လယ်သမားတို့ရဲ့ ရန်သူအသစ် ရွှေခရု

322
ဓာတ်ပုံ - ဝေယံစိုး
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ထားဝယ်ဒေသကထွက်တဲ့ စပါးတွေ ဈေးကွက်မဝင်ဘူး၊ တင်းတောင်းကြီးတွေ နဲ့ရောင်းနေရပါတယ်ဆိုပြီး ညည်းတွားနေ ကြတဲ့ လယ်သမားတွေရဲ့ ရန်သူအသစ် လာပြန်ပါပြီ။ စပါးပင်တွေကို ကိုက်ဖြတ် စားသောက်ဖို့ အဆင်သင့်စောင့်နေတဲ့ မျိုးစိတ်တစ်ခုက ထားဝယ်ဒေသဘက်မှာ ရှိနေပါပြီ။

အဲဒီမျိုးစိတ်က ရွှေခရု ဒါမှမဟုတ် ထိုင်ဝမ်ခရုလို့လည်း ခေါ်ပါတယ်။ သူက ပြည်ပကနေလာတဲ့ မျိုးစိတ်တစ်ခုပါ။ စပါးဖျက် အလွန်ကြမ်းတယ်လို့ သိရတယ်။ စပေါက်တာနဲ့ နုနုထွတ်ထွတ် ပျိုးပင်တွေ ကို ကိုက်ဖြတ်စားသောက်ပါတယ်။

လောင်းလုံးမြို့နယ် မင်းရပ်ကျေးရွာ က လယ်သမားအချို့ ၂၀၁၈ ခုနှစ်မှာ အဲဒီလိုနည်းနဲ့ ရွှေခရုဖျက်တာကို ခံခဲ့ရပါ တယ်။ ထားဝယ်မြစ်ကမ်းနဲ့နီးတဲ့ လယ်ဧက ၃၀ လောက် ရွှေခရုဖျက်တာကို ခံလိုက်ရတာပါ။ မိုးကြီး၊ ရေလျှံတာတွေ ကြောင့် ထားဝယ်မြစ်ရေလျှံထွက်ပြီး လယ်ထဲကို မြစ်ရေတွေနဲ့အတူ ရွှေခရုတွေ ပါလာတာလို့ ဆိုကြပါတယ်။

အဲဒီမတိုင်ခင်နှစ်တွေတုန်းကဆိုရင် ထားဝယ်ဘက်မှာ ရွှေခရုဆိုတဲ့ ပြောသံ ဆိုသံတွေ သိပ်မကြားခဲ့ရသေးပါဘူး။ ဧရာဝတီတိုင်းတို့၊ မွန်ပြည်နယ်တို့ဘက်မှာ တော့ စပါးခင်းတွေ ရွှေခရုဖျက်တာခံနေရ တယ်ဆိုပြီး သတင်းစာတွေမှာ ဖော်ပြနေကြ ပါတယ်။

တနင်္သာရီတိုင်း စိုက်ပျိုးရေးဦီးစီးဌာန သီးနှံကာကွယ်ရေးဌာနခွဲက တာဝန်ခံ ဒေါ်အေးသန္တာစိုးရဲ့ပြောကြားချက်အရ ဆိုရင် ရွှေခရုတွေ တနင်္သာရီတိုင်းဘက်ကို ရောက်လာတာဟာ ၂၀၁၇ ခုနှစ်ကတည်းကပါ။

ဒါပေမယ့် ၂၀၁၉ ခုနှစ်လောက်မှစပြီး လယ်သမားတွေက ရွှေခရုဆိုတာကို သတိ ထားမိလာတယ်လို့လည်း သူက ပြောပါတယ်။

ရွှေခရုဟာ စပါးဖျက်ရာမှာ ကြမ်းသလို မျိုးပွားနှုန်းလည်း မြန်တယ်လို့ ဒေါ်အေး သန္တာစိုးက ဆိုပါတယ်။

