလက်ကျေးရွာရှိ သဲသောင်ကမ်းခြေအိမ်လေးတွင် ဆလုံမိသားစုဝင်များ နှင့်အတူ နေထိုင်သည်။ စက်လှေတစ်စီးနှင့် ဆလုံငါးဖမ်းလှေ တစ်အုပ်က သူ့မိသားစု ဝမ်းရေး အလုပ်ဖြစ်သည်။

ယခုတော့ သူ့ကို ဆလုံအရေး လှုပ်ရှားတက်ကြွသူအဖြစ် လူသိများသော်လည်း အက်ဒမန် ပင်လယ်အတွင်းမှ တရားမျှတမှု အသံထွက်နိုင်အောင် ၂၀၁၂ ခုနှစ်တွင် စတင်လှုပ်ရှားခဲ့သည်။ ပင်လယ်အတွင်းမှ သဘာဝပတ်ဝန်းကျင်အရေး၊ သစ်ခိုးထုတ်မှုများ၊ ငါးခိုးဖမ်းမှုများကို မှတ်တမ်းတင်ပြီး သက်ဆိုင်ရာ အစိုးရ အဆင့်ဆင့်သို့ သူတိုင်သည်။ နည်းအမျိုးမျိုးဖြင့် တိုင်သည်။

ယခုတော့ ဆလုံတိုင်းရင်းသားများကို ဖိနှိပ်အနိုင်ကျင့်လိုသော အမျိုးမျိုးသော လူအုပ်စုများ၊ စီးပွားရေး လုပ်ငန်းများကို ကာကွယ် သည့် အလုပ်တစ်ခုက ပိုလာသည်။ ပုလဲလုပ်ငန်း၊ ဟိုတယ်ခရီး လုပ်ငန်းတို့ ကဲ့သို့သော လုပ်ငန်းများက ဆလုံလူမျိုးတို့ လုပ်ကိုင် စားသောက်နေသော ရေစားကျက်ကို ဝင်လုလာသည်။ ထိုအချိန်တွင် ဆလုံတစ်ပိုင်းဖြစ်နေပြီဖြစ်သော ဦးခင်မောင်ထွေးမှာ လူဦးရေ ထောင်ချီသာ ကျန်တော့သည့် ဆလုံအမျိုးမပျောက်ရေး ဆက်တိုက် အလုပ်လုပ်ရတော့သည်။

အမြဲပြုံးချိုနေတတ်သော အပြုံးကြောင့် ကိုချိုလွန်းဟုလည်း လူသိများသော ဦးခင်မောင်ထွေးမှာ သူ့လုပ်ဆောင်မှုများကြောင့် မက်လုံးပေး စည်းရုံးမှုများ၊ ခြိမ်းခြောက်မှုများ အကြိမ်ကြိမ်ကြုံခဲ့ရသည်။ ကိုချိုလွန်းမဟုတ် ကိုချွန်တွန်း ဖြစ်နေပြီဟုလည်း အချို့က ဆိုကြသည်။ သူ့အိမ်ကိုလည်း ခဲဖြင့် အထုခံရဖူးသည်။ လှေဖျက်ဆီးခံရဖူးသည်။

သို့သော် သည်ဝန်းကျင်၊ သည်ပင်လယ်၊ သည်ကျွန်း၊ သည်ရေ၊ သည်မြေ ပျက်စီးမည်ကို အသက်ထက်ပိုကြောက်သောကြောင့် ပင်လယ်အရေး၊ လန်ပိအရေး၊ ကျွန်းအရေး သူဆက်ပြောနေဦးမည်။ ဆက်လုပ်နေဦးမည်ဟုဆိုသည်။

ထိုကြောင့် ပင်လယ်ပြင်အကြောင်း လှုပ်ရှားသူ ရှားပါးချိန် ပင်လယ်ပြင် ဥပဒေစိုးမိုးရေး အသံဆက်တိုက်ထွက်သူ ဆလုံအရေး လှုပ်ရှားတက်ကြွသူ ဦးခင်မောင်ထွေး(ခ)ကိုချိုလွန်းကို ၂၀၂၀ ပြည့်နှစ်အတွင်း တနင်္သာရီတိုင်းတွင် ထူးခြားထင်ရှားသူအဖြစ် ရွေးချယ် မှတ်တမ်း တင်အပ်ပါသည်။


နှောင်ကြိုးမဲ့ ဝေဖန်ရေးသမား- ကိုထွန်းထွန်းဦး
ကိုထွန်းထွန်းဦး
ကိုထွန်းထွန်းဦး

ဒီမိုကရေစီနှင့် ဝေဖန်ရေးသည် ဒွန်တွဲနေသည်။ သို့သော် ယနေ့ အချိန်တွင် အစိုးရကို ဝေဖန်သူများကို ဒီမိုကရေစီဆန့်ကျင်ရေးသမား အဖြစ် အမျိုးမျိုး တံဆိပ်ကပ် သမုတ်လေ့ရှိသည်။

