ကပ်ဘေးထဲက တော်လှန်ရေး

0
347

အခန်း(၁)
ပျောက်ဆုံးနေသူများ
“ကပ်ဘေးသည် ဂိတ်တံခါး” “The pandemic is a portal” ဆိုတဲ့ ဆောင်းပါးမှာ အိန္ဒိယပြည်သူ တွေရဲ့ဒုက္ခကို အာရန်ဒါတေရွိုင်း (Arundhati Roy)က အခုလိုရေးပြပါတယ်။
မနှစ်က ဒီဇင်ဘာလက တရုတ်ပြည်ဝူဟန်မှာ ဗိုင်းရပ်စ်ကို နှိမ်နင်းနေချိန် အိန္ဒိယမှာက ခွဲခြားဆက်ဆံမှုကို အခြေခံတဲ့နိုင်ငံသားဥပဒေကို ပြည်သူများစွာက ဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။ ကိုဗစ်လူနာပထမဆုံး စတွေ့တာက ဇန်နဝါရီ ၃၁ ရက်မှာပါ။

ဖေဖော်ဝါရီလမှာကလည်း အမေရိကန်သမ္မတလာတဲ့ ခရီးစဉ်စတာတွေနဲ့ ရှုပ်နေပါတယ်။ အာဏာရ ဟိန္ဒူအမျိုးသားရေး ပါတီ(BJP) က ဒေလီ ရွေးကောက်ပွဲမှာရှုံးသွားလို့ ဒေလီမွတ်စလင်တွေကို ဦးတည်တဲ့အကြမ်းဖက်မှုတွေလည်း ဖြစ်နေပါတယ်။ မတ်လ ၁၁ ရက်နေ့မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ဘေးအဖြစ် ကြေညာပါပြီ။ မတ်လ ၁၉ မှာတော့ အိမ်စာသေချာလုပ်ထားပုံမရတဲ့ ဝန်ကြီးချုပ်ဟာပြည်သူတွေ ဝရန်တာထွက်ပြီး ဇလုံတွေ၊ ပန်းကန် တွေတီးကြ၊ ကျန်းမာရေးဝန်ထမ်းတွေကို ဂုဏ်ပြုကြလို့ပြောပါတယ်။ (ပြင်သစ်တို့၊ အီတလီတို့မှာလို လိုက်လုပ်ခိုင်းတာပါ)။ အစိုးရအနေနဲ့ ဘာတွေလုပ်ဖို့ ရှိတယ်ဆိုတာမျိုး ပြောမသွားပါဘူး။

မတ်လ ၂၄ ရက်နေ့ ည ၈ နာရီမှာ ဝန်ကြီးချုပ်မိုဒီဟာ တီဗီကနေပြီး အဲဒီနေ့ညဉ့်သန်းခေါင်က စလို့ အားလုံးကို ပိတ်သိမ်းပြီ (Lockdown) လို့ ကြေညာပါတယ်။ ကိုယ်ပိုင်ကားအပါအဝင် သယ်ယူပို့ဆောင်ရေး အားလုံးကိုလည်း ထွက်ခွင့်မပေး တော့ပါဘူး။ ဒါဟာ လူဦးရေ ၁ ဒသမ ၃၈ ဘီလီယံ ရှိတဲ့နိုင်ငံတစ်ခုကို လေးနာရီအချိန်ပေးပြီး ပိတ်သိမ်း လိုက်တဲ့ကိစ္စပါ။ ဘယ်ပြည်နယ်အစိုးရနဲ့မှလည်း တိုင်ပင်ခဲ့တာမရှိပါဘူး။ “အိန္ဒိယဝန်ကြီးချုပ်ဟာ ပြည်သူကို ချုံခိုတိုက်ခိုက်ဖို့လိုတဲ့ ရန်သူအဖြစ်မြင်တယ်။ ဘယ်တော့မှ ယုံလို့မရတဲ့၊ ဗြုန်းစားလုပ် မှရမယ့်သူတွေလို့ထင်တယ်။ India’s Prime Minister thinks to citizens as a hostile force that needs to be ambushed, taken by surprise, but never trusted” လို့ ရွိုင်းက သုံးသပ်ပါတယ်။

အထိတ်တလန့်နဲ့ ကမ္ဘာကကြည့်နေချိန်မှာပဲ လူမှုစီးပွားဖွဲ့စည်းပုံမညီမျှတာ၊ လူတွေရဲ့ ဆင်းရဲ ဒုက္ခကိုရက်ရက်စက်စက် လျစ်လျူရှုတာစတဲ့ အရှက်ရစရာတွေကို အိန္ဒိယဟာ အထုပ်ဖြေပြတော့ တာပါပဲ။

