ကပ်ဘေးလွန်ကမ္ဘာရဲ့ အလွမ်းဇာတ်များ

0
343
Dawei Watch, Dawei News, Dawei News Media

အခန်း (၁၂)

ချောင်းမကြီးထဲမှာ

၂၁ ရာစုကို ဖြတ်သန်းဖို့ မိုဘိုင်းဖုန်းကောင်း ကောင်းတစ်လုံးတော့ ခင်ဗျားမှာ လိုလိမ့်မယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်လုပ်ဖို့ ကမ္ဘာကြီးအကြောင်း သိနေဖို့တော့ မဟုတ်ဘူး။ ကမ္ဘာကြီးထဲကနေ လွတ်မြောက်ရာရှာဖို့ မိုဘိုင်းဖုန်းတစ်လုံး လိုတာပါ။ ဥတုဘေးသင့်ကမ္ဘာမှာ ခင်ဗျားရဲ့ အိမ်ပြတင်းပေါက်က လှမ်းကြည့်တိုင်း မကြည်မလင် မသာယာစရာတွေပဲ မြင်ရဖို့များပါလိမ့်မယ်။ အဲဒီအခါ မိုဘိုင်းဖုန်းမျက်နှာပြင်ကိုပဲ ပြေးဝင်ပြီး လွတ်မြောက် ရာရှာမယ်ပေါ့။ သာယာစရာ ပျော်ရွှင် စရာတွေကို ရှာကြည့်ပြီး အခြေအနေဆိုးတွေထဲမှာ နေတတ်အောင် နေကြမယ်ပေါ့။ လိုက်လျောညီထွေ ဖြစ်အောင်နေခြင်း (Adaptation) ဆိုတဲ့စကားကို ဥတုရာသီပြောင်းလဲမှုနဲ့တွဲပြီး ခင်ဗျားကြားမိနေမှာပါ။ ဒီအတိုင်းဆက်သွားရင် လူတိုင်း မိုဘိုင်းဖုန်းကိုယ်စီနဲ့ လိုက်လျောညီ ထွေဖြစ်အောင်နေကြတဲ့ အနာဂတ်ဟာ စိတ်ကူးယဉ်သိပ္ပံဝတ္ထု မဟုတ်ဘဲ တကယ့်ဖြစ်နိုင်ခြေ တစ်ခုပါ။

မကောင်းတဲ့အခြေအနေတွေကို ဖြစ်ရိုးဖြစ်စဉ်ပဲလို့သဘော ထားလိုက်ကြတော့တာ (Normal- ization) ဟာ လူ့အဖွဲ့အစည်းရဲ့ ကျဆင်းမှုသင်္ကေတ တစ်ခုပါ။ ကျုပ်တို့လူ့အဖွဲ့အစည်းမှာကိုပဲ လာဘ်ပေးလာဘ်ယူဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သွားတယ်။ အကြမ်းဖက်မှုဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သွားတယ်။ အာဏာအလွဲသုံးမှုဟာ ဖြစ်ရိုးဖြစ်စဉ်ဖြစ်သွားတယ်။ ဥတုဘေးနဲ့ လူ့အသက်တွေ ဖိတ်စဉ်နေတာ၊ ဆင်းရဲ ဒုက္ခတွေများလာ နေတာကိုလည်း ဖြစ်ရိုးဖြစ်စဉ်လို့ သဘောထားလာကြဦးမှာလား။

ရှေ့ခရီးအတွက် ကျုပ်တို့ ဘယ်လိုစဉ်းစား ပြင်ဆင်ကြမလဲ။
“ကျုပ်တို့ရဲ့တန်ဖိုးထားမှုနဲ့ လောကအမြင် တွေကို သိသိသာသာပြောင်းမှ ရကြတော့မယ်။ ကျုပ်တို့ကြုံနေရတာဟာ လူ့ဂုဏ်သိက္ခာနဲ့ ဖြစ် တည်မှုကို တန်ဖိုးမထား၊ ခင်ဗျားဘဝသာယာမှုဟာ ကျုပ်ဘဝသာယာမှုပါလို့ အပြန်အလှန်မှီတည်မှု သဘောလည်း မရှိတဲ့ကျင့်ဝတ်သီလချို့တဲ့မှုကြီး (Moral deficiencies)” လို့ ထောက်ပြသူတွေလည်း ရှိပါတယ်။ ဘယ်လိုနေထိုင်ပြုမူကြရင် ကျင့်ဝတ် သီလလုံသူတွေ ဖြစ်မလဲ။

ဝယ်ယူသုံးစွဲမှုတွေ၊ လေလွင့်ပြုန်းတီးမှုတွေ ကျုပ်တို့ လျှော့ရမှာပေါ့။ ကုစားပေးနိုင်စွမ်းရှိတဲ့ နည်းပညာ (Technology of repair)ဆိုတဲ့စကားလုံး ရှိပါတယ်။ ဆိုလာနည်းပညာမျိုးကို ပြောတာပါ။ အဲဒီဘက်တွေကို ကျုပ်တို့အပြောင်းအရွှေ့လုပ်ရ မှာပေါ့။ ဒီနေ့ကမ္ဘာမှာဆိုလာလို ကုစားနည်းပညာတွေ သုံးဖို့က နည်းပညာနဲ့ အကုန်အကျမတတ် နိုင်တဲ့ပြဿနာမဟုတ်တော့ဘဲ နိုင်ငံရေးအာဏာနဲ့ စီးပွားရေးအင်အားစုတွေက အကျိုးအမြတ်အတွက် ပေကပ်ပြီး တင်းခံနေတဲ့ ပြဿနာပါ။

“ဥတုဘေးအရှုပ်အထွေးကနေ ကိုယ့်ကိုယ် ကိုယ်ကယ်ထုတ်ဖို့ဆိုရင် နေနဲ့လေရဲ့စွမ်းအားကို အဓိကမှီခိုမှရနိုင်မယ်လို့” ပညာရှင်တွေကတညီ တည်းပြောထား ကြပါတယ်။ စွမ်းအင်ချို့တဲ့တဲ့ ကျုပ်တို့နိုင်ငံမှာလည်း ကိုယ့်အ ရပ်၊ ကိုယ့်ဒေသနဲ့ လျော်ညီအောင် ထုတ်လုပ်တဲ့ကုစားစွမ်းအင်ဖြစ် တည်ဖို့ အားထုတ်ကြရပါမယ်။ “ဆိုလာမီးတုတ်ကို လက်ဆင့်ကမ်းကြပါစို့” လို့ ကြွေးကြော်ကြတာ ရှိပါတယ်။ တန်ဖိုးထားမှုနဲ့ လောကအမြင်ပြောင်းလဲရေးအတွက် “သဘာဝလောကရဲ့နိဂုံး The end of nature” စာအုပ်ရေးသူ ဘီလ်မက် ကစ်ဘင် (Bill Mckibben) က ခုလိုအဆိုပြုပါတယ်။

ကြီးထွားဖို့၊ ကျယ်ပြန့်ဖို့၊ ထိန်းချုပ်ဖို့ဆိုတာတွေထက် ရင့်ကျက်ဖို့ (Maturity)လုပ်ကြရလိမ့်မယ်။ လူ့အဖွဲ့အစည်းရဲ့ အကန့်အသတ်တွေကို နားလည်ပြီးထင်သလို လျှောက်မလုပ်တာဟာ ရင့်ကျက်မှုပဲလို့ ဘီလ်က ဆိုပါတယ်။ သစ်တောကြီး တစ်ခုရဲ့ ဂေဟဝန်ဆောင်မှုမှာ လူတွေအကျိုးများစေ တယ်လို့ မကြည့်ဘဲ ခုတ်ရောင်းလိုက်ရင် ဘယ်လောက်ရမယ်လို့ တွေးတာဟာ မသိနားမလည်တဲ့၊ မရင့်ကျက်တဲ့ လူတစ်ယောက်ရဲ့ ကလေးအတွေး မျိုးပါပဲ။ “မသိတဲ့၊ မတတ်တဲ့သူတွေရဲ့ လက်ထဲမှာ လုပ်ကိုင်ခွင့်ရှိနေတာ ထင်ရာလုပ် နေတာထက် ပိုအန္တရာယ်ကြီးတာ မရှိပါဘူးဗျာ” လို့ ဂျာမန် စာဆိုဂို့သေ့(Goethe)က ပြောခဲ့ဖူးပါတယ်။ ရင့်ကျက်နားလည်မှုဟာ သဘာဝနဲ့ နီးနီးစပ်စပ်နေတဲ့ ဌာနေပြည်သူလူမျိုးစုတွေဆီမှာ တွေ့ရလေ့ရှိတဲ့ ဉာဏ်ပညာပါ”

“ဟန်ချက်ညီဖို့ (Balance)ကိုလည်း ကျုပ်တို့ ဂရုစိုက်ရပါ လိမ့်မယ်။ သဘာဝနဲ့လူဟန်ချက် ပျက်ကြတယ်။ လူ့အဖွဲ့အစည်း ထဲမှာတော့ မညီမျှ မှု၊ အနိုင်အထက်ပြုမှု၊ ကိုယ်ကျိုးစီးပွားရှေးရှုမှုတွေနဲ့ ဟန်ချက်ပျက်ကြတယ်။ ပမာဏနဲ့ အတိုင်းအဆ (Scale) ကိုသိဖို့လည်း လိုပါလိမ့်မယ်။ ကြီးမားနေမှ၊ ကျယ်ပြန့်နေမှ အောင်မြင်တယ်လို့ ယူဆတဲ့ အယူမှားကို ဖျောက်ကြရပါမယ်။ နိုင်ငံရေးသမား တွေမှာ အကြီးရောဂါ(Bigness) စွဲကပ်နေတတ် ကြတယ်လို့ ပြောကြတာရှိပါတယ်။ လူ့အဖွဲ့အစည်း၊ လူ့အသိုက်အမြုံလေးတွေရဲ့ သာယာချမ်းမြေ့မှုကို ရှေးရှုရင် ကမ္ဘာဟာ ပျော်စရာဖြစ်ပါလိမ့်မယ်။ အကြီးကြီးတွေ လုပ်တဲ့အခါ သဘာဝတရားနယ် နိမိတ်၊ လူ့အသိုက်အဝန်း နယ်နိမိတ်တွေကို ကျော်နင်း မိဖို့၊ ထိခိုက်မိဖို့ အခြေအနေများတတ်တာကိုး။”

ခေတ်သစ်ကမ္ဘာရဲ့ စီးပွားရေးစနစ်က အမြဲမပြတ်ကြီးထွား ကျယ်ပြန့်နေဖို့ တောင်းဆိုတယ်။ စွမ်းအင်တွေပိုသုံး၊ သယံဇာတ ပိုထုတ်၊ ဈေးကွက် ထပ်ချဲ့ဆိုတဲ့ ရှေ့တိုးတဲ့လမ်းပဲ သူ့မှာရှိတယ်။ ဥတုပြောင်းလဲမှုကတော့ လောင်စာနဲ့ သယံဇာတ အသုံးတွေ တတ်နိုင်သမျှ ကျုံ့ဖို့တောင်းဆိုတယ်။ ချုံ့တဲ့ဘက်နဲ့ ချဲ့တဲ့ဘက် ဒီနှစ်ဘက်မှာ တစ်ဘက်ကတော့ အလျှော့ပေးရမှာ။ သဘာဝယန္တရား ကတော့ မလျှော့ဘူးလေ။ လူကပဲ လျှော့ရမှာ။ ပမာဏ ကိုသိမှ၊ ဟန်ချက်ကိုနားလည်မှ၊ ရင့်ကျက်မှုရှိမှလည်း လျှော့ရကောင်းမှန်း သိမှာလေ။ အဲဒီလို မသိရင်တော့ ရပါတယ်ကွာဆိုပြီး အရှိန်တင်နေ ကြတော့မှာပေါ့။

