ထားဝယ်လူမိုက်အဖွဲ့ဖမ်းမိ၊ နောက်တစ်ကြိမ်ဖမ်းမိပါက မည်သူ့မျက်နှာမျှ မထောက်ဟု နယ်/လုံဝန်ကြီးပြော

0
2595

လူငယ်အများစုဖြင့် ဖွဲ့စည်းထား သည့် ထားဝယ်လူမိုက်အဖွဲ့ဝင်အချို့ကို ဖမ်းမိခဲ့ပြီးနောက် နောက်တစ်ကြိမ်မကျူးလွန်ရန် ခံဝန်ထိုးစေကာ မိဘများထံ ပြန်အပ်ခဲ့သည်။

ထိုကဲ့သို့ဖမ်းမိသည့် အဖွဲ့မှာ Dawei Punk ဟု အမည်ပေးထားပြီး အဖွဲ့ဝင်အများစုမှာ အသက် ၁၈ နှစ် မပြည့်ကြပေ။

အဆိုပါ Dawei Punk အဖွဲ့ကို ဖျက်သိမ်းရန်နှင့် နောက်တစ်ကြိမ်ထပ်မံ ကျူးလွန်ပါက မည်သူ့မျက်နှာမျှ ထောက်ထားမည်မဟုတ်ဘဲ ပြတ်ပြတ်သားသား အရေးယူတော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ပြောကြားသည်။

ထိုလူငယ်အုပ်စုသည့် ဇွန်လ ၂၁ ရက်နေ့က ထားဝယ်မြို့မှ ရေဖြူမြို့နယ်ဘက်သို့ ဆိုင်ကယ်အစီးရေ ငါးဆယ် ဝန်းကျင်ဖြင့် အုပ်စုဖွဲ့ကာ လမ်းအပြည့် စီးနင်းလာသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

အချို့ဆိုင်ကယ်များတွင် သုံးဦးစီး နင်းလိုက်ပါလာပြီး အချို့တွင် ပါဝါ အိတ်ဇောတပ်ဆင်ထားကြကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

၎င်းက မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်း အစပ်ရှိ မလွှဲတောင်မှ ကားဖြင့်အပြန် အနက်ရောင်အင်္ကျီဆင်တူဝတ်ဆင်ထားသည့် ထိုလူငယ်အုပ်စုနှင့် လမ်းမပေါ် တွင် တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ယင်းလူငယ်အုပ်စုက ဆိုင်ကယ် ကိုယ်စီစီးနင်းကာ ရှေ့တွင် Dawei Punk အဖွဲ့အမှတ်တံဆိပ်ပါ အလံနှစ် ချောင်းနှင့် Punk Not Dead စာသားပါ ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်လာကြောင်း ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

ထိုလူငယ်အုပ်စုကြောင့် မျက်နှာချင်းဆိုင်မှလာသည့် ကားမှန်သမျှက လမ်းဘေး ချရပ်ပေးရပြီး ထိုထဲတွင် ဝန်ကြီးစီးနင်းလာသည့်ကားလည်း ပါဝင်သည်ဟု ပြောသည်။

ကားများဆက်မောင်းမည်ဆိုပါက အဆိုပါ ဆိုင်ကယ်အုပ်စုကို တိုက်မိမည်စိုးသဖြင့် လမ်းဘေးရပ်ပေးကြခြင်းဖြစ်သည်။

“ဓာတ်ပုံလှမ်းရိုက်လိုက်ရင် ဓာတ်ပုံ ရိုက်တဲ့လူကို ဝိုင်းရိုက်၊ ဝိုင်းရိုက်ပြော တယ်။ ကျွန်တော်ပါကြားထဲက အရိုက်ခံ ရမှာစိုးလို့ မရိုက်ဘဲနဲ့ သက်ဆိုင်ရာနဲ့ စီစဉ်ပြီးတော့ပဲ ဖမ်းခိုင်းရတယ်” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။

ရဲတပ်ဖွဲ့က ဖမ်းဆီးချိန်တွင် အခင်းဖြစ်သည့်နေရာ၌ ၄ ဦးကို ဖမ်းမိခဲ့ပြီး ၎င်းတို့ကို စစ်မေးရာမှတစ်ဆင့် စုစုပေါင်း ၁၂ ဦးကို ဖမ်းမိထားသည်။

အဆိုပါလူငယ်အများစုက ထားဝယ်မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးတွင် နေထိုင်ကြပြီး အသက်အရွယ်အားဖြင့် ၁၃ နှစ် ဝန်းကျင်မှ ၂၀ ကျော်အထိ ရှိသည်။

ထိုကဲ့သို့ လူမိုက်၊ လူရမ်းကားများကြောင့် ထားဝယ်ဒေသ၏ ဂုဏ်ကို ထိခိုက်စေခြင်း၊ လူငယ်များ နောက်တစ်ကြိမ် ထပ်မံကျူးလွန်ပါက ပြင်းပြင်းထန်ထန် အရေးယူတော့ဖြစ်ကြောင်း လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။