လုပ်ငန်းတွေအားလုံးရပ်တန့်ပြီး လူလတ်တန်းစားနဲ့ လူချမ်းသာတွေ သူတို့ရဲ့ခြံဝင်းတံခါး တွေနောက်ဝင်သွားတဲ့အချိန်မှာပဲ မြို့ကြီးတွေဟာ သူတို့ရဲ့အလုပ်သမားလူတန်းစား၊ ရွှေ့ပြောင်းလုပ်သားတွေကို မလိုလားအပ်တဲ့ လူတွေလိုပြုမူလာကြတယ်။ အလုပ်ရှင်တွေ၊ အိမ်ရှင်တွေက မောင်းထုတ်လိုက်တဲ့ သန်းနဲ့ချီတဲ့လူတွေဟာ ဇာတိရပ်ရွာပြန်ဖို့ လုပ်ကြရတယ်။ လူကြီး၊ လူငယ်၊ ကလေး၊ မသန် စွမ်း၊ မျက်မမြင် အစုံပါပဲ။ ဘယ်လိုသယ်ယူပို့ ဆောင်ရေးမှ မရှိတော့ မိုင်ရာချီခရီးတွေအထိ လမ်းလျှောက်ကြရတယ်။ တချို့လည်း လမ်းမှာသေကြတယ်။

ဇာတိရပ်ရွာကို ရောက်ရင်လည်း အငတ်ဘေး ကြုံနိုင်တယ်။ ကိုယ်နဲ့အတူ ဗိုင်းရပ်စ်ပါလာပြီး မိသားစုကို ကူးစက်နိုင်တာလည်း သိတယ်။ ဒါပေမဲ့ ဒီလူတွေအတွက်က ခိုလှုံစရာနေရာ၊ ရင်းနှီးကျွမ်းဝင်ရာနေရာ၊ ဂုဏ်သိက္ခာ တစ်စွန်းတစ်စလောက်လေးဖြစ်ဖြစ် ရှိနိုင်မယ့်နေရာကို အသည်းအသန် လိုအပ်နေခဲ့တာပါ။

ဒီလူတွေ လျှောက်လာတဲ့ လမ်းမှာလည်း ရဲတွေက အရှက်ရအောင်လုပ်တာ၊ ရိုက်နှက်တာ တွေခံရတယ်။ ဘာရီလီ (Bareilly) မြို့ပြင်မှာဆိုရင် လူတွေကို ကျွဲ၊ နွားအုပ်လို မောင်းသွင်းပြီး မီးသတ်ပိုက်နဲ့ ဓာတုဆေးတွေ ဖျန်းတာခံကြရတယ်။ နောက်ရက်တွေကျတော့ တစ်ခါ ဒီလမ်းလျှောက် လာတဲ့သူတွေကိုပဲ ဒေသအာဏာပိုင်တွေက သူတို့ နယ်မြေထဲပေးမဖြတ်တော့ဘူး။ လာရာလမ်းကို ပြန်ခိုင်းကြတယ်။

အိန္ဒိယမှာ ဒီလောက်ပမာဏ နေရာပြောင်းရမှုက ၁၉၄၇ အိန္ဒိယနဲ့ပါကစ္စတန် နှစ်ခြမ်းကွဲချိန်ကပဲ ရှိခဲ့ဖူးတယ်။ အဲဒီတုန်းကတော့ ဘာသာရေးကြောင့် ပါ။ အခုကတော့ လူတန်းစားဖြစ် တည်မှုကြောင့်ပါ။ ဒါတောင်မှ ဒီလူတွေဟာ အိန္ဒိယရဲ့အဆင်းရဲဆုံးတွေ မဟုတ်သေးပါဘူး။ အနည်းဆုံးမြို့ပြမှာ အလုပ်လာလုပ်ပြီး ပြန်စရာဇာတိရပ်ရွာရှိပါသေးတယ်။

စာရေးဆရာမရွိုင်းဟာ သူ့ရဲ့စာနယ်ဇင်းကတ် တန်ခိုးနဲ့ ဒေလီမြို့ပြင် တော်တော်ဝေးဝေးအထိ ဒီလူအုပ်ကြီးကို တွေ့ခွင့်မေးခွင့်ရခဲ့ပါတယ်။ အားလုံးကတော့ ဗိုင်းရပ်စ်ကို ပူကြတယ်။ ပိုပြီးပူနေရတာကတော့ အလုပ်မရှိတော့မှာ၊ စားစရာမရှိတော့မှာ၊ ရဲတွေရဲ့အကြမ်းဖက်တာကို ခံရမှာတွေပါပဲ။ နီပေါနယ်စပ်လောက်အထိ လမ်းလျှောက်ပြန်ရမယ့် လက်သမားဆရာကြီး ရမ်ဂျိ (Ramjeet) က သူ့ကိုပြောပါတယ်။