ဒါ့ကြောင့်လည်း အစိုးရတွေ၊ အကျိုးစီးပွားတွေ အရှိန်လျှော့လာအောင်၊ ပြောင်းလဲလာအောင် လူထုက လုပ်ကြရတာပေါ့။ တစ်ဦးချင်း အမူအကျင့် ပြောင်းလဲမှုတွေ လုပ်တာနဲ့ မလုံလောက်တာကြောင့် အစုအရုံးနဲ့ လှုပ်ရှားကြရတာပါ။ ၁၉၇၀ မှာ ပထမဆုံးသော ကမ္ဘာမြေနေ့ ပေါ်ပေါက်ခဲ့ပါတယ်။ အမေရိကန်နှစ်သန်း လောက် ပါခဲ့တဲ့ အဲဒီအခမ်းအနားဟာ ဒီနှစ်မှာ နှစ် ၅၀ ပြည့်ပါတယ်။ ကိုဗစ်ကပ်ဘေးကြောင့် ဘာမှတော့ မလှုပ်ရှားနိုင်ခဲ့ကြဘူး။ အဲဒီ ၁၉၇၀ တုန်းက လူထုလှုပ်ရှားမှုဟာ အာဏာကို ကိုင်လှုပ်ပါတယ်။ ဒီနေ့အထိ အကျိုးသက်ရောက်နေတဲ့ လေသန့်စင် ရေးဥပဒေ (Clean Air Act)၊ ရေသန့် စင်ရေးဥပဒေ (Clean Water Act)၊ မျိုးတုံးအန္တရာယ်ကျ ရောက်နေတဲ့ သတ္တဝါများ ကာကွယ်ရေးဥပဒေ (Endangered Species Ac)နဲ့ တခြားသဘာဝ ပတ်ဝန်းကျင်ဥပဒေတွေ အမေရိကန်မှာ ပေါ်လာခဲ့တယ်။

ဥတုဘေးဟာ အင်မတန် ကြီးမားတဲ့ပြဿနာပါ။ ဒါပေမဲ့ ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ရင် အာဏာ နဲ့ အကျိုးစီးပွားလူတန်း စားအတွက်က ပိုနေမြဲ ကျားနေမြဲ ဖြစ်နေသမျှ၊ သူတို့အကျိုးစီးပွား ရှိနေသမျှ၊ ဘယ်ပြဿနာကမှ ပြဿနာမဟုတ်ပါဘူး။ ဒါပေမဲ့ အကျပ်အတည်း ကြုံနေပြီလို့ ခေါင်းဆောင်တွေ ပြောလာ၊ ပြောင်းလာအောင် စောင့်နေလို့မှ မရဘဲ။ လူထုလှုပ်ရှားမှုက အကျပ်အတည်းဖြစ်နေကြောင်း ပြရလေ့ရှိတာပေါ့။

ကျေးကျွန်စနစ်ဖျက်သိမ်းဖို့ လူထုက တောင်းဆိုမလာခင်အထိ ဗြိတိသျှနဲ့အမေရိကန်ကျွန်ပိုင် ရှင်တွေအတွက် ကျွန်စနစ်က ပြဿနာမဟုတ်ပါဘူး။ မာတင်လူသာကင်းနဲ့ လူမည်းတွေ ပြည်သူ့ အခွင့်အရေးအတွက် လှုပ်ရှားမလာခင်အထိ လူမျိုး ရေးခွဲခြားမှုက ပြဿနာဟုတ်မနေပါဘူး။ အမျိုးသမီးအရေး လှုပ်ရှားသူတွေ လှုပ်ရှားတောင်းဆို မလာခင်အထိ လိင်အခြေပြုခွဲခြားဆက်ဆံမှုဟာ ပြဿနာဟုတ်မနေပါဘူး။ မန်ဒဲလားနဲ့ သူ့ပြည်သူတွေရဲ့ လူဖြူလူမည်းခွဲခြားမှုဆန့်ကျင်ရေးလှုပ် ရှားမှုမလာခင်အထိတော့ အပါးသိုက် (Apartheid) ဝါဒဟာ ပြဿနာမဟုတ်ပါဘူး။

