ဒေါ်လာသန်းချီသုံး တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာအတွင်း တရားမဝင် ရွှေတူးမြေ ဧက ရာချီ

0
822
ကြိုးဝိုင်းအတွင်းမှ ရွှေတူးလုပ်ကွက်တစ်နေရာ ဓာတ်ပုံ - TNRP

Dawei Watch နှင့် ဒက္ခိဏ သတင်းဌာနတို့ ပူးပေါင်း စုံစမ်းရေးသားသည်။

စုစုပေါင်း အမေရိကန်ဒေါ်လာ စုစုပေါင်း ၆ သန်း အသုံးပြု၍ ထိန်းသိမ်းရေး နယ်မြေအဖြစ် ထူထောင်ထားသော တနင်္သာရီ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း စုစုပေါင်း ဧက ၂၀ဝ ခန့်ရှိ တရားမဝင် ရွှေတူးဖော်မှုများကို ကာကွယ်ရန် အခက်အခဲများစွာ ရှိကြောင်း နယ်မြေထိန်းသိမ်းရေး တာဝန်ရှိသူတို့က ပြောဆိုလိုက်သည်။

တနင်္သာရီတိုင်းတွင် စင်ကာပူနိုင်ငံဧရိယာ၏ နှစ်ဆကျော် သည့် မြေအကျယ်အဝန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။

စင်ကာပူနိုင်ငံ၏ ဧရိယာမှာ ဧကအားဖြင့် တစ်သိန်းရှစ်သောင်း ခန့်ရှိပြီး တနင်္သာရီ သဘာဝကြိုးဝိုင်း၏ အကျယ်မှာ ၄၂၀ဝ၇၇ ဧက ရှိသည်။ အပူပိုင်းမုတ်သုံသစ်တောကြီးများ နှင့် ရှားပါးတောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်မျိုးစိတ်များအား ကာကွယ် ထိန်းသိမ်းရန် ရည်မှန်းချက်ဖြင့် တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းကို ၂၀ဝ၅ ခုနှစ်မှ အကောင်အထည်ဖော် လျက်ရှိသည်။

စီမံကိန်း အောင်မြင်စွာ အကောင် အထည်ဖော်ရန် အတွက် ၂၀ဝ၅ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း (၁၆ နှစ်တာ ကာလအတွင်း) အမေရိကန် ဒေါ်လာ စုစုပေါင်း ၆ သန်း အသုံးပြုလျက်ရှိ ကြောင်း သက်ဆိုင်ရာ သစ်တော ကြိုးဝိုင်း စီမံကိန်း အချက်အလက်များအရ သိရ သည်။

ယင်းစီမံကိန်းအတွက် ထောက်ပံ့ သော ကုမ္ပဏီများမှာ ထိုင်းနိုင်ငံသို့ ရောင်းချနေသော ကံပေါက်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့် ဆက်စပ် ကုမ္ပဏီများ ဖြစ်သော မုတ္တမဓာတ်ငွေ့ပို့ဆောင်ရေးကုမ္ပဏီ(MGTC) ၊ တနင်္သာရီ ပိုက်လိုင်းကုမ္ပဏီ(TPC)၊ အက်ဒမန် ပို့ဆောင်ရေးလီမိတက် (ATL) တို့ဖြစ် သည်။

ပထမလေးနှစ် စီမံကိန်းကာလနှင့် ဒုတိယလေးနှစ်စီမံကိန်း ကာလတွင် ကုမ္ပဏီနှစ်ခုက တစ်နှစ်လျှင် အမေရိကန် ဒေါ်လာ သုံးသိန်း ထောက်ပံ့ခဲ့သည်။ တတိယလေးနှစ် စီမံကိန်း ကာလနှင့် ဒုတိယလေးနှစ် စီမံကိန်းကာလတို့တွင် မူ ကုမ္ပဏီ သုံးခုက တစ်နှစ်လျှင် အမေရိ ကန်ဒေါ်လာ လေးသိန်းခွဲ ထောက်ပံ့ခဲ့ သည်။စီမံကိန်းစတင်ချိန်မှ လက်ရှိ အချိန်ထိ အထက်ပါ ကုမ္ပဏီ သုံးခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ သန်း ကို ရန်ပုံငွေအဖြစ် ထောက်ပံ့ထားသည်။

သို့သော် ယင်းစီမံကိန်းဧရိယာ အတွင်း တရားမဝင်ရွှေတူးဖော်မှုများနှင့် သစ်ခိုးထုတ်မှုများရှိနေသည်။

ထားဝယ်မြစ်အတွင်းသို့ စီးဝင် သည့် ချောင်းဖျားတစ်နေရာတွင် ရွှေကို စက်ယန္တရားကြီးများဖြင့် တရားမဝင် တူးဖော်ထုတ်လုပ်လျက်ရှိသည်။ ကလိန်အောင်မြို့၏ အရှေ့ဘက် တစ်နေရာဖြစ်သည့် ဇင်းဘာချောင်းတစ် လျှောက်တွင် တူးဖော်နေကြခြင်းဖြစ် သည်။ ၂၀၁၉ ခုနှစ် မတိုင်မီက ယင်းချောင်း တွင် ရွှေဖောင်များဖြင့် အသေးစားတူးဖော်ထုတ်လုပ်မှုများသာရှိသော်လည်း ၂၀၁၉ နှစ်ဆန်းပိုင်းမှစ၍ စက်ယန္တရား ကြီးများဖြင့် တူးဖော်ထုတ်လုပ်လာကြသည်။

လက်ရှိတွင် ဇင်းဘာချောင်းတစ် လျှောက် အနည်းဆုံး နေရာ လေးနေရာ တွင် တူးဖော်လျက်ရှိသည်။ ယင်းလေး နေရာစလုံးသည် ဇင်းဘာချောင်းတစ် လျှောက် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ထိန်းသိမ်းရေး လမ်းတစ်လျှောက်တွင် တည်ရှိပြီး တရားမဝင်ရွှေတူး လုပ်ကွက် ဧရိယာ တစ်ခုစီသည် ၂၈၊ ၃၈၊ ၇၆ နှင့် ၅၀ ဧက အသီးသီးရှိကြောင်း တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်း တာဝန်ရှိသူ များက သတင်းမီဒီယာသို့ ထုတ်ပြန် ပေးအပ်သော အချက်အလက်များ အရ သိရသည်။

စက်ယန္တရားအင်အား သုံးဆယ် ခန့်နှင့် အလုပ်သမားအင်အား ရာချီဖြင့် ရွှေကို တရားမဝင်တူးဖော်နေကြကြောင်း ယင်းရွှေလုပ်ကွက်အတွင်းသို့ သွားလာဖူးသည့် ကလိန်အောင် ဒေသခံအချို့က ပြောသည်။ ကလိန်အောင်မြို့မှာ ရေး-ထားဝယ်ကားလမ်းပေါ်ရှိ မြို့တစ်မြို့ ဖြစ်ပြီး ထားဝယ်မြို့မှာ ၄၆ မိုင် ကွာဝေး သည်။ “တကယ့် တရားဝင်လုပ်ငန်းလိုပဲ လုပ်နေကြတယ်” ဟု တရားမဝင်ရွှေ လုပ်ကွက်များသို့ ရောက်ဖူးသည့် ကလိန်အောင်မြို့ခံ တစ်ဦးက ပြောသည်။

ယင်းသို့သော ဇင်းဘာချောင်း အတွင်း တရားမဝင်ရွှေတူးဖော်ထုတ်လုပ်မှုကြောင့် ဒေသခံများ သောက်သုံး ရေအတွက် မှီခိုနေရသည့် ကလိန်အောင် ချောင်းရေနောက်ခဲ့ဖူးသည့် ဖြစ်စဉ်များ လည်း ရှိခဲ့သည်။

လက်ရှိတွင် ရေမနောက်တော့ သော်လည်း ချောင်းရေကို မသုံးရဲကြ တော့ဟု ဒေသခံများက ဆိုသည်။တရားမဝင်ရွှေလုပ်ကွက်များသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ၏ လှုပ်ရှားရာနယ်မြေ အတွင်း ကျရောက်နေသည့်အပြင် ထိုင်း နိုင်ငံသို့ သွယ်တန်းထားသည့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းများ နီးကပ်လျက် ရှိသည်။

တပ်မတော် အပါအဝင် သက်ဆိုင် ရာ ဌာနဆိုင်ရာ အဖွဲ့စုံဖြင့် ယင်းနေရာ သို့ သုံးကြိမ် သွားရောက် စစ်ဆေးပြီး ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ပြောသည်။

အချို့ အကြိမ်များတွင် မြေတူးစက်၊ မြေကော်စက်၊ ရေစုပ်စက်ကဲ့သို့သော ပစ္စည်းများကို ပိုင်ရှင်မဲ့ ဖမ်းဆီးရမိလေ့ ရှိကြောင်း ဗိုလ်မှူးကြီး ကျော်ဇေယျက ဆိုသည်။

“ကျွန်တော်တို့သွားကြည့်တဲ့အချိန် ကပဲ ကြိုပြီးဟိုဟာဖြစ်လို့လားတော့ မသိဘူး။ တစ်ယောက်မှ တောင်မရှိ တော့ဘူး”ဟု ၎င်းက ဆိုသည်။

မူလက လက်လုပ်လက်စားများ ရွှေတူးဖော်ကြသော်လည်း နောက်ပိုင်း တွင် ယန္တရားများဖြင့် အကြီးစား ထုတ်လုပ်လာကြခြင်း ဖြစ်ကြောင်း မြိတ်-ထားဝယ် ခရိုင် KNU တပ်မဟာ (၄) ဆက်ဆံရုံး တာဝန်ခံ ဖဒိုဝင်းခိုင်က ပြောကြားသည်။ သို့သော် ကရင်အမျိုးသား အစည်းအရုံး အနေနှင့် နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်၍ ယင်းရွှေတူးလုပ်ငန်း များကို ပိတ်လိုက်ပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုတော့ လောလောဆယ်က တော့ အခြေအနေကတော့ ကျွန်တော်တို့ ပိတ်တယ်။ တပ်လည်းဝင်တယ်။ နောက် ပြီးတော့ နေရာတွေသွားရှင်းလင်းတယ်။ ဌာနဆိုင်ရာတွေလည်းအကုန်လုံးသွား ကြတယ်။ အဲဒါကတော့ လောလောဆယ် ကတော့ နောက်ဆက်တွဲကတော့ ဘာဖြစ် လာဦးမလဲဆိုတာ မပြောတတ်သေးဘူး ပေါ့နော်။

(သူတို့ဝင်လုပ်နေတာ) သိတာ ကတော့ တစ်တိုင်းလုံးသိတယ်။ TNRP လည်းသိတယ်။ အစိုးရဌာနဆိုင်ရာ အကုန်လုံးသိတယ်၊ KNUလည်းသိ တယ်”ဟု ဖဒိုဝင်းခိုင်က ဆိုသည်။

ရွှေတူးနေသော လုပ်ငန်းရှင် ၁၀ ဦး မှ ၂၀ ဦး အကြားရှိပြီး တစ်ဦးလျှင် ပျမ်းမျှ မြေတူးမြေကော်စက် နှစ်စီးစီပိုင်ဆိုင်ကြ ကြောင်း၊ ယင်းလုပ်ငန်းရှင်များမှာ ဒေသခံများမဟုတ်ဘဲ မြန်မာနိုင်ငံ အထက်ပိုင်းမှ လာရောက်လုပ်ကိုင်သူ များ ဖြစ်ကြောင်း ဒေသခံများ ထံမှ စုံစမ်း သိရှိရသည်။ ယင်းတို့မှာ နားလည်မှုနှင့် လုပ်ကိုင် နေခြင်းဖြစ်ကြောင်း ဖဒိုဝင်းခိုင်က ဆိုသည်။