“ဒီလိုပိတ်လိုက်ဖို့ မိုဒီကြီး ဆုံးဖြတ်တုန်းက ဘယ်သူကမှ ကျုပ်တို့အကြောင်းကို မပြောဘူး ထင်တယ်။ ကျုပ်တို့ရှိနေတာကို သူမသိဘူးထင်တယ်”

ရွိုင်းက လက်သမားဆရာကြီးပြောတဲ့ “ကျုပ်တို့” ဆိုတာဟာ အနည်းဆုံးသန်း ၄၆၀ လောက်ရှိမယ့် သာမန်ပြည်သူတွေပါတဲ့။ လက်သမားကြီးရဲ့စကားကို ရွိုင်းလိုပဲ ကျုပ်တို့လည်း တုန်လှုပ်ရပါတယ်။ အစိုးရမင်းများရဲ့ မေ့လျော့ခြင်းကိုခံနေရတဲ့ လူတန်းစားတွေဟာ ဘယ်သူတွေပါလိမ့်။

စီးပွားရေးအကျပ်အတည်းက လူတွေမှာ နဂိုကတည်းက ရှိနေပြီးသား။ နိုင်ငံရေးအကြပ် အတည်းကလည်း ကြုံနေတုန်း။ ပဋိပက္ခ မီးတောက်ကလည်း လောင်နေတုန်း။ “ကျွန်မတို့ ကြုံနေရတာ ဘာပါလိမ့်။ ဗိုင်းရပ်စ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဗိုင်းရပ်စ်ထက် ပိုတာသေချာပါတယ်”

အခန်း(၂)
အာဏာပိုင်များ
ကပ်ဘေးထဲကတော်လှန်ရေးဆိုတဲ့ ခေါင်းစဉ်ကို စဉ်းစားတဲ့အခါ အာဏာရှင်ကြီးရဲ့လက်ထဲက တူတစ်ချောင်းကို သတိရတယ်။ ထုစရာတူရှိထားတဲ့ အာဏာရှင်ကြီးဟာ ပြဿနာတိုင်းကို သံအဖြစ် မြင်တယ်။ နစ်ဝင်သွားအောင် ထုနှက်လိုက်ရမယ်။ ထိန်းချုပ်လိုက်ရမယ်။ ရှိထားတဲ့လက်နက်နဲ့ သူတွေ့ မြင်တတ်သမျှက ဒါပဲ။ ဒါနဲ့ပဲ သူဟာ သံမဟုတ်တာ တွေရော၊ သံဟုတ်တာတွေရောကို (ပြဿနာဟုတ် တာရော၊ မဟုတ်တာရောကိုပါ) အင်နဲ့အားနဲ့ အာဏာနဲ့ ထုနှက်နေတော့တာပါပဲ။

လက်ရှိဖြစ်နေတဲ့ ကပ်ဘေးကြီးမှာ အာဏာရှင် နိုင်ငံတွေရော၊ ဒီမိုကရေစီနိုင်ငံတွေရောဟာ အာဏာနဲ့ အင်အားနဲ့ ဖြေရှင်းဖို့ကြိုး စားကြရတယ်။ ဗိုင်းရပ်စ်က သံတစ်ချောင်းဆိုရင် ဒါကို နစ်ဝင် ပျောက်ကွယ်သွားအောင် ထုနှက်လိုက်ကြစို့ဆိုတဲ့ သဘောမျိုးပါပဲ။ အာဏာရှင်ကြီးရဲ့ လက်ထဲကတူကို ထိတ်လန့် စိတ်ပျက်လေ့ရှိတဲ့ ပြည်သူတွေကတောင် ဒီတစ်ခါ မှာတော့ စိတ်လိုလက်ရ လိုက်နာကြပါတယ်။ ပိတ်ဆို့ ကြစို့။ တားဆီးကြစို့။ နာခံကြစို့။