ဥတုရာသီပြောင်းလဲမှုအရေးဟာ သဘာဝ၀န်း ကျင်သမားတွေရဲ့ အရေးမဟုတ်တော့ပါဘူး။ ဒီမိုကရေစီသမားတွေရဲ့ အရေးပါ။ လူ့အခွင့်အရေး သမားတွေရဲ့ အရေးပါ။ အမျိုးသမီးနဲ့ ကလေး သူငယ်အခွင့်အရေးသမားတွေရဲ့ အရေးပါ။ မြေယာ သမားတွေရဲ့ အရေးပါ။ စားနပ် ရိက္ခာသမားတွေရဲ့ အရေးပါ။ ဆင်းရဲမှုပပျောက်ရေးသမားတွေရဲ့ အရေးပါ။ ပြည်သူအားလုံးရဲ့ အရေးပါ။

ထပ်သတိပေးပါရစေ။ ကမ္ဘာ့အပူချိန်မှတ် တမ်းတိတိကျကျစရှိလာတဲ့ အချိန်ကစလို့ အပူ ဆုံးနှစ် ၂၀ ဟာ လွန်ခဲ့တဲ့နှစ် ၃၀ အတွင်းက နှစ်တွေပါပဲ။ သမိုင်းတစ်လျှောက်မှာ ကြုံခဲ့တဲ့အပြင်း ထန်ဆုံးအပူလှိုင်း ၁၀ ခုမှာ ကိုးခု က ၂၀ဝ၀ ပြည့် နှစ်နောက်ပိုင်းမှာ ဖြစ်ခဲ့တာတွေချည်းပါပဲ။ ၂၀၁၈ နှစ်ကုန်က ထုတ်ပြန်တဲ့ ကုလသမဂ္ဂဥတုရာသီ ပြောင်းလဲမှု သိပ္ပံအဖွဲ့ကြီး (IPCC) ရဲ့ သိပ္ပံသုတေ သနအစီရင်ခံစာဟာ ထိတ်လန့်စရာကိန်းဂဏန်း တွေနဲ့ ပြည့်နေပါတယ်။ အပူချိန်မြင့်တက်မှု ၁ ဒသမ ၅ ဒီဂရီကျော်ရင် အခုကြုံနေရတဲ့ ပမာဏ ထက်အများကြီး ပိုပြင်းထန်တဲ့ အခြေအနေလာ တော့မယ်လို့ တိတိလင်းလင်း သတိပေးပါတယ်။

လက်ရှိကမ္ဘာက ၁ ဒသမ ၁ ဒီဂရီရှိနေပါတယ်။ “အသက်ဆက်ရှင်ဖို့ဆိုရင် ၁ ဒသမ ၅ ဒီဂရီ-၁.၅ to stay alive” ဆိုတဲ့ ကြွေးကြော်သံဟာ သိပ္ပံအရလည်း အမှန်တကယ်ပါပဲလို့ အတည်ပြုပါတယ်။ လာမယ့်နှစ် ၃၀ ဟာ ကမ္ဘာကြီးရဲ့ သေရေးရှင် ရေးပဲလို့လည်း သတိပေးပါတယ်။

ဒီသုတေသနထုတ်ပြန်အပြီးမှာ မနှစ်က တစ်နှစ်လုံး မျိုးမတုံးရေးအတွက် တက်ကြွလှုပ်ရှားမှုကြီး (Extinction Rebellion) ဆို တဲ့ဆန္ဒပြ လှုပ်ရှားမှုတွေ စိပ်လာတာ သတိထားမိကြမှာပါ။ ရန် ကုန်မြို့မှာလည်း လုပ်ခဲ့ကြပါတယ်။ ဂရီတာ သွန်းဘတ် (Greta Thunberg)နဲ့ ကျောင်းသား လူငယ်တွေရဲ့ လှုပ်ရှားမှုတွေကိုလည်း မြင်နေကြရ ပါလိမ့်မယ်။

မြန်မာပြည်မှာတော့ မိုးလေဝသနဲ့ ဥတုအရေး မီးရှူးတန် ဆောင်ဖြစ်တဲ့ ဆရာကြီးဦးထွန်းလွင် ၂၀၁၉ နိုဝင်ဘာမှာဆုံးပါးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်အတွက် လုံလောက်တဲ့သတိပေး ချက်တွေကို သူချန်ထားပေးခဲ့ပါတယ်။ ဆရာကြီးဟာ အပူချိန် တိုးလာတာ၊ မိုးရွာရက်နည်းပြီး မုတ်သုံတိုတောင်းလာတာ၊ မုန်တိုင်းနည်းလို့ ရေအရင်းအမြစ်တွေ လျော့ပါးနိုင်တာ၊ မိုးကြိုးမုန် တိုင်းနဲ့ ပြင်းထန်ရာသီအခြေအနေတွေ များလာမှာတွေကို အချက်အလက်နဲ့ ဖော်ထုတ်ပေးခဲ့ပါတယ်။ မိုးရွာရက်တိုပေမဲ့ ရွာတဲ့အခါ မိုးသည်းတာ (ရေကြီးရေလွှမ်းဒဏ်)၊ မုန်တိုင်းနည်းသွားပေမယ့် တိုက်တဲ့အခါ ပြင်းထန်တာ၊ မိုးခေါင်ရေရှားဖြစ်မှာတွေကိုလည်း သတိပေးခဲ့ပါတယ်။

“အသက်ဇီဝများကိုယ်စား ကျွန်ုပ်တို့လှုပ်ရှား ကြသည်။ we act on behalf of life” တဲ့။ ဥတု ရာသီပြောင်းလဲမှု ဆန္ဒပြပွဲက ပိုစတာတစ်ခုပါ။ သတ္တဝါတွေရဲ့ အသက်ဇီဝတွေ ရှင်သန်ဖို့အတွက် ကျုပ်တို့ဘာတွေများ တိုးလုပ်နိုင်တာရှိပါသလဲ။

ကိုဗစ်ကပ်ဘေးသင့်ကမ္ဘာကနေ လှမ်းမျှော်ကြည့်တဲ့အခါ ရှေ့မှာ ဥတုဘေး၊ ကပ်ဘေးတွေနဲ့ အလွမ်းဇာတ်တွေ အစီအရီရှိ နေတာကို မြင်ရပါတယ်။ ကောင်းမြတ်ခြင်းကို စိုက်ပျိုးဝေမျှဖို့ ကမ္ဘာမြေကို ရောက်လာခဲ့ကြတဲ့ “ဧည့်သည်” တွေလို့ ကိုယ့်ကိုယ်ကိုယ် သဘောမထားခဲ့ကြတဲ့ အကျိုးဆက်တွေလို့ ပြောလို့ရမယ်ထင်ပါရဲ့။ ကိုယ်ပိုင် ပစ္စည်းလို ပိုင်ဆိုင်ဖို့၊ အနိုင်ယူဖို့လုပ်ခဲ့ကြတာကိုး။ ရှေ့ဆက်ရမယ့် ခရီးအတွက် ဆရာမောင်ဒီရဲ့ “ချောင်းမကြီး ချောင်း” ထဲက ကဗျာစာပိုဒ်တွေကိုသာ ရေရွတ်နေမိပါတယ်။

“အခုရွာမှာ
ညောင်ပင်ကြီးလည်း
ချောင်းရေတိုက်စား
မျောပါသွားလို့
မရှိတော့ပြီ
…………
ယခင်က မပူလောင်ခဲ့သော
ချောင်းသဲပြင်
ဝမ်းဗိုက်ကြီးထဲမှ
တံလျှပ်တို့၏
အပူရှိန်တို့သည်
ကျွန်တော့်အား
ပူလောင်ကြလေပြီ။
……………
ချောင်းရေတို့၏
ရေစီးအဟုန်သည်
မည်မျှ ပြင်းထန်ကြောင်း
ကျွန်တော် တွေ့ရပြီ။
လှိုင်းလုံးကြီးတွေ
မည်မျှကြီးမားကြောင်း
ကျွန်တော် မြင်ရပေါ့။
………………
ယခု ကျွန်တော်သည်လည်း
ချောင်းမကြီးချောင်းကြီး၏
အထဲတွင် မျောပါနေရလျက်။
………………..
ကျယ်လောင်စွာ အော်ဟစ်
စီးဆင်းလာနေကြသော
ချောင်းမကြီး၏
လူခေါ်သံကိုလည်း
ကျွန်တော်ကြားနေရပေါ့။”

ပြီးပါပြီ။

Dawei Watch