“အခုကပြောရမယ်ရင်တော့ဗျာ နားလည်မှုနဲ့သူများလုပ်နေကြတာပဲ။ ကျွန်တော်က ကြားကနေ ဘာမှမရှုပ် ဘူး။ ဒါပေမယ့် ရှုပ်လာပြီဆိုတော့ အခု ကတော့ ပိတ်လိုက်ပြီ။ ပိတ်လိုက်ပြီဆို တော့ တစ်ပိုင်းတော့ ရှင်းသွားတော့မယ် ။ နောက်ဆက်တွဲ ဘာတွေဆက်လာဦး မယ်ဆိုတာတော့ မပြောတတ်သေးဘူး ပေါ့”ဟု ၎င်းက ဆိုသည်။

ရွှေတွင်းများကို နိုဝင်ဘာ ၁၅ ရက်နေ့ ခန့်ကတည်းက ရပ်နားထား ကြောင်း ဖဒိုဝင်းခိုင်က ဆိုသော်လည်း မြောက်ပိုင်းရှိ ရွှေမိုင်းအချို့မှာ ဆက်လက် လည်ပတ်ဆဲ ဖြစ်ကြောင်း ရွှေတွင်းများ နှင့် လုပ်ငန်းဆက်စပ်လုပ်ဆောင်နေ သော ဒေသခံတစ်ဦးက ဒီဇင်ဘာ ၄ ရက် နေ့က ပြောကြားသည်။

စီမံကိန်း တာဝန်ရှိသူတို့ အနေနှင့် မူ ကြိုးဝိုင်း ဧရိယာသည် မွန်ပြည်သစ် နှင့် ကရင် အမျိုးသားအစည်းအရုံး နယ်မြေတို့ အတွင်းကျရောက်နေသဖြင့် စီမံ အုပ်ချုပ်ရာတွင် အခက်အခဲများစွာ ရှိကြောင်း တနင်္သာရီသဘာဝ ကြိုးဝိုင်း စီမံကိန်း (TNRP) ဥယျာဉ် အုပ်ချုပ်ရေး မှူး ဦးအောင်သူရက ပြောကြားသည်။

ယင်းအပြင် တပ်မတော်စစ်ကြောင်း ၏ အကူအညီကိုလည်း အမြဲတမ်း ရရှိရန် ခက်ခဲကြောင်း ၎င်းက ဆိုသည်။

ထိုကြောင့် သက်ဆိုင်ရာ အစိုးရ အဖွဲ့ အပါအဝင် တာဝန်ရှိ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလက်နက်ကိုင်များအပါအဝင် လုံခြုံရေး အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မှသာ ထိုသို့သော တရား မဝင်ရွှေတူးဖော်မှုများကို ကြပ်မတ်နိုင်မည်ဖြစ်ကြောင်း ဦးအောင်သူရက ဆိုသည်။

“ကျွန်တော်တို့အားနဲ့မနိုင်တော့ဘူး” ဟု ၎င်းကဆိုသည်။

Dawei Watch/ Dakkhina Insight

ဆက်စပ်သတင်းများ

“ကျွန်တော်တို့အားနဲ့ မနိုင်တော့ဘူး”

“တချို့အလုပ်သမားတွေက တောင်းပန်နေတာရှိတယ် … ကျွန်တော်တို့ကတော့ သိပ်ပြီးတော့ ရှုပ်ရှုပ်ယှက်ယှက်မလိုချင်ဘူး”