ဒါပေမဲ့ ကပ်ဘေးဟာ သူ့ထက်ကြီးတဲ့ပြဿနာရဲ့ အစိတ်အပိုင်းဆိုတာကို ကျုပ်တို့သိကြပါ တယ်။ လတ်တလော လုပ်ရမယ့်အလုပ်တွေရှိသော်လည်း ဆက်စပ်မှုတွေနဲ့ ရေရှည်ကိစ္စတွေကို မစဉ်းစားရင် လမ်းပျောက်ကြဦးမှာ ကြိုတင်ပူပန်နေ ကြရပါတယ်။

လုပ်ရိုးလုပ်စဉ်ဆိုတဲ့ ဘိန်းလေးစွဲပြီး မှိန်းနေချိန်မှာ ရုတ်တရက်ဆေးဖြတ်စခန်းကို အပို့ခံလိုက်ရ သလိုပဲလို့ လက်ရှိကပ်ဘေးကြီးကို ရည်ညွှန်းပြောဆိုသူက ချားလ်စ်အိုင်စန်စတိုင်း (Charles Eisenstein) ဆိုတဲ့စာရေးဆရာတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ကော်ရိုနေရှင်း (Coronation) ဆိုတဲ့ ဆောင်းပါးရှည်ကြီးကို ဒီကာလမှာ ဆွေးနွေးငြင်းခုံကြပါတယ်။ ဒီကာလမှာ ရွေးချယ်မှု တွေလုပ်ကြတယ်။ ဘယ်ရွေးချယ်မှုကို ဘာအတွက်လုပ်ရတယ်။ ဘယ်အထိပဲလုပ်ရမှာ ဆိုတာမျိုးတွေကို သေသေချာချာသတိထားကြဖို့ သူကတိုက်တွန်းပါတယ်။

ထိတ်လန့်နေတဲ့ ပြည်သူလူထုကြီးဟာ အာဏာရှင်တွေကို ဒီကပ်ဘေးကြီးထဲမှာ ဘာတွေ လုပ်ဖို့ခွင့်ပြုလိုက်ကြသလဲ။ တစ်ကမ္ဘာလုံး ပမာဏနဲ့ စာရင်းလုပ် ကြည့်ရအောင်။

  • လူအားလုံးရဲ့ လှုပ်ရှားမှုကို အချိန်တိုင်းမှာ ခြေရာခံတယ်။ (ဗိုင်းရပ်စ်တားဆီးဖို့)
  • လူစုလူဝေးလှုပ်ရှားခွင့်တွေကို ရုပ်သိမ်းတယ်။ (ဗိုင်းရပ်စ်တား ဆီးဖို့)
  • သာမန်ပြည်သူတွေအပေါ် လုံခြုံရေးတပ်တွေရဲ့ အင်အားသုံးမှုကို ခွင့်ပြုတယ်။ (ဗိုင်းရပ်စ် တားဆီးဖို့)
  • အင်တာနက်ဖြတ်တောက်တယ်။ (သတင်းမှားတွေတားဖို့၊ ဗိုင်းရပ်စ်တားဆီးဖို့)
  • အိမ်ထဲက မထွက်ရဘူး။ တစ်နေရာကနေ တစ်နေရာကို မဖြတ်သန်းရဘူးဆိုတာကို သတ်မှတ်နိုင်တဲ့ အကြွင်းမဲ့အာဏာကို အစိုးရက သုံးတယ်။ (ဗိုင်းရပ်စ် တားဆီးဖို့)
    “ဒါတွေဟာ ယာယီလိုအပ်ချက်အတွက် လုပ်ရတာပါ။ အမြဲတမ်းရှိသွားမှာမဟုတ်ပါဘူးလို့ ခင်ဗျားပြောကောင်းပြောမယ်။ ဒါပေမဲ့ လုပ်ခဲ့ဖူးတဲ့ အစဉ်အလာတော့ရှိသွားပါပြီ” လို့ ချားလ်စ်က ပြောပါတယ်။
    တကယ်တော့ အစိုးရဆိုတာတွေကလည်း ပြည်သူတွေရဲ့ လတ်တလောနဲ့ အနာဂတ် ကောင်းကျိုးချမ်းသာကို သိပ်လုပ်ပေးတတ်တဲ့သူတွေ မဟုတ်ပါဘူး။ အနာဂတ်မျိုးဆက်အတွက် ဆိုတာမျိုးဟာ သူတို့စဉ်းစားလေ့ ရှိတဲ့ကိစ္စမဟုတ်ပါဘူး။ ဥပမာအားဖြင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုပြဿနာကို ကြည့်ပါ။ သဘာဝပတ်ဝန်းကျင်ပြဿနာတွေကို ကြည့်ပါ။ ကလေးