၂၀၂၀ ရွေးကောက်ပွဲ တနင်္သာရီတိုင်း မဲဆန္ဒရှင်စာရင်း မကြာမီ ကြေညာမည်

0
498

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC က ထုတ်ပြန်ထားပြီး မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့တွင် စတင်ကြေညာတော့မည် ဖြစ်သည်။

မဲဆန္ဒရှင်စာရင်းများကို သက်ဆိုင်ရာ ရပ်ကျေးရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများတွင် ၁၄ ရက်ကြာ ကြေညာမည် ဖြစ်သည်။

မဲဆန္ဒရှင် စာရင်းထုတ်ပြန်ကြေညာရာတွင် မိမိအမည် မပါဝင်ပါက ကော်မရှင်အဖွဲ့ခွဲ့ရုံးတွင် စောင့်နေသည့် တာဝန်ရှိသူများထံ ဆက်သွယ်နိုင်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးက ဆိုသည်။

ထိုသို့ဆက်သွယ်ပါက မဲစာရင်းတွင် မိမိအမည်ပါဝင်ရေးအတွင် တောင်းဆိုလွှာ (ပုံစံ-၃) ဖြင့် တင်သွင်း ဖြည့်စွက်ရမည် ဖြစ်သည်။

မဲစာရင်းတွင် မပါသင့်သူ ပါဝင်နေပါက ကန့်ကွက်လွှာ (ပုံစံ-၄) တောင်းယူကာ ကန့်ကွက်ရမည် ဖြစ်သည်။

ထို့အပြင် မိမိ၏ မှတ်ပုံတင်အမှတ် သို့မဟုတ် အဘအမည် စသည့် ကိုယ်ရေးအချက်အလက် မှားယွင်းနေပါက ပုံစံ-၄ (ဂ) ဖြင့် ဖြည့်စွက်ပြင်ဆင်ရမည်ဖြစ်သည်။

လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေတွင် မဲဆန္ဒရှင်ကိုယ်တိုင်က မိမိအမည် မဲဆန္ဒရှင်စာရင်းတွင် ပါ/မပါကို သွားရောက်ကြည့်ရှုရန် တာဝန်ရှိသည်ဟု ပြဋ္ဌာန်းထားသည်။

ပြည်သူများ မဲစာရင်းလာကြည့်ချိန်တွင် ကူညီဆောင်ရွက်ပေးရန် ရပ်ကျေးအုပ်စု ကော်မရှင်အဖွဲ့ခွဲတစ်ခုလျှင် ကော်မရှင်အဖွဲ့ဝင်သုံးဦးကို တာဝန်ပေးထားကြောင်း ထားဝယ်မြို့နယ် ရွေး/ကော် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။

အဆိုပါ ရပ်ကျေးကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ၃ ဦး တစ်ရက်လျှင် တစ်ဦးကို ကျပ်ငါးထောင်နှုန်းဖြင့် ထောက်ပံ့ပေး ထားပြီး ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲတစ်ခုလျှင် မဲစာရင်းကပ်မည့် သင်ပုန်း ၃ ချပ်နှုန်းဖြင့် ထုတ်ပေးထားကြောင်း ၎င်းက ဆိုသည်။

“ပြည်သူမဲဆန္ဒရှင်တွေက တောင်း ဆိုလာရင် အဆင်ပြေချောမွေ့အောင်အထိ ဆောင်ရွက်ပေးဖို့ ရပ်ကျေးတွေကို မှာထားတယ်” ဟု ဦးစိုးလွင်က ပြောသည်။

ပထမအကြိမ်မဲစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှစကာ ၁၄ ရက်ကြာ ကြေညာမည်ဖြစ်ပြီး ဒုတိယအကြိမ် ထုတ်ပြန်ရန်လည်း ရှိသေးသည်။

မဲပေးခွင့်ရှိသူအရေအတွက်နှင့် မဲရုံအရေအတွက်
လာမည့်ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင် ၁၁ သိန်းကျော်ရှိပြီး မဲရုံပေါင်း ၁၂၀ဝ ကျော်ရှိမည်ဖြစ်ကြောင်း တိုင်းရွေး/ ကော်အဖွဲ့ခွဲထံမှ သိရသည်။

ထားဝယ်ခရိုင်အတွင်း မဲပေးခွင့် ရှိသူ လေးသိန်းခြောက်သောင်းနီးပါး၊ မြိတ်ခရိုင်တွင် ငါးသိန်းကျော်နှင့် ကော့သောင်းခရိုင်တွင် တစ်သိန်းခွဲကျော်ရှိကြောင်း တိုင်းရွေး/ကော်ထံမှ သိရသည်။

လက်ရှိတွင် တနင်္သာရီတိုင်းအတွင်း ရုံးခန်းဖွင့်လှစ်ထားသည့် ပါတီ ၁၂ ခုရှိ ပြီး ပါတီအရေအတွက် မည်မျှ ရွေးကောက်ပွဲဝင်မည်ကိုမူ ကိုယ်စားလှယ် လောင်းစိစစ်မည့် သတ်မှတ်အချိန်ရောက်မှသာ သိနိုင်မည်ဖြစ်သည်။