“တကယ်လို့ ရွှေခရုက ပွားပြီးပြန့် လာပြီဆိုရင် ခရုသတ်ဆေးနဲ့လည်း အဆင်မပြေဘူး”

လို့ သူက ဆက်ပြောပါတယ်။

ရွှေခရုဟာဆိုရင် တဲနံရံတွေ၊ တိုင်ထိပ် တွေလို နေရာမျိုးတွေမှာ အတွဲလိုက် ဥချပါတယ်။ သူ့ရဲဥက ပန်းရောင်ပါ။ တစ်ကြိမ်မှာ ဥတစ်ထောင်လောက် ဥ ပြီးတော့ အကောင်ပေါက်နှုန်းက တစ်ကြိမ် ကို ငါးရာလောက်ရှိတယ်လို့ ဒေါ်အေးသန္တာစိုး က ပြောပါတယ်။

ပေါက်လာတဲ့ အကောင်တွေထဲမှာ လည်း အထီးက တစ်ကောင်ဆိုရင် အမက ငါးကောင်လောက်ပါပြီးတော့ အဲဒီ ခရုမက တစ်နှစ်မှာ သုံးကြိမ်လောက် ဥတယ်လို့ လည်း သူက ပြောပါတယ်။

တစ်ကြိမ်ရွှေခရုကျပြီးတဲ့လယ်ဟာ မနှိမ်နင်းနိုင်ခဲ့ဘူးဆိုရင် ဒါမှမဟုတ် မနှိမ် နင်းခဲ့ရင် နောက်တစ်နှစ် ပိုဆိုးလာဖို့ပဲရှိ ပါတယ်။ သာဓက အနေနဲ့ မင်းရပ်ကျေးရွာ ကိုပဲ ပြရမှာပါ။ ၂၀၁၈ မှာ လယ် ၃၀ ဧက လောက် ရွှေခရုဖျက်တာကိုခံခဲ့ရတဲ့ ပြီး နောက်တစ်နှစ် ၂၀၁၉ ခုနှစ်မှာတော့ ဧက ၇၀ လောက် ဖျက်တာကို ခံလိုက်ရပါတယ်။

အဲဒီအချိန်က မင်းရပ်ရွာသား ဦးအုန်းရွှေ တစ်ယောက် သူ့လယ်တွေ ရွှေခရုတွေဖျက် သွားလို့ ရူးမလိုတောင် ဖြစ်နေပါပြီဆိုပြီး စိတ်ပျက်လက်ပျက်နဲ့ ရင်ဖွင့်တာကို ကြားခဲ့ရပါတယ်။

ဓာတ်ပုံ – ဝေယံစိုး

အဲဒီနှစ်က ပထမဆုံးအကြိမ်ကြုံဖူးတာ ဆိုတော့ ဦးအုန်းရွှေက သူ့စပါးပျိုးပင်တွေ မအောင်တာဟာ ရိုးရိုးပဲမအောင်တာလို့ တွေးပြီး နောက်တစ်ကြိမ် မျိုးစေ့ထပ်ချပါ တယ်။ အပင်ပေါက်ကာစ အရွယ်ဆိုရင် သေသွား ပြန်ရော။ သုံးကြိမ်ဆက်တိုက် မျိုးစေ့ချခဲ့ပေမယ့် သုံးကြိမ်စလုံး သူ့စပါးပင် တွေ ရွှေခရုရဲ့အစာဖြစ်သွားပါတော့တယ်။

အဲဒီအချိန်က ဦးအုန်းရွှေတစ်ယောက် လယ်ထွန်တဲ့စရိတ်၊ မျိုးစေ့ဖိုးတွေနဲ့ တော်တော် အထိနာခဲ့ပါတယ်။