“ကျွန်တော်တို့ကတော့ ကျွန်တော်တို့ တနင်္သာရီတိုင်း၊ ကျွန်တော်တို့မြို့ ဖျက်ဆီးတာတော့ ပျက်စီးမခံနိုင်ဘူး။ အခုသတိပေးပြီးပြီ။ တင်းတင်းကျပ်ကျပ် လုပ်မယ်။ ထိထိရောက်ရောက် အရေးယူမယ်။ ရှိတဲ့ဥပဒေ ပုဒ်မတွေတပ်မယ်။ ဘယ်သူ့မျက်နှာမှ မကြည့်ဘူး။ ထားဝယ်မြို့ သန့်ရှင်းဖို့၊ ထားဝယ်မြို့တိုးတက်ဖို့ ဒီမျက်နှာတစ်ခုတည်းပဲကြည့်မယ်။ ဒါပြတ်ပြတ်သားသား ကြေညာလိုက် တာပဲ” ဟု ၎င်းက ပြောသည်။

ယခုလအတွင်းမှာပင် အဆိုပါ ထားဝယ်အဖွဲ့နှင့် လောင်းလုံးအဖွဲ့တို့ ရိုက်ပွဲဖြစ်ခဲ့ကြသေးသည်။

လက်ရှိဖမ်းမိသည့် လူငယ်များကို စစ်ဆေးရာမှတစ်ဆင့် နောက်ထပ်လူငယ် ၁၇ ဦးကို ဖမ်းမိပြီး ၎င်းတို့ကိုလည်း မိဘအုပ်ထိန်းသူနှင့် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုခေါ်ကာ ခံဝန်ထိုးစေပြီး ပြန်လွှတ်လိုက်ကြောင်း ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သိန်းက ဆိုသည်။

နောက်ထပ်ဖမ်းမိသည့် လူငယ်များကလည်း ဆယ်ကျော်သက်များပင် ဖြစ်ကြောင်း ၎င်းကပြောသည်။

အဆိုပါ ဆိုးသွမ်းလူငယ်များကို ခံဝန်ထိုးခိုင်းခြင်းမှာ မဖြစ်သင့်ဘဲ ပြတ်ပြတ်သားသား အရေးယူရန်လိုအပ်ကြောင်း ထားဝယ်မြို့ခံအချို့က ပြောဆိုဝေဖန်ကြသည်။

ယင်းကဲ့သို့ ဆိုးသွမ်းနေသည့် လူငယ်များကို ခံဝန်ထိုးရုံဖြင့် ပြန်လွှတ်လိုက်ပါက နောက်ပိုင်းတွင် အခြေအနေ ပိုဆိုးလာနိုင်ကြောင်း ထားဝယ်မြို့နေ လူငယ်တစ်ဦးက မှတ်ချက်ပြုသည်။

ထိုကြောင့် ဖမ်းမိသည့်လူငယ်များကို အသက်အရွယ်အရ နှစ်ပိုင်းခွဲကာ အသက်ပြည့်သူများကို တရားစွဲအရေးယူပြီး အသက်မပြည့်သူများကိုမူ ခံဝန်ထိုးစေသင့်ကြောင်း ၎င်းက ဆိုသည်။

ထို့အပြင် လက်ရှိဖမ်းမိသည့် လူငယ်များထဲတွင် Dawei Punk ဂိုဏ်းခေါင်း ဆောင်ဆိုသည့် လူငယ်တစ်ဦးလည်း ပါဝင်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။

သို့သော် အမှန်တကယ် ဂိုဏ်း ခေါင်းဆောင်ဆိုသူမှာ လက်ရှိဖမ်းမိသည့် လူငယ်မဟုတ်ဘဲ လွတ်မြောက်နေဆဲဖြစ်ကြောင်း ထားဝယ်မြို့နေ အထက်ပါလူငယ်က ဆိုသည်။

“တကယ်က ခေါင်းဆောင်ပိုင်းတွေက အပြင်မှာ ရှိနေတယ်။ လူလတ် ပိုင်းတွေဖြစ်တယ်။ ဒီလူတွေ အပြင်မှာ ရှိနေသရွေ့ ဒီလိုပဲထပ်ဖြစ်လာနေဦးမယ်”ဟု ယင်းလူငယ်က ပြောသည်။

ရဲတပ်ဖွဲ့ကမူ ယင်းအဖွဲ့တွင် အသက်ပြည့်သည့် လူလတ်ပိုင်းပါဝင်မှုရှိ မရှိ၊ အခြားပယောဂ ပါဝင်ခြင်းရှိ မရှိကို စောင့်ကြည့်နေသည်ဟု ဆိုသည်။

“ကျွန်တော်တို့လည်း စောင့်ကြည့် အနေအထားအရ နယ်ထိန်းအဖွဲ့နဲ့ စောင့် ကြည့်ထားပါတယ်”ဟု ရဲမှူးကျော်သိန်းက ပြောသည်။

အဆိုပါ Dawei Punk အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် မိန်းကလေးအချို့ပါ ပါဝင်နေပြီး ၎င်းတို့က Facebook စာမျက်နှာပေါ်တွင် Group တစ်ခုဖွဲ့ထားသည်။