“တချို့အလုပ်သမားတွေက တောင်းပန်နေတာရှိတယ် … ကျွန်တော်တို့ကတော့ သိပ်ပြီးတော့ ရှုပ်ရှုပ်ယှက်ယှက်မလိုချင်ဘူး”

0
487
ဓာတ်ပုံ - Ploh Soe Fb

ဖဒိုဝင်းခိုင်( KNU မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ)

တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာအတွင်း စက်ယန္တရားကြီးများဖြင့် တရားမဝင်ရွှေတူးဖော်မှုများ ရှိနေသည်။ ယင်းသို့ တရားမဝင်ရွှေတူးဖော်နေသည့်နေရာသည် တပ်မဟာ ၄ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်၏ လှုပ်ရှားရာနယ်မြေလည်းဖြစ်သည်။ ထို့ကြောင့် တပ်မဟာ ၄ ကရင် အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုဝင်းခိုင်ကို Dawei Watch နှင့် ဒက္ခိဏ သတင်းဌာနတို့က သွားရောက်တွေ့ဆုံမေးမြန်းမှုမှ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။

မေး- KNUရဲ့ လှုပ်ရှားရာနယ်မြေထဲ မှာပါတဲ့ ဇင်းဘာချောင်းမှာ တရားမဝင်ရွှေလုပ်ငန်း တွေရှိနေတယ်။ ဒီဟာနဲ့ပတ်သက်ပြီး KNU ဘက်က ဘာတွေလုပ်ဆောင်နေတာရှိလဲ။

ဖြေ- ပထမ သိတာက လူထုတွေလက်လုပ် လက်စားတွေလုပ်လာတာ။ နောက်ပိုင်းမှာ ယန္တရား တွေဘာတွေနဲ့လုပ်လာကြတယ်။ လောလောဆယ်က တော့ အကုန်လုံးပိတ်လိုက်ပြီ။ ပိတ်လိုက်တာက နိုဝင်ဘာလ ၁၅ ရက်က စပြီးတော့ပိတ်လိုက်တာ။ အခြေအနေကတော့ တပ်လည်းဝင်တယ်။ နေရာတွေ သွားရှင်းလင်းတယ်။ ဌာနဆိုင်ရာတွေလည်း အကုန် လုံးသွားကြတယ်။ နောက်ဆက်တွဲက ဘာဆက်လာ ဦးမလဲ မပြောတတ်ဘူး။

မေး- အခုလိုတရားမဝင်လုပ်နေတဲ့နေရာက TNRP ဧရိယာထဲမှာလည်းဖြစ်သလို KNU ရဲ့ လှုပ်ရှားရာနယ်မြေထဲမှာလည်း ဖြစ်တယ်။ ဆိုတော့ ဒီလိုမျိုးဖြစ်နေတာကို ဆရာတို့အနေနဲ့ မသိတာလား။

ဖြေ- သိတာက တစ်တိုင်းလုံးသိတယ်။ TNRP လည်းသိတယ်။ အစိုးရဌာနအကုန်လုံးသိတယ်။ KNUလည်းသိတယ်။

မေး- KNU မှာလည်း သစ်တောနဲ့ပတ်သက်တဲ့ မူဝါဒတွေလည်းရှိတယ်ဆိုတော့ အခုလိုမျိုးထိန်းသိမ်းရေးဧရိယာထဲမှာ တရားမဝင်ရွှေတူးနေတဲ့ကိစ္စက KNU ရဲ့ မူဝါဒတွေနဲ့ ကိုက်ညီမှုရှိရဲ့လား။

ဖြေ- အခုက ပြောရမယ်ဆိုရင်တော့ဗျာ။ နားလည်မှုနဲ့ သူများလုပ်နေကြတာပါ။ ကျွန်တော်က ကြားက ဘာမှမရှုပ်ဘူး။ ရှုပ်လာပြီဆိုတော့ အခုက ပိတ်လိုက်ပြီ။ ပိတ်လိုက်ပြီဆိုတော့ တစ်ပိုင်းတော့ ရှင်းသွားပြီ။ နောက်ဆက်တွဲ ဘာတွေဆက်လာဦး မလဲတော့ မပြောတတ်ဘူးပေါ့နော်။ တချို့အလုပ် သမားတွေကတောင်းပန်နေတာရှိတယ်။ တောင်းပန် နေလည်း ကျွန်တော်တို့ကတော့ သိပ်ပြီးတော့ ရှုပ်ရှုပ်ယှက်ယှက်မလိုချင်ဘူး။

မေး- နိုဝင်ဘာလ ၁၅ ရက်မှာပိတ်တယ်ဆိုတော့ ဘာကြောင့်ပိတ်လိုက်တာလဲ။

ဖြေ- ပိတ်လိုက်တာကတော့ ရှင်းရှင်းပြောရ မယ်ဆိုရင် ဒီလုပ်ငန်းတွေက တရားလည်းမဝင်ဘူး။ တရားမဝင်တဲ့အပိုင်းက အချက်တစ်ချက်ဖြစ်တယ်။ ပြီးတော့ အောက်ခြေကလည်း ပြောရမယ်ဆိုရင် အချက်အလက်တွေတက်လာတော့ ပြဿနာတွေက များများလာမှာစိုးလို့ အဲဒါတွေကလည်း စည်းမရှိ ကမ်းမရှိဖြစ်လာမှာစိုးလို့ ပြီးတော့ အစိုးရဌာနတွေနဲ့ အကုန်လုံးထိပ်တိုက်တွေ့မှာစိုးလို့ အဲဒါတွေကြောင့် မို့ ပိတ်လိုက်တဲ့ သဘောပေါ့။ ရှင်းလိုက်တဲ့ သဘော ပေါ့။ ဒါပေမဲ့ ဒီလုပ်ငန်းတွေလာလုပ်တဲ့ လုပ်ငန်းရှင် တွေကတော့ နည်းနည်းပိုပြီး အကျိုးအမြတ်တော့ ရှိမှာပေါ့။ ကျွန်တော်တို့ဘက်ခြမ်းကတော့ သူတို့ အကူအညီပိုင်းကတော့ တောင်းတော့တောင်းတယ်။ ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ လာလုပ်တဲ့ အတွက်ကြောင့် အကူအညီပိုင်းကတော့ရတယ်။ သို့သော်ငြားလည်း များများစားစား ရတာမျိုးတော့ မရှိဘူး။ ကိုယ်ပိုင်လုပ်ငန်းတော့ မဟုတ်ဘူးဆိုတော့ ကိုယ်ပိုင်လုပ်မယ်ဆိုရင်တော့ ဒါက တစ်မျိုးပေါ့ နော်။ အဲဒီအပိုင်းမှာ ပြောရမယ်ဆိုရင် ဌာနဆိုင်ရာ တွေလည်း တချို့အပိုင်းတွေမှာလည်း သူတို့သိတဲ့ အရာတွေလည်းရှိသလိုမသိတဲ့အရာတွေလည်းရှိနိုင် တယ်။ အခုက အကုန်လုံးရှင်းသွားကြပြီဆိုတော့ သွားတွေ့ကြတာပေါ့။ အဲဒါက အခုမှမဟုတ်ပါဘူး။ ဟိုးအရင် တစ်နှစ်နှစ်နှစ်က သွားရှင်းတာ ပစ္စည်းတွေ၊ ယန္တရားတွေ ဖမ်းမိတာ ဒိုဇာတွေဖမ်းမိတာတွေ လည်းရှိတယ်လေ။

မေး- TNRP ဘက်ကတော့ ပြောတာတစ်ခုရှိ တယ်။ သူတို့ရဲ့ ထိန်းသိမ်းရေးဧရိယာထဲကို သူတို့ လုပ်ငန်းကိစ္စ သွားတဲ့အခါကျရင် လက်နက်ကိုင် တပ်ဖွဲ့တွေက ကန့်သတ်တာတွေရှိတယ်လို့ ပြော တယ်။ အဲဒါမျိုးရော တကယ်ရှိနေလား။

ဖြေ- ဒါက တချို့ကတော့ ရှိတာပေါ့နော်။ ဘာလို့လဲဆိုတော့ ရှေးပဝေသဏီကတည်းက ကျွန်တော်တို့နေခဲ့တာ။ သူတို့က လာကန့်သတ်တာ က နောက်ပိုင်းမှကန့်သတ်တာပဲလေဒါတွေက။ ကျွန်တော့်အမြင်က ပြောရမယ်ဆိုရင်ဗျာ ဒါက တိုတယ်ကုမ္ပဏီက ဒီဂက်စ်ပိုက်လိုင်းတွေလုပ်ပြီးတော့ မျက်နှာသာရဖို့အတွက် သူတို့က အဲဒီသဘာဝ ထိန်းသိမ်းပါတယ်ပုံစံမျိုးနဲ့ တစ်ဖက်လှည့်နဲ့ အစိုးရသစ်တောနဲ့ပေါင်းပြီး သစ်တောထိန်းသိမ်းတဲ့ပုံ စံမျိုးပဲ။ ဒါပေမဲ့ သစ်တောထိန်းသိမ်းတဲ့ပုံစံမျိုးကတော့ သူတို့ပြန်ပြီးတော့ စည်းတွေပြန်လုပ်တာပေါ့ ဟိုးအင်္ဂလိပ်ခေတ်ကတည်းက။ အဲဒါကြောင့် မြေးခံဘော်ဘက်မှာ တော်တော်လေးပြဿနာရှိ တယ်။ ဆိတ်ဖြုံးမှာဆိုရင် ဆိတ်ဖြုံးချောင်းနဲ့ ဟိုဘက်ခြမ်းက အကုန်လုံးကို သတ်မှတ်တာ။ ဒါပေမဲ့ အဲဒီထဲမှာ လူတွေအများကြီးရှိတယ်။ ရွာတွေတောင် ရှိသေးတယ်။ အဲဒါကြောင့်မို့လို့ သူတို့က သူတို့ အစီအစဉ်နဲ့ လုပ်တာလေ။ ညှိနှိုင်းဆွေးနွေးမှုတွေ ဘာမှမရှိဘူး။ ကျွန်တော်တို့ကတော့ သစ်တောထိန်း သိမ်းတယ်ဆိုတာကတော့ ကောင်းပါတယ်။ ကျွန်တော်တို့က လက်ခံပါတယ်။ သို့သော်ငြားလည်း အထူး သဖြင့်ပေါ့ ဒီလူထုက နည်းလာတာမဟုတ်ဘူး။ အင်္ဂလိပ်ခေတ် အင်္ဂလိပ်ပြန်တာက နှစ်ဘယ်နှစ်ဆယ် ရာဂဏန်းတောင်နီးနေပြီလေ။ ဒီပုံစံမျိုးနဲ့သွား ပြန်လုပ်တော့ အခက်အခဲတွေက အများကြီးရှိပါ တယ်။ အဲဒါက မကောင်းဘူး။ အခုက ပြင်ပကာ ကွယ်တောတွေပါ ထပ်လုပ်တော့ လူတွေက အကုန် လုံးပြန်ပါသွားတဲ့အပိုင်းရှိတယ်။ အရင်ကတည်းက သစ်တောက သူ့နယ်ကို မြေပုံထဲမှာပဲ ကြည့်တာ။ တစ်ခါမှရောက်တာမှမဟုတ်ပဲဟာ။ အဲဒီလိုဆိုတော့လည်း နည်းနည်းအခက်အခဲရှိတာပေါ့နော်။ TNRP က မွန်ဘက်ခြမ်းမှာ သိပ်ပြီးသွားရဲတာမဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ဘက်ခြမ်းမှာတော့ နားလည်မှု နဲ့သွားတယ်။ သူတို့ရုံးတွေရှိတယ်။ ပြီးတော့ သူတို့ အလုပ်လုပ်မယ့် အစီအစဉ်တွေကိုတော့ မလုပ်ဘူးပေါ့နော်။ ပို့ပေးလိုက်တယ်။ အဲဒါ တစ်ခါပြဿနာ တက်တော့ မသွားသင့်မသွားထိုက်တဲ့နေရာမှာ ကျွန်တော်တို့လူက ဖမ်းလိုက်ရော။ ဖမ်းလိုက်တော့ အဲဒီမှာပြဿနာတက်တယ်။ အဲဒီနောက်ပိုင်း သူတို့ ဘယ်တောခေါင်းက ဘယ်ကိုသွားမယ်ဆိုတဲ့အတွက် ဆိုတာကတော့ အဲလိုအသိပေးလိုက်ရင်တော့ ပိုအဆင်ပြေသွားတဲ့သဘောပေါ့။ထူးဆန်းတာက ရွှေလုပ်ငန်းနဲ့ပတ်သက်တာ တွေကတော့ ကျွန်တော်တို့ကို စာတစ်စောင်မှ မရောက်ဘူး။ ကန့်ကွက်တာပဲဖြစ်ဖြစ်၊ အကြံတောင်း တာပဲဖြစ်ဖြစ်၊ ကူညီဆောင်ရွက်တာပဲဖြစ်ဖြစ် ကျွန်တော်တို့ဆီကို ဘာမှ မလာဘူး။ ဒါပေမဲ့ သူတို့ကတော့ ထိန်းချုပ်ထားတယ်။ သူတို့စောင့် ရှောက်တယ်။ သို့သော်ငြားလည်း ကျွန်တော်တို့ဆီ ကိုတော့ ဒီသတင်းက ဌာနဆိုင်ရာကလည်းမတက် လာဘူး။ TNRP နဲ့ တိုက်ရိုက်ပတ်သက်တဲ့ ဒေသကိုယ်စားလှယ်တွေဆီကလည်း အကြောင်း ဘာမှမလာဘူးဆိုတော့ သူတို့နဲ့တော့ တစ်ခါမှမပြော ခဲ့ဖူးသေးဘူး။ အဲလိုအခြေအနေတော့ရှိတယ်။

မေး- အခုရွှေတူးနေတဲ့နေရာက TNRP ဧရိယာထဲမှာရော၊ KNU လှုပ်ရှားရာနယ်မြေထဲမှာ ရောဖြစ်နေတာဆိုတော့ ဒေသခံတွေပြောဆိုနေကြ တာရှိတယ်။ ဒီတရားမဝင်ရွှေတူးတာ KNU က အကျိုးစီးပွားတွေပါဝင်ပတ်သက်နေတယ်ဆိုပြီး ပြောဆိုနေကြတာရှိတယ်။ ဒီဟာနဲ့ပတ်သက်ပြီးတော့ ဘာများတုံ့ပြန်ပြောဆိုချင်တာရှိပါသလဲ။

ဖြေ- ဒါကတော့ မကင်းပါဘူး။ သူများပြောတာ ပြောစရာမလိုဘူး။ ကြည့်ရင်သိတာပဲဟာကို မဟုတ်ဘူးလား။ ဌာနဆိုင်ရာတွေက အကျိုးမပါရင် ရမလား။ မဟုတ်ဘူးလား။ ပြောရမယ်ဆိုရင် အရူးတောင်သိတာပဲဟာ။ လက်ခံပါတယ်။ သစ်ခိုးထုတ်တာ ဟိုး မုဒုံတို့ မော်လမြိုင်တို့ရောက်တာလည်း KNU က သစ်ခိုးထုတ်တယ်လို့ပြောသလိုပေါ့။ နောက်ဆုံးကျရင်တော့။ ဝန်ကြီးချုပ်ဟောင်းလက် ထက်တုန်းကပေါ့။ ဟုတ်တော့ဟုတ်မယ်။ တချို့ ကတော့ သစ်တွေ၊ ပိတောက်သားတွေ၊ သို့သော်ငြားလည်း ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ကျွန်တော် တို့ဂိတ်တွေ တစ်ဂိတ်မှမရှိဘူး။ အေး အဲဒါလည်း ဟုတ်လည်းဟုတ်တာပဲလို့။ အဲဒီမှာ ခွင့်ပေးပြီးတော့လုပ်ရတဲ့သူမရှိဘူးဆိုရင် ဘယ်သူခိုးက ဘယ်အပေါက်က ထွက်တော့မလဲ။ ဘယ်သူခိုးမှမရှိဘူး။ သူတို့က မလုပ်ရဘူးဆိုရင်တော့ ဘယ်လိုမှထွက် စရာလမ်းကြောင်းမရှိဘူးလေ။ ဒါကတော့ တာဝန် ယူတဲ့သူတွေက အသိဆုံးဖြစ်မှာပေါ့လေ။ ဒါကတော့ ကိုယ့်ဒေသကလူတွေ တာဝန်ယူတယ်ဆိုရင်တော့ ဘာဖြစ်တယ်၊ ဘာရှိတယ်ဆိုတာ အကုန်လုံးသိတာ ပဲလေ။ သူများပြောတာလည်း မှန်ပါတယ်။ ဒါပေမဲ့ လုပ်ထုံးလုပ်နည်းအရ ဘယ်လိုကြပ်မတ်မလဲဆိုတာ ပြန်စဉ်းစားရမှာပေါ့။ အခုလည်း ပိတ်ထားတော့ လာညည်းနေတဲ့သူတွေ၊ အပြစ်လာတင်တဲ့သူတွေ လည်းရှိတယ်။ တချို့လူတွေက ပေးပြီး KNU က မပေးလို့ အဲလိုဖြစ်ပြန်ရော။ သုံးလေးရက်လောက်က လာကြတယ်။ လုပ်ငန်းရှင်တွေရော၊ တချို့ရော လာတောင်းကြတယ်။ အခုက KNU ပိတ်လိုက်လို့ အဲဒါဘယ်လိုလုပ်မလဲ အဲဒါတွေကရှိတယ်။ အခက်အခဲတွေက သူတို့လည်း ပစ္စည်းတွေဘာတွေငှားရတော့။ ကျွန်တော့်ကို တင်ပြတော့ ကြားကကျွန်တော်လည်းတင်ပြပါတယ်။ တင်ပြတော့ အပေါ်က သူတို့ကဆုံးဖြတ်ပြီးသွားပြီဆိုတော့ သွားပေးလိုက်ရင်လည်း ကိုယ့်သိက္ခာကျမယ်ဆိုတော့လည်း နောက် ကျမှ အခြေအနေဘယ်လိုဘယ်လိုရှိမလဲဆိုတာ စဉ်းစားပေးရင် စဉ်းစားပေးမှာပေါ့။ အခုလက်ရှိ အခြေအနေက သွားဖွင့်ပေးလိုက်လို့လည်း မရတော့ဘူး။ အဲလိုသဘောတော့ရှိတာပေါ့နော်။

မေး- KNU က ပိတ်လိုက် ပြီးရင် ပြန်လုပ်လိုက်ဆိုတော့ ဒီပြဿနာကို ပြေလည်အောင် ဘယ်လိုဖြေရှင်းသင့်တယ်လို့ထင်လဲ။

ဖြေ- အဲဒါတော့ မပြောတတ်တော့ဘူး။ အကောင်းဆုံးနည်းလမ်းကတော့ လူထုအားနဲ့ တင်ပြလိုက်ပြီဆိုရင် ချောင်းရေမနောက်ဘူးဆိုရင်တော့ သူများလုပ်ပေမဲ့လည်း နည်းနည်းပါးပါးလုပ် ရင်လုပ်မှာပေါ့နော်။ လူထုကသာ ညီညွတ်မယ်၊ တင်ပြမယ်ဆိုရင် KNU လည်း မခံနိုင်ဘူး။ အစိုးရ လည်းမခံနိုင်ဘူး။ တကယ့်ကို သေသေချာချာ ကြပ်မတ်ပြီးတော့ လုပ်ဆောင်ရမှာပဲလေ။ ဌာနဆိုင် ရာတို့ဘာတို့က ဟိုးရှေးပဝေသဏီကတည်းက ဒီလိုပဲလာပြီးတော့ အခုထက်ထိ ဒါက ဒါပဲ ရှိသေးတဲ့အပိုင်းမှာဆိုတော့ အဲဒါတော့ အထွေအထူး မပြောလိုဘူး။

မေး- အခုတရားမဝင်ရွှေတူးနေတဲ့ဧရိယာက TNRP ဧရိယာဆိုလည်း ဟုတ်တယ်။ KNU လှုပ်ရှားရာနယ်မြေဆိုလည်းဟုတ်တယ်။ ပြီးတော့ တပ်မတော်လည်း မကြာခဏ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့နေရာဖြစ်နေတော့ အခုလိုမျိုး တရားမဝင် ရွှေတူးနေတဲ့ ကိစ္စမှာ ဘယ်သူ့မှာ တာဝန်အရှိဆုံး လို့ထင်လဲ။

ဖြေ- ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် အစိုးရဘက်မှာကတော့ နည်းနည်းပိုပြီးတာဝန်ရှိ တယ်ဆိုတာ ပြောချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိအခြေအနေမှာ ကျွန်တော်တို့သွားနေတဲ့ လမ်းကြောင်းပေါ့ ညှိနှိုင်းဆွေးရမယ်။ တိုင်ပင်ရမယ်။ သို့သော်လည်း ဒီလုပ်ငန်းတွေ ဘယ်လုပ်ငန်း မဆိုအစိုးရက အကုန်လုံးချုပ်ကိုင်ထားတယ်။ ကျွန်တော်တို့ဘာလုပ်လုပ် အကုန်လုံးတရားဝင်ကန့် ကွက်တာပဲ။ အဲလိုအပိုင်းမှာရှိတယ်။ အခုက အရေးကြီးတာကတော့ ကျွန်တော်တို့က ဘယ်နေရာမှ ခွင့်ပြုမိန့်ကိုမရတာ။ အဲဒါ ဟိုးထီးခီး ဟိုးဘက် အောက်ဘက်ခြမ်းက ဟာတွေလည်း အဲဒါလုပ်ငန်း ကို ဖွင့်လို့မရဘူး။ တခြားတပ်မဟာလိုမဟုတ်ဘူး။ အခုဟာက အခြေအနေက တနင်္သာရီတိုင်း တစ်တိုင်းလုံးက ဟိုးဘက်မှာ ကြိမ်ချောင်းတို့ဘက်မှာလုပ်တာလည်း အဲဒါပဲ။ အဲဒါလည်းနားလည်မှုနဲ့ပဲ။ ကျွန်တော်တို့စားဝတ်နေရေးအတွက်ကလည်း လိုသေးတယ်။ အဲဒါကြောင့် နည်းနည်းပြန်ပြီးစဉ်းစားပေးပါ။ အထူးသဖြင့် နယ်စပ်က အလုပ်တွေ အခုကတော့ ကတော့ အကုန်လုံးပိတ်ကုန်ပြီ။ ဘာမှမရှိတော့ဘူး။ အဲလိုပုံစံမျိုးရှိတယ်။ အဲလိုပုံစံမျိုးရှိတဲ့အတွက်ကြောင့်မို့လို့ စဉ်းစားရမယ်ဆိုရင် အားလုံးက သူခိုးကတော့ရှိမှာပဲ။ ဘာပဲပြောပြော အစိုးရကလည်းကြည့်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့လည်း အကုန်လုံးကြည့်နိုင်မှာမဟုတ်ဘူး။ ကျွန်တော်တို့ကတော့ တပ်ရဲ့ ပေါ်လစီပဲ။ အောက်ခြေက ဘာလုပ်လဲဆိုတာ ကိုယ်ကလည်း အမြဲတမ်း မရောက်ဘူးဆိုတော့ ရှင်းရှင်းပြောရင် လုပ်ကြမှာတော့ သေချာတယ်။ အနည်းနဲ့အများပဲပေါ့နော် ဒါက။ ဒါပေမဲ့ အဓိကကတော့ လူထုပဲ ရှိတဲ့အတွက် ကြောင့်မို့လို့ လူထုကပဲ Monitor (စောင့်ကြည့်) လုပ်ရင်တော့ အဲဒါသေချာတယ်။ သူတို့ရွာကို ဘယ်သူဖြတ်သွားဖြတ်သွား သူတို့အသိဆုံးပဲ။ ဘယ်သူကပဲ ခိုးဖြတ်ဖြတ် သူတို့ကတော့ သိမှာပဲ အဲဒါက။

မေး- တရားမဝင်ရွှေလုပ်ကွက်မှာ ဝင်လုပ်မယ့် ဘက်ဖိုးတစ်စီးကို သိန်းသုံးဆယ်ပေးရတယ် ဆိုပြီး ဒေသခံတွေပြောနေကြတာရှိတယ်။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်တာရှိလဲ။

ဖြေ- ကျွန်တော်သိရသလောက်ကတော့ စီးပွားရေးသမားတွေဝင်ကတည်းကိုက အကုန်လုံး ညှိကြတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် သူတို့ဝေစုနဲ့ သူတို့ပဲ အကုန်လုံး။ အဲဒါကြောင့်မို့ ကျွန်တော် ကလည်း ကြားကနေ သိပ်ပြီးတော့ ကျွန်တော်ပေါ့ အထူးသဖြင့် ဆက်ဆံရေးရုံးကတော့ ပြဿနာတက် လာမှပဲ ပြဿနာရှင်းရတာကိုး။

Dakkhina Insight ၊ Dawei Watch

ဆက်စပ်သတင်းများ

ဒေါ်လာသန်းချီသုံး တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာအတွင်း တရားမဝင် ရွှေတူးမြေ ဧက ရာချီ

“ကျွန်တော်တို့အားနဲ့ မနိုင်တော့ဘူး”