သို့သော် မြိတ်မြို့မှ ကိုထွန်းထွန်းဦးကတော့ သူ့ဝေဖန်ရေး အလုပ်ကို မလျော့ပါ။
ကိုထွန်းထွန်းဦးသည် မြိတ်မြို့၊ ရေနံမြေရပ်ကွက်တွင် နေထိုင် သူတစ်ဦးဖြစ်ပြီး လှေနှင့်အိမ်ဆောက်ပစ္စည်း ကုန်မာဆိုင်ရောင်းချ နေသူဖြစ်သလို လယ်ယာလုပ်ငန်း လုပ်ကိုင်နေသည့် တောင်သူတစ်ဦးလည်း ဖြစ်သည်။

သူသည် မျက်မှောက်နိုင်ငံရေးကို စိတ်ပါဝင်စားစွာ လေ့လာသူ တစ်ဦးဖြစ်ပြီး တရားမျှတမှု၊ ဒီမိုကရေစီခိုင်မာ အားကောင်းမှု နှင့်ဒေသအကျိုးအတွက် တိုင်းလွှတ်တော်၊ တိုင်း အစိုးရ၊ တိုင်းအတွင်းရှိ ဌာနများ၏ လုပ်ကိုင်ဆောင်ရွက်မှုများကို အမျိုးမျိုးသော မီဒီယာများမှတစ်ဆင့် တွန်းတွန်းတိုက်တိုက် ပွင့်ပွင့်လင်းလင်း ဝေဖန် ခဲ့သူတစ်ဦးဖြစ်သည်။

ယင်းအပြင် အစိုးရအဖွဲ့နှင့် ပြည်သူလူထုတွေ့ဆုံပွဲများ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် ပြည်သူလူထုတွေ့ဆုံပွဲများတွင်လည်း လူပုံအလယ်တွင် ဒေသတွင်းလတ်တလောကြုံနေရသည့် အခက်အခဲ ပြဿနာများကိုလည်း အချက်အလက်နှင့်တကွ တစိုက်မတ်မတ် တင်ပြတတ်သူဖြစ်သည်။

သူတင်ပြပြောဆိုခဲ့သည့် အဓိကအကြောင်းရပ်များမှာ မြေယာ ပြဿနာ၊ ငါးဈေးပြဿနာ၊ ပင်လယ်ပြင် ငါးဖမ်းလှေများတွင် ကြုံနေရသည့် ဥပဒေဆိုင်ရာ အခက်အခဲ၊ ကမ်းနီးရေလုပ်သားများ အရေးယူခံနေရသည့်ကိစ္စ၊ လျှပ်စစ်ကဏ္ဍ၊ SME ခေါ်အသေး စားအလတ်စား လုပ်ငန်းများ ဆိုင်ရာအခက်အခဲများ၊ ဒေသအတွင်း ကြီးထွားလာသည့် မူးယစ်ဆေးဝါးပြဿနာ၊ လုပ်ငန်းရှင်အချို့ ထံသို့ စီးပွားရေးလုပ်ကိုင်ရန် မြေယာချထားပေးရာတွင် ပွင့်လင်း မြင်သာမှု မရှိသည့်ပြဿနာ စသည်များကို အလျဉ်းသင့်သလို သက်ဆိုင်ရာဝန်ကြီးများအား တိုက်ရိုက်သော်လည်းကောင်း သတင်း မီဒီယာများမှ တစ်ဆင့် သော်လည်းကောင်း ထောက်ပြ ဆွေးနွေး ဝေဖန်ခဲ့သူတစ်ဦးဖြစ်သည်။

ယင်းအပြင် တာဝန်ရှိသူများအနေဖြင့် ဌာနဆိုင်ရာများမှ ပေးသည့် အချက်အလက်များကို အခြေခံကာ ဆုံးဖြတ်ဆောင်ရွက်နေ သည့် ကိစ္စရပ်များကိုလည်း သူကဝေဖန်ခဲ့ပြီး အမှန်တရားကို ပြည်သူကြားတွင် အဖြေရှာရန်လည်း သူကတိုက်တွန်းခဲ့သည်။ ယင်းကြောင့် ယနေ့ကဲ့သို့သော အမျိုးမျိုးသော တံဆိပ်ကပ်မှုများအကြား ဝေဖန်ရေးအလုပ်ကို စဉ်ဆက်မပြတ် လုပ်ဆောင်နေသော ကိုထွန်းထွန်းဦး ကို ၂၀၂၀ ပြည့်နှစ် ထူးခြားသူအဖြစ် ရွေးချယ်လိုက်ပါသည်။


ထားဝယ်မြို့မှ မူးဆေးအိုး- ဦးကျော်ကျော်ဦး
ဦးကျော်ကျော်ဦး
ဦးကျော်ကျော်ဦး

မူးဆေးအိုးဟု ဆိုလျှင် တနင်္သာရီအပတ်စဉ် စာဖတ်ပရိသတ်အတွက် သရော်စာလက်စွမ်းထက်သော ဆောင်းပါးရှင် မူးဆေးအိုးကို ပြေးမြင်ပါလိမ့်မည်။ သို့သော် ထားဝယ်မြို့တွင် နောက်ထပ် မူးဆေးအိုး တစ်ဦး ရှိသေးသည်။

အဖွဲ့အစည်း၊ ကော်မတီအများစုတွင် ပါနေပြီး လူထုအကျိုးအတွက် အမုန်းခံပြောလေ့ရှိသူမှာ မူးဆေးအိုး ဦးကျော်ကျော်ဦး ဖြစ်သည်။

ဦးကျော်ကျော်ဦးသည် တိုင်းကုန်သည်/ စက်မှုအသင်းဥက္ကဋ္ဌ၊ တနင်္သာရီတိုင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေး ဆိုင်ရာအဖွဲ့တွင် အဖွဲ့ဝင်၊ ထားဝယ်မြို့နယ် စည်ပင် သာယာရေးကော်မတီဝင် အစရှိသည့် အဖွဲ့အစည်း ၁၀ ခုခန့်တွင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင် စသည့် တာဝန်များ ရယူထားသည်။

ကိုဗစ်ထိန်းချုပ် ကာကွယ်ရေး ထားဝယ်ဒေသလူထုအခြေပြု အထောက်အကူပြု အဖွဲ့တွင် အတွင်းရေးမှူးအဖွဲ့ဝင်၊ ဘိုးဘွားရိပ်သာ နှင့် သီတဂူဆေးရုံတွင် အတွင်းရေးမှူး၊ ထားဝယ်ခရိုင် ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတွင် ဥက္ကဋ္ဌ အစရှိသည့် အဖွဲ့အစည်း ကော်မတီ များတွင် ပါဝင်လုပ်ဆောင်နေသည်။

ထိုကြောင့်လည်း ၎င်းကို ရပ်ရွာအတွင်းတွင် “ပါလေရာ ကျော်ဦး” ဟု ဘွဲ့အမည်တပ်ခံရသူဖြစ်သည်။

ထားဝယ်မြို့တွင် ထိုကဲ့သို့ အဖွဲ့အစည်းများတွင် ပါလေရာအဖြစ် ပါဝင်နေတတ်သည့် ပုဂ္ဂိုလ်အချို့ရှိသော်လည်း အများ၏ ငြိုငြင်ခံရ မည်စိုးသည့်အတွက် ထောက်ပြပြောဆိုလေ့၊ မှန်ရာကို သတ္တိရှိရှိ လုပ်ဆောင်လေ့မရှိကြပေ။

ဦးကျော်ကျော်ဦးမှာမူ ထိုသို့လုပ်ကိုင်နေရင်း သက်ဆိုင်ရာအဖွဲ့ အစည်း၊ ဌာနများ၏ လုပ်ဆောင်ချက် အပေါ် အမြင်မတော်မှုများ၊ နည်းလမ်းမကျမှုများကို အမုန်းခံပြီး ထောက်ပြပြောဆိုလေ့ရှိသဖြင့် လူအမုန်းလည်း များခဲ့သည်။ ထိုသို့ လူအမုန်းခံရသော်လည်း လူ့အဖွဲ့ အစည်းအတွက် ဆက်လက်ဝေဖန်ထောက်ပြနေ ဆဲ၊ မှန်မည်ထင်သည့် အရေးအရာများကို လုပ်ဆောင်ဆဲဖြစ်သည်။

၎င်းနှင့် ပတ်သက်၍ ဝေဖန်ပြောဆိုမှုအချို့ရှိလင့်ကစား အများပြည်သူအကျိုးစီးပွားအတွက် ထောက်ပြ ပြောဆိုလုပ်ကိုင်လေ့ ရှိသည့်အတွက် ၂၀၂၀ ပြည့်နှစ်အတွက် ထူးခြားထင်ရှားသူအဖြစ် ရွေးချယ်ဖော်ပြ လိုက်ပါသည်။


စွန့်ပစ်ပုလင်းများဖြင့် အလှဆင်သူ- ကိုဇော်မင်းသန်း
ကိုဇော်မင်းသန်း
ကိုဇော်မင်းသန်း

ကိုဇော်မင်းသန်းဟာ မြိတ်သားတစ်ဦးဖြစ်ပြီး လက်ရှိအချိန်မှာတော့ ကျွန်းစုမြို့နယ်ထဲက ဝဲကျွန်းဆိုတဲ့ ရွာကလေး တစ်ရွာမှာနေထိုင် နေသူပါ။

သူကရွာမှာ ကျောက်ငါးမွေးမြူရေးလုပ်ကိုင်သူတစ်ဦးဖြစ်ပြီး ကိုယ်ပိုင်ယာမကာဆိုင်လေး တစ်ဆိုင်လည်း ဖွင့်ထားသူပါ။ သူ့ဆိုင်က တစ်နေ့တစ်နေ့ထွက်နေတဲ့ ပုလင်းခွံတွေဟာ နှစ်ကြာလာတာနဲ့အမျှ တောင်ပုံရာပုံ ဖြစ်လို့လာပါတယ်။ အဲဒီပုလင်းခွံတွေကို ဝယ်သူတွေ လည်းမရှိကြပါဘူး။

ပင်လယ်ထဲစွန့်ပစ်ရင်လည်း ပင်လယ်ကြမ်းပြင်ညစ်ညမ်းမှာမို့ သူ့အနေနဲ့မစွန့်ပစ်ရက်ပါဘူး။ နောက်ဆုံးတော့ ပုလင်းတွေနဲ့ အဆောက်အအုံလေးတစ်ခု ဆောက်ဖို့ စိတ်ကူးလိုက်ပါတော့တယ်။ သူပိုင်မြေကွက်ပေါ်မှာ အလျား ၂၅ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၅ ပေခန့်ရှိတဲ့ အဆောက်အအုံလေးတစ်ခုကို စွန့်ပစ်ပုလင်းတွေနဲ့ ဆောက်လုပ်ဖန်တီး လိုက်ပါတော့တယ်။

အဲဒီအဆောက်အုံ တစ်ခုလုံးအတွက် ပုလင်းခွံပေါင်း ခုနစ် ထောင်ကျော်ကို အသုံးပြုခဲ့ပြီး အချိန်အားဖြင့် ရှစ်လလောက်ကြာမြင့် ခဲ့ပါတယ်။ စုစုပေါင်း ကုန်ကျစရိတ် ကျပ်သိန်းငါးဆယ်ခန့်ရှိခဲ့ပါတယ်။

ပထမစလုပ်တဲ့အချိန်က သူ့ကိုအရူးလို့ နောက်ကွယ်ပြောဆို ပြက်ရယ်ပြုမှုများ ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း တကယ့်အကောင်အထည် ပေါ်လာသည့်အချိန်မှာတော့ စောစောကလို မဟုတ်တော့ပါဘူး။

ရွာကိုလာလည်တဲ့ ဧည့်သည်တွေ၊ နိုင်ငံခြားသားတွေ အ‌ရေးတယူနဲ့ ဓာတ်ပုံရိုက် မှတ်တမ်းတင်တာမျိုးရှိလာသလို ဒီလို အဆောက်အအုံမျိုး မတွေ့ဖူးသေးဘူးလို့ ပြောဆိုမှုများရှိလာတဲ့အပေါ် ရွာသားတွေအနေနဲ့ ကိုယ့်ရွာအတွက် ဂုဏ်ယူရကောင်းမှန်းလည်း သိလာတယ်လို့ အဲဒီရွာသား ဦးမောင်ရှုံးက ပြောပါတယ်။

ကိုဇော်မင်းသန်း အနေနဲ့ကတော့ သစ်တွေ၊ ဝါးတွေခေါင်ခိုက်နေတဲ့ခေတ်မှာ စွန့်ပစ်ပစ္စည်းတွေ အသုံးချပြီးတော့လည်း အဆောက်အအုံတစ်ခု ဆောက်လို့ရတယ်၊ ပင်လယ်မညစ်ညမ်းစေဘဲ အသုံးဝင်အောင် သုံးလို့ရတယ်ဆိုတာ လမ်းပြခဲ့တဲ့ ကိုဇော်မင်းသန်းကို ၂၀၂၀ ပြည့်နှစ် ထူးခြားတဲ့သူအဖြစ် ရွေးချယ်လိုက်ပါတယ်။

အခုတော့ ပုလင်းတွေနဲ့ အိမ်ဆောက်ဖို့ မိတ်ဆွေတွေကို တိုက်တွန်းနေပါပြီ။ နောက်ပြီး ပုလင်းတွေမှာ ပန်းချီရေးချယ်ပြီး ပင်လယ်အောက်က ကျောက်ခက်၊ ကျောက်ပန်းလေးတွေနဲ့ ဒေသထွက် လက်ဆောင်ပစ္စည်းအဖြစ်လည်း ဖန်တီးနေပါပြီ။


ပုဂ္ဂိုလ်ရေး အတွန်းအတိုက်များအကြားက ဖြိုးဇင် (ထားဝယ်)
ဖြိုးဇင် (ထားဝယ်)
ဖြိုးဇင် (ထားဝယ်)

သတင်းသမားရှားပါးသည့် တနင်္သာရီတိုင်းအတွင်း အချိန်စောစွာ ကြွေလွင့်သွားခဲ့သည့် သတင်းထောက် ဖြိုးဇင်(ထားဝယ်) အား ၂၀၂၀ ပြည့်နှစ်အတွက် ဂုဏ်ပြုရွေးချယ်လိုက်သည်။

Eleven မီဒီယာ၏ သတင်းထောက်တစ်ဦးဖြစ်သူ ကိုဖြိုးဇင်သည် ဒေသတွင်းပြည်သူလူထု ခံစားနေရသည့် အခက်အခဲများ၊ တာဝန်ရှိ သူများ၊ ဌာနအဖွဲ့အစည်းများ၏ လစ်ဟာမှုများကို အားမနာတမ်း ဝေဖန်ထောက်ပြခဲ့သူဖြစ်သည်။

၎င်းလုပ်ကိုင်နေသည့် သတင်းစာမှတစ်ဆင့် ထောက်ပြရေးသားခဲ့သည့်အပြင် ၎င်း၏ကိုယ်ပိုင် Facebook ပေါ်မှလည်း ဝေဖန်ရေးသားခဲ့သည်။ ထိုကဲ့သို့ ထောက်ပြဝေဖန်ခဲ့သည့်အတွက် Facebook ပေါ်တွင် ပုဂ္ဂိုလ်ရေးအရ အမြဲတမ်းတိုက်ခိုက်ခံရသော်လည်း ပြည်သူ့အကျိုး အတွက် နောက်မဆုတ်တမ်း ဆက်လက်ရေးသားခဲ့သည်။

ပြည်သူ့သတင်းသိပိုင်ခွင့်အတွက် အလုပ်လုပ်ရာတွင် အမြဲတမ်း တက်ကြွနေလေ့ရှိသည့် ကိုဖြိုးဇင်မှာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်ညတွင် စောစီးစွာကြွေလွင့်သွားခဲ့ရသည်။