ဒါကြောင့် ရွှေခရုဆိုတာနဲ့ စဉ်းစား မနေတော့ဘဲ အမြန်ဆုံးနှိမ်နင်းဖို့လိုတယ် လို့ တနင်္သာရီတိုင်း သီးနှံကာကွယ်ရေး တာဝန်ခံ ဒေါ်အေးသန္တာစိုးက ပြောပါတယ်။

“တောင်သူတွေက တစ်ကွင်းတစ်စပ် တည်းကို စုပေါင်းပြီး နှိမ်နင်းဖို့ လိုတယ်။ စုပေါင်းပြီးတော့ မလုပ်ဘူးဆိုရင်တော့ ဒါဟာ အဆင်မပြေဘူး”

လို့ ဒေါ်အေးသန္တာစိုးက ပြောပါတယ်။

ရွှေခရုဟာ ရေကြီး၊ ရေလျှံတာတွေ၊ စားဖို့အတွက်ဆိုပြီးတော့ လူတွေက သယ် ဆောင်တာတွေ၊ ရွှေခရုကို ငါးစာအဖြစ် အသုံးပြုပြီး ငါးရှဉ့်ထောင်တာတွေကြောင့် တစ်နေရာကနေ တစ်နေရာကို ပြန့်ပွားသွား ကြတယ်လို့ သူက ပြောပါတယ်။

“တောင်သူတွေနဲ့ သွားလာရင်းနဲ့ သိတာကတော့ ငါးရှဉ့်ထောင်ဖို့အတွက်ကို သူတို့က ရွှေခရုကောက်တွေ ထည့်ထောင် တာမျိုး ရှိတယ်တဲ့။ များသောအားဖြင့် လူတွေကနေ သယ်လို့ဖြစ်တာက ပိုများတယ်”လို့ သူက ပြောပါတယ်။

ထားဝယ်၊ လောင်းလုံးတွေ ဘက်မှာ လည်း ငါးရှဉ့်ထောင်သူတွေက ရွှေခရုကို အသုံးပြုနေကြပါတယ်။ ငါးရှဉ့်ထောင်သူ တွေကို မေးကြည့်တော့ ခရုကိုထုခွဲပြီးမှ ထောင်တာပါလို့ ပြောပါတယ်။ ဆိုလိုတာက ထုခွဲလိုက်လို့ ခရုက သေသွားပြီဆိုတဲ့ သဘော၊ သူတို့ကြောင့် ရွှေခရုမပြန့်ဘူးလို့ ဆိုလိုတာပါ။

ဒေါ်အေးသန္တာစိုး ပြောတာကတော့ စိုက်ပျိုးရေး ဦးစီးဌာနအနေနဲ့ ဘယ်လို အကြောင်းပြချက်နဲမှ ရွှေခရုကို တစ်နေရာ ကနေ တစ်နေရာကို သယ်ခွင့်မပြုထားဘူးလို့ ဆိုပါတယ်။

တချို့ရွာတွေမှာတော့ လယ်ထဲမှာ ငါးရှဉ့်ထောင်တာကို တားမြစ်လာနေကြပါတယ်။

စိုက်ပျိုးရေး ဦးစီးဌာနကလည်း အသိပညာပေးပွဲတွေမှာ အဲဒီအကြောင်းတွေ ထည့်ပြီးတော့ အသိပညာပေးနေတယ်လို့ သူက ပြောပါတယ်။

ဒီတော့ ရွှေခရုအန္တရာယ်ကျလာပြီ ဆိုရင် ဘယ်လိုကာကွယ်ကြမလဲ။

ရွှေခရုကျတဲ့လယ်တွေထဲ ဘဲလွှတ် ကျောင်းတာ၊ ထုံးထည့်ပြီး လယ်ထွန်တာ၊ ကန်သင်းရိုးက ရေလွှတ်မြောင်းတွေမှာ စကာတွေ တပ်ဆင်တာ၊ လယ်တစ်ကွင်းနဲ့ တစ်ကွင်းကြားထဲ ကြားခံရေမြောင်းဖောက် ပေးတာတွေ လုပ်ရမှာဖြစ်တယ်လို့ ဒေါ်အေးသန္တာစိုးက ပြောပါတယ်။

