မြိတ်က ပုစွန်ကန် သိမ်းဆည်းမြေကိစ္စကို တိုင်းလွှတ်တော် မြေယာစောင့်ကြည့်ရေးအဖွဲ့ စစ်မည်

0
372

မြိတ်မြို့နယ် ကျောက်ဖျာကျေးရွာအုပ်စု လော့လော့ကျေးရွာရှိ ပုစွန်ကန်ဆောင်ရွက်ရန်အတွက် သိမ်းဆည်းထားသော မြေယာကိစ္စကို တိုင်းလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့်ရေးအဖွဲ့က စတင်စစ်ဆေးမည်ဖြစ်ကြောင်း ယင်းအဖွဲ့ဥက္ကဋ္ဌ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးတိုးလွင်က ပြောသည်။

တိုင်းလွှတ်တော်ထံ တိုင်ကြားထားသည့် မြေယာအငြင်းပွားမှုကိစ္စများအနက် ယင်းအဖွဲ့က ဦးစားပေး ကိုင်တွယ်စိစစ်မည့် မြေယာကိစ္စကို ရွေးထုတ်ခဲ့ပြီး လော့လော့ရွာက ပုစွန်ကန်ကို ပထမဆုံး စိစစ်မည် ဖြစ်ကြောင်း ဦးတိုးလွင်က ပြောသည်။

လော့လော့ကျေးရွာတွင် လယ်မြေ၊ ဓနိမြေ၊ တောရိုင်းမြေအပါအဝင် မြေဧက ၄၂၀ ကို ပုစွန်ကန် ဆောင်ရွက်ရန်အတွက် ငါးလုပ်ငန်းဦးစီးဌာနက ၂၀၁၃ ခုနှစ်တွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။

သိမ်းဆည်းခံ တောင်သူတို့က လယ်မြေပြန်လုပ်ခွင့်ရရေးအတွက် တိုင်းအစိုးရ၊ နိုင်ငံတော်သမ္မတရုံးအထိ အကြိမ်ကြိမ်စာပို့ တောင်းဆိုနေကြသည်။

ယင်းမြေယာကိစ္စများ နှစ်ကြာလာပြီဖြစ်ခြင်း၊ တောင်သူများဘက်မှ တင်ပြသည့် အထောက်အထား ခိုင်လုံနေခြင်းတို့ကြောင့် ဦးစားပေးစစ်ဆေးရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း ဦးတိုးလွင်က ပြောသည်။

“အဲဒီကိစ္စက အရင်အစိုးရလက်ထက်ကတည်းဖြစ်နေတာဆိုတော့ ကြာနေပြီလေ။ ပြီးတော့ အထောက်အထားတွေကလည်း ခိုင်လုံနေတဲ့အတွက်ကြောင့် အရင်ဆုံးစစ်ဆေးဖို့ လုပ်တာပေါ့နော်” ဟု ဦးတိုးလွင်က ပြောသည်။

တိုင်းလွှတ်တော် မြေယာအငြင်းပွားမှုစောင့်ကြည့်ရေး အဖွဲ့ကစစ်ဆေးရန် ရွေးထားသော နောက်ထပ် မြေယာအငြင်းပွားမှု သုံးခုကိုမူ ထုတ်ဖော်ပြောဆိုရန် မရသေးကြောင်း ၎င်းကပြောသည်။

လောလော့ပုစွန်ကန် သိမ်းဆည်းမြေအတွက် တောင်သူ ၂၂ ဦး၏ ဓနိတောမြေနှင့် လယ်ဧက ၂၇၀ ရှိကြောင်း ကျောက်ဖျာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှတ်တမ်းတွင် ဖော်ပြထားသည်။