တနင်္သာရီတိုင်းကဲ့သို့ သတင်းသမား အရင်းအမြစ်ရှားပါးသည့် နေရာတွင် လူ့လောကအား အချိန်စောစွာစွန့်ခွာသွားသည့် ဖြိုးဇင် (ထားဝယ်) အား တနင်္သာရီ အပတ်စဉ်မှ ရွေးချယ်ဖော်ပြလိုက်သည်။ တနင်္သာရီအပတ်စဉ်သက်တမ်းတစ်လျှောက် ထူးခြား၊ ထင်ရှားသူများ နှစ်စဉ်ရွေးချယ်ရာတွင် ကိုဖြိုးဇင်မှာ ပထမဆုံး သက်ရှိထင်ရှား မရှိသူ ဖြစ်သည်။


ကိုဗစ်ထိန်းချုပ် ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ (ထားဝယ်ဒေသ)

ကိုဗစ်ကပ်ဘေးဖြစ်ပွားချိန်တွင် ထားဝယ်ဒေသအတွင်း ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းများအတွက် အထောက်အပံ့ဖြစ်စေမည့် လုပ်ငန်းများကို ဆက်တိုက် လုပ်ဆောင်နေသည်။

အဆိုပါ အဖွဲ့ကို ထားဝယ်ဒေသအခြေပြု ပရဟိအသင်းများ၊ အခြားအသင်းအဖွဲ့များ၊ လူငယ်များနှင့် အခြားစိတ်ပါဝင်စားသူများဖြင့် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ဖွဲ့စည်းထားခြင်းဖြစ်သည်။

ယင်းအဖွဲ့က ကိုဗစ်ကပ်ဘေးနှင့် ပတ်သက်၍ ကွာရန်တင်း စင်တာတွင် နေထိုင်ရသူများကို ထမင်းကျွေးမွေးခြင်းအပါအဝင် အခြားလိုအပ်ချက်များအား ပံ့ပိုးခြင်း၊ နှာခေါင်းစည်းဈေးသက်သက်သာ သာဖြင့် ရောင်းချပေးခြင်း၊ ဆေးရုံလိုအပ်ချက်များ ပံ့ပိုးပေးခြင်း အစရှိသည့် လိုအပ်ချက်များကို ထောက်ပံ့ပေးနေသည်။

ထို့အပြင် ကိုဗစ်ကပ်ဘေးကြောင့် ရန်ကုန်တိုင်းအတွင်း ပိတ်မိနေသည့် ဒေသခံများအား ပြန်လည်ခေါ်ယူရန် စွမ်းဆောင်ခဲ့သည်။

ကိုဗစ်ကပ်ဘေးပထမလှိုင်းဖြစ်ပွားချိန်က ထားဝယ်ဒေသတွင် နှာခေါင်းစည်းဈေးနှုန်း အဆမတန်မြင့်တက်နေချိန်တွင် အဆိုပါအဖွဲ့က ဈေးသက်သက်သာသာဖြင့်ရောင်းချပေးခဲ့သည့်အတွက် နှာခေါင်းစည်း ဈေးမြင့်တက်မှုကို ထိန်းချုပ်နိုင်ခဲ့သည်။

ထိုကြောင့် ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်သူ့အကျိုးအတွက် စွမ်းဆောင်ခဲ့သည့်အတွက် ကိုဗစ်ထိန်းချုပ် ကာကွယ်ရေး လူထုအခြေပြု အထောက်အကူပြုအဖွဲ့ (ထားဝယ်ဒေသ)ကို ထူးခြားစွာစွမ်းဆောင် နိုင်သော အဖွဲ့အဖြစ် တနင်္သာရီအပတ်စဉ်မှ ရွေးချယ်အပ်သည်။


မြိတ်ကိုဗစ်အရေး ရှေ့တန်းရောက် အရပ်ဘက်အဖွဲ့များ

ကိုဗစ်ကို အစိုးရအား သက်သက်မျှဖြင့် မနိုင်သောအခါ အရပ်ဘက် အဖွဲ့များ ပေါ်လာသည်။ ယင်းတို့အနက် မြိတ်ခရိုင် ကိုဗစ်ကာကွယ် ထိန်းချုပ်ရေးအတွက် မြိတ်ခရိုင် ကိုဗစ်ကာကွယ်ရေး အရပ်ဘက်ပူးပေါင်း ကော်မတီသည် လည်း ရှေ့တန်းမှ ပါဝင်သည်။

ယင်းကော်မတီသည် အခမဲ့ ဖျားနာဆေးကုသခန်းအား ဖွင့်လှစ်ခြင်း၊ ကွာရန်တင်းစင်တာများ၊ အသွားအလာ ကန့်သတ်ခံထားရသူများအတွက် လိုအပ်သည့် အလှူငွေများနှင့် စားနပ်ရိက္ခာများ ကူညီထောက်ပံ့ခြင်း၊ တိုင်းအစိုးရ အဖွဲ့၏ စီစဉ်မှုဖြင့် ရန်ကုန်မြို့တွင် ပိတ်မိနေသည့် မြိတ်ခရိုင်အတွင်းနေထိုင်သူတို့အားပြန်ခေါ်ခြင်း၊ လူနာများ သယ်ယူ ပို့ဆောင်ပေးခြင်း စသည့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး မြေပြင်တွင် လိုအပ်သမျှ ကိစ္စ အဝ၀ကူညီခဲ့ကြသည်။

မြိတ်ခရိုင် Covid-19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီတွင် အရပ်ဘက်အဖွဲ့အစည်းပေါင်း ရှစ်ဆယ်ကျော် ပါဝင်ပြီး ပုဂ္ဂလိက အထက်တန်းကျောင်းတည်ထောင်သူ ဆရာမကြီး ဒေါ်တင်တင်ထွေးက ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်သည်။

မြေပြင်အဖွဲ့ဝင်များမှာ မြိတ်မြို့တွင် ကိုဗစ်လူနာ စတွေ့ချိန်မှစ၍ အိမ်မပြန်ဘဲ သီးခြားနေထိုင် လုပ်ကိုင် လျက်ရှိသည်။

ထိုကြောင့် အစိုးရ၏ လိုအပ်ချက် ကွက်လပ်ကို ဖြည့်ကာ ကိုဗစ်အရေး စေတနာ့ဝန်ထမ်း ဆောင်ရွက်လျက်ရှိသော မြိတ်ခရိုင် Covid-19 ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီကို ၂၀၂၀ ပြည့် နှစ်တွင် ထူးခြားထင်ရှားစွာ စွမ်းဆောင် နိုင်သော အဖွဲ့အဖြစ် ရွေးချယ်လိုက်ရပါသည်။


၀မ်းလယ်စီးသူများ

မြန်မာနိုင်ငံသည် ပြည်ထောင်စုစနစ် ကျင့်သုံးသည်ဟုဆိုသော်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ဗဟိုအစိုးရမှ အာဏာ လုပ်ပိုင်ခွင့် အများအပြားရယူထားသည်။ တိုင်းဒေသကြီး နှင့် ပြည်နယ် အစိုးရများ ဗဟိုလောင်းရိပ်မှ ကင်းလွတ်စွာ ခြေစွမ်းပြနိုင်သော တစ်ခုတည်းသော လုပ်ငန်းမှာ စည်ပင်သာယာရေး လုပ်ငန်းဖြစ်သည်။

သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင် လွတ်လပ်စွာ ဥပဒေပြု၍ အလုံးစုံ လုပ်ကိုင်နိုင်သော လုပ်ငန်းလည်း ဖြစ်သည်။

တနင်္သာရီတိုင်းဒေသကြီးတွင်လည်း တိုင်းဒေသကြီး စည်ပင်သာယာရေး ဥပဒေကို ၂၀၁၇ ခုနှစ်တွင် ပြဌာန်းခဲ့သည်။ ဥပဒေအရ လုပ်ကိုင်ခွင့်ရှိသော လုပ်ငန်း ၄၇ ခုရှိသည်။ အရေးကြီးသော လုပ်ငန်းအချို့မှာ မြို့ပြ စီမံကိန်းများ ရေဆွဲခြင်း၊ ရေပေးရေးလုပ်ငန်း၊ စည်ပင်နယ်နိမိတ်ပြင်ပရှိ ကျေးလက်ဒေသ နယ်မြေပိုင်းခြား သတ်မှတ်ခြင်း၊ အပန်းဖြေနေရာများ တည်ထောင်ထိန်းသိမ်းခြင်း၊ မြို့သန့်ရှင်း သာယာရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း တို့ဖြစ်သည်။

စည်ပင်သာယာရေး ဥပဒေအရ မြို့နယ် စည်ပင်ကော်မတီဥက္ကဋ္ဌများအဖြစ် ပြင်ပအရပ်ဘက်ပုဂ္ဂိုလ်များကို ရွေးချယ်တင်မြှောက်ခဲ့သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် မြို့နယ် ၁၀ မြို့နယ် ရှိသဖြင့် မြို့နယ် စည်ပင် ဥက္ကဋ္ဌ ၁၀ ဦး ရှိသည်။ အထက်ဖော်ပြပါလုပ်ငန်းများကိုသာ ထိထိရောက်ရောက် ခြေစွမ်းပြပါက တိုင်းသူ၊ တိုင်းသားများ သိသာစွာ အကျိုးခံစားခွင့်ရမည်မှာ မလွဲပေ။

သို့သော် မြို့ပြနှင့် ကျေးလက်နေရာ အသီးသီးတွင် ထင်သလို မြေကွက်ရိုက် ရောင်းချနေခြင်း၊ တနင်္သာရီတိုင်းဒေသကြီးမှာ နွေရာသီတွင် မိုးများရေရှားဒေသအဖြစ် တဖြည်းဖြည်း ပြောင်းလဲလာခြင်း၊ မြို့ပြနှင့် ကျေးလက် မြေများကို ကောင်းမွန်ထိရောက်စွာ စီမံခန့်ခွဲပြီး ရေကောင်းရေသန့်ရရှိရေး မဆောင်ရွက်နိုင်ခြင်း၊ မြေသယ်ယာဉ်များ ထင်သလိုသွားလာနေပြီး ဖုန်တထောင်းထောင်းထကျန်ကာ မြေသားများလမ်းပေါ် ကျနေခြင်း၊ စည်ပင်သာယာမြို့ပြ နယ်နိမိတ်နေရာအချို့အတွင်း တားမြစ်ထားသည် ဆိုသော ထော်လာဂျီများ ပေါ်ပေါ်တင်တင်သွားလာပြီး အသံနှင့် လေထုညစ်ညမ်းမှုကို ဆိုးရွားစွာ ဖြစ်ပေါ် နေစေခြင်း၊ မြို့ပြ အပါအဝင် ကျေးလက်နေ ပြည်သူများအတွက် လွယ်ကူစွာ လက်လှမ်းမီ အပန်းဖြေနိုင် သော အများပြည်သူ ဆိုင်ရာနေရာများ ရှားပါးလာခြင်း၊ မမှန်ကန်သော အလေးချိန်တင်းတောင်းများကို အရေးမယူနိုင်ခြင်း စသည့် ဖြစ်ရပ်များက စည်ပင်သာယာရေး ကော်မတီများ၊ ကော်မတီ ဥက္ကဋ္ဌများ၏ အားနည်းချက်၊ အားထုတ်စီမံခန့်ခွဲမှု မရှိခြင်းတို့ကို ပေါ်လွင်စေသည်။

ကောင်းမွန်ထိရောက်သော လုပ်ဆောင်ချက်အချို့ကို ခရိုင်မြို့ကြီးနှစ်ခုဖြစ်သော ကော့သောင်းနှင့် မြိတ်မြို့ မှ စည်ပင်ကော်မတီ ဥက္ကဋ္ဌ နှစ်ဦး၏ စီမံမှုများတွင် တွေ့နိုင်သော်လည်း အခြားမြို့နယ်ရှစ်ခုမှ ကော်မတီ ဥက္ကဋ္ဌများမှာ ထင်ရှားပေါ်လွင်မှု မရှိသလောက် ဖြစ်သည်။

ယင်းတို့အတွက် အထူးတာဝန်ရှိသူမှာ တနင်္သာရီ တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးဖြစ်သည်။ ဝန်ကြီး၏ ကြီးကြပ်မှု၊ စီမံမှု အပေါ် မူတည်၍ စည်ပင် ကော်မတီများနှင့် ကော်မတီ ဥက္ကဋ္ဌများ၏ လုပ်အား၊ စွမ်းဆောင်ရည် တက်လာ၊ ရှိလာနိုင်သည်။ သို့သော် စည်ပင်ဝန်ကြီး အနေနှင့် ထိရောက်သော တွန်းအားပေး လုပ်ဆောင်မှု စိုးစဉ်မျှ မတွေ့ရသလောက်ဖြစ်သည်။

ယင်းကြောင့် ပြည်သူများမှာ စည်ပင်သာယာရေး ဝန်ဆောင်မှုများကို မခံစားရသည့် အပြင် ရေရှားပါး ခြင်း၊ လေထုညစ်ညမ်းလာခြင်း၊ လွတ်လပ်လုံခြုံစွာ လွယ်ကူစွာ အနားယူ အပန်းဖြေသည့် နေရာရှားလာခြင်း၊ ထင်သလို မြေကွက် ရိုက်ရောင်းချမှုများကြောင့် နောင်တွင် ပြည်သူများ၏ လူမှုဘဝကို ဆိုးရွားစွာ ထိခိုက် လာနိုင်ခြင်းတို့ ကြုံနေရသည်။

ထိုကြောင့် ဗဟိုချုပ်ကိုင်မှုမှ လွတ်ကင်း၍ လွတ်လပ်စွာ အစွမ်းပြ စီမံနိုင်သော်လည်း၊ ပြည်ထောင်စု အစိုးရကြောင့်ဟု ဆင်ခြေမပေးဘဲ လောင်းရိပ်ကင်းစွာ စီမံနိုင်သော်လည်း စီမံနိုင်ခြင်းမရှိသည့် စည်ပင်သာယာရေး ဝန်ကြီးအပါအဝင် တနင်္သာရီတိုင်းအတွင်းမှ မြို့နယ်စည်ပင်ကော်မတီအများစု၏ စွမ်းဆောင်ရည်၊ နိုင်ငံရေး စိတ်စေတနာ တို့ကို များစွာ မေးခွန်းထုတ်လိုပါသည်။

ထိုနည်းတူ စည်ပင်ဥပဒေထွက်ရှိပြီး ၃ နှစ်ကြာသည့်တိုင် လုပ်ကိုင်ဆောင်ရွက်အပ်သည့် စည်ပင် သာယာရေး လုပ်ငန်းများကို မဆောင်ရွက် လုနီးနီးပင် ဖြစ်နေသော တိုင်းဒေသကြီး စည်ပင်သာယာရေး ဝန်ကြီးနှင့် မြို့နယ်စည်ပင်ကော်မတီ ဥက္ကဋ္ဌ အများစုကို ၂၀၂၀ ပြည့်နှစ်အတွက် ဝမ်းလယ်စီးသူများအဖြစ် တနင်္သာရီအပတ်စဉ်က မှတ်တမ်းတင်လိုက်ပါသည်။


အဖြစ်အပျက်များ

၂၀၂၀ ပြည့်နှစ်တွင် ရိုက်ခတ်မှုပြင်းထန်သော အဖြစ်အပျက်နှစ်ရပ်ကို မှတ်တမ်းတင်ဖော်ပြလိုပါသည်။ တစ်ခုမှာ တနင်္သာရီဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် အနှစ် ၃၀ ချမှတ်ခံရခြင်း ဖြစ်ပြီး အခြားတစ်ခုမှာ ရန်ကုန်မှ နေရပ်သို့ စက်ဘီးစီးပြန်သူဖြစ်သည်။ ဒေါက်တာလဲ့လဲ့မော်အမှုမှာ အစိုးရ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအတွက် အရေးပါသော ဖြစ်ရပ်တစ်ခုဖြစ်ပြီး အဂတိကြောင့် ဖမ်းဆီးအရေးယူခံသူများအနက် အမြင့်ဆုံးနိုင်ငံရေးရာထူးရှိသူဖြစ်သည်။ နေရပ်သို့ စက်ဘီးစီး အိမ်ပြန်သူကြောင့် ရန်ကုန်တွင် အခက်အခဲ အမျိုးမျိုးဖြင့် ပိတ်မိနေသော နယ်ဒေသအသီးသီးမှ သူများအရေးကို အစိုးရက ဂရုပြုမိသွားပြီး နေရပ်ပြန်ခေါ်ရန် အစီအစဉ်များ စတင်ဖြစ်ပေါ်လာစေသည်။

၀န်ကြီးချုပ် နှစ်ရှည်ထောင်ချခံရ

မြန်မာနိုင်ငံသမိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်တစ်ဦးအား ပထမဆုံးအဖြစ် နှစ်ရှည်ထောင်ဒဏ်ချ မှတ်ခံရသည့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်အမှုမှာ ၂၀၂၀ ပြည့်နှစ်၏ ထူးခြားဖြစ်စဉ် ဖြစ်ခဲ့သည်။

အဂတိလိုက်စားကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ဒေါက်တာလဲ့လဲ့မော်ကို ၂၀၂၀ ပြည့်နှစ် မေလ ၂၂ ရက်နေ့က ထောင်ဒဏ်နှစ် ၃၀ ချမှတ်ခဲ့သည်။ သူမကို အမှု ၄ မှုအတွက် ထောင် ဒဏ်နှစ်ရှည်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အဂတိလိုက်စားကြောင်း တိုင်ကြားမှုများရှိသည့်အတွက် ၂၀၁၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ကော့သောင်းခရိုင်အတွင်း ဖမ်းဆီးခဲ့သည်။ ထိုကြောင့် တစ်နှစ်ကျော်ကြာ စစ်ဆေးပြီးနောက် ထိုသို့ အမိန့်ချ ခဲ့ခြင်းဖြစ်သည်။ ၎င်းနှင့်အတူ GGS ကုမ္ပဏီ တာဝန်ရှိသူ ၃ ဦးကိုလည်း ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။


ရန်ကုန်ကိုဗစ်မွန်းကျပ်မှု၏ ပြယုဂ်

ကိုဗစ်ကပ်ဘေးအကြား ရန်ကုန်၏ မွန်းကြပ်မှုကို အများသိ ပြလိုက်သူမှာ တနင်္သာရီတိုင်းဒေသကြီးမှ ကရင် တိုင်းရင်းသား စောလားဘွယ်ထူး ဖြစ်သည်။

ကိုဗစ်ကပ်ဘေးကြောင့် အလုပ်လည်းပြုတ်၊ ခရီးသွား ခွင့်လည်း ပိတ်ထားသဖြင့် နယ်လည်း ပြန်မရ၊ ဆက်နေ၍ လည်း မဖြစ်နိုင်၊ နောက်ဆုံး စောလားဘွယ်ထူး မိုင် ၆၀ဝ ကျော် ခရီးကို စက်ဘီးစီးပြန်ရန် ဆုံးဖြတ်လိုက်သည်။

အိမ်ပြန်ရန် ကျပ်လေးသောင်းဖြင့် ဝယ်ထားသော စက်ဘီးတစ်စီး၊ ငွေတစ်သိန်း၊ အဝတ်တစ်ထုတ်၊ ဓာတ်မီးတစ်လုံး၊ GPS ဖွင့်ထားသည့် ဖုန်းတစ်လုံးဖြင့် ရန်ကုန်မှ ထွက် လာခဲ့သည်။ ငါးရက်တာ ခရီးနှင်ပြီး မော်လမြိုင်မြို့ ရောက်ချိန်တွင် ပရဟိတအဖွဲ့များဖြင့် ချိတ်မိသွားပြီး မော်တော်ယာဉ်ဖြင့် သူ့ဇာတိ ကျွန်းစုမြို့နယ်သို့ ပို့ပေးလိုက် သည်။

သူ့အကြောင်းကို Dawei Watch ရုပ်သံမှ တင်ဆက်ပြီးနောက် လူအများအာရုံစိုက်သော ဖြစ်ရပ်ဖြစ်သွားခဲ့သည်။ ယင်းကြောင့်ပင် ရန်ကုန်တွင် ပိတ်မိနေသော တနင်္သာရီ တိုင်းသားများကို အစိုးရ အစီအစဉ်ဖြင့် ပြန်ခေါ်ရေး တွန်းအားတစ်ရပ် ဖြစ်စေခဲ့သည်။