ပြည်ပပြန် ဆောက်လုပ်ရေးကျွမ်းကျင် ရွှေ့ပြောင်းလုပ်သားများ အလုပ်လာလျှောက်သူ မရှိ

0
438

ပြည်ပမှပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင် ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်ခေါ်ယူခဲ့သော်လည်း တိုင်းအတွင်း လာရောက်လျှောက်ထားသူ မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ကိုဗစ်ကာလတွင် ပြည်ပနိုင်ငံအသီးသီးမှ ပြန်လာသည့် ဆောက်လုပ်ရေးကျွမ်းကျင်လုပ်သားများကို ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန်အတွက် မြန်မာနိုင်ငံဆောက် လုပ်ရေးလုပ်ငန်းရှင်များအသင်းက ဇူလိုင် လ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ အလုပ်ခေါ်ယူခဲ့သော်လည်း တနင်္သာရီတိုင်းတွင် လာရောက်လျှောက်ထားသူ တစ်ဦးမျှ မရှိကြောင်း တနင်္သာရီတိုင်းဒေသကြီး ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်မင်းမင်းလတ်က ပြောသည်။

“ကျွန်တော်လည်း မျှော်နေတာပဲ။ ကျွန်တော်တို့ တိုင်းကို ဝင်လာတဲ့အထဲမှာ အဲ့ဒီလုပ်ငန်းနဲ့ ပက်သက်တဲ့လူ နည်းလို့ပဲ ကျွန်တော်ထင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ပြောတာကို လက်လှမ်းမမီလို့ မသိလိုက်တာလည်း ဖြစ်နိုင်တယ်” ဟု ဦးကျော်မင်းမင်းလတ်က ဆိုသည်။

ပြည်ပပြန် ဆောက်လုပ်ရေးကျွမ်းကျင်ရွှေ့ပြောင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်း

၎င်း၏ အတွေ့အကြုံအရ တနင်္သာရီတိုင်းမှ ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် ရေလုပ်ငန်း၊ ငါး၊ ပုစွန်အအေးခန်း လုပ်ငန်းနှင့် စားသောက် ဆိုင်လုပ်ငန်း၊ ဆီဆိုင်လုပ်ငန်းများတွင် လုပ်ကိုင်ကြသည်ကို တွေ့ရပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်သူ နည်းပါးကြောင်း ပြောသည်။

ထို့အပြင် ထိုင်းနှင့် မြန်မာ လုပ်ခလစာ ကွာဟမှုကြောင့်လည်း ဖြစ်နိုင်ကြောင်း ၎င်းက ခန့်မှန်းသည်။

အသင်းချုပ်မှ ဇူလိုင် ၁၅ ရက်နေ့ နောက်ဆုံးဟု ဆိုထားသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းကျွမ်းကျင်သူများ အလုပ်လာလျှောက်ပါက ကူညီနိုင်သည့်ဘက်မှ ကူညီဆောင်ရွက်ပေးသွားမည်ဟု ဦးကျော်မင်းမင်းလတ်က ပြောသည်။

တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ ကပ်ကာလအတွင်း ပြည်ပနိုင်ငံအသီးသီးမှ ပြန်လည်ဝင်ရောက်လာသူ ၉၁၆၃ ဦးရှိကြောင်း တိုင်းအစိုးရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးမြင့်