နောက်တစ်ခုက ဥတွေကို ဖျက်ဆီး တာပါ။ အုပ်စုလိုက် ခရုကောက်တာတွေ လည်း လုပ်ရမှာပါ။ နောက်တစ်ခု အရေး ကြီးတာတစ်ခုက ဆောင်းခိုခရုစုပ်ငှက်တွေကို သတ်ဖြတ်စားသောက်တာတွေ မလုပ် ဖို့လိုပါတယ်။

ဘာကြောင့် ဆောင်းခိုခရုစုပ်ငှက်တွေ က မသတ်ဖို့လိုသလဲဆိုရင် အဲဒီငှက်တွေက ရွှေခရုတွေကို စားသောက်ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီတုန်းက တနင်္သာရီတိုင်းကို ဆောင်းခိုခရုစုပ်ငှက်တွေ အုပ်စုလိုက်ကြီး လာရောက်ဆောင်းခို အစာရှာကြပါတယ်။

အဲဒီရဲ့အကျိုးဆက်အနေနဲ့ ထားဝယ် မြို့နယ်က ဇဟာရွာမှာ ရွှေခရုဖျက်တာ အတော်လေးလျော့ နည်းသွားပါတယ်။

ဇဟာရွာက လယ်သမားတွေဟာ လည်း မင်းရပ်ရွာက လယ်သမားတွေလိုပဲ ရွှေခရုဖျက်ဆီးတာကို ခံနေကြရတဲ့သူတွေပါ။ ဇဟာရွာမှာဆိုရင် မိုးစပါးရော၊ နွေးစပါးပါ ဖျက်ခံရတာပါ။

“ခရုစုပ်ငှက်တွေဟာ အရမ်းကိုထိ ရောက်မှုရှိတယ်။ အဲဒီငှက်တွေက တန်း လိုက်၊ လိုက်လိုက်ချီတက်ပြီးတော့ ရွှေခရု တွေကို လိုက်စားတာ”

လို့ ဇဟာရွာ အုပ်ချုပ် ရေးမှူး ဦးလွင်မိုးက ပြောပါတယ်။

စိုက်ပျိုးရေး ဦးစီးဌာနကလည်း အသိပညာပေးတာတွေ လုပ်နေပါတယ်။

လယ်သမားတွေကလည်း နည်းလမ်းအမျိုး မျိုးနဲ့ ရွှေခရုကို တိုက်ပွဲဝင် နှိမ်နှင်းနေပေ မယ့် လုံးဝက ကင်းစင်သွားတာမျိုးတော့ မရှိသေးပါဘူး။

ဒါကြောင့် ထားဝယ်ဒေသက လယ် သမားတွေအနေနဲ့ စပါးဈေးကွက်မဝင်ဘူး၊ တင်းတောင်းကြီးတွေနဲ့ ရောင်းနေရပါတယ် ဆိုတဲ့ ညည်းညူအသံတွေအပြင် ရွှေခရု ဆိုတဲ့ စပါးဖျက်သတ္တဝါ မျိုးစိတ်တစ်ခုရဲ့ ဒုက္ခပေးတာမခံရဖို့ သတိထား ကာကွယ်ရ တော့မှာပါ။

အဲတာကြောင့် ရွှေခရုတွေနဲ့ပတ်သတ် ပြီး ဒေါ်သန္တာစိုးက အခုလို သတိပေးပြော ဆိုလိုက်ပါတယ်။

“ရွှေခရုကကျပြီးမှ နှိမ်နှင်းတာထက် ကြိုပြီးတော့မှ ကာကွယ်တာ ပိုအဆင်ပြေတယ်”

ကျော်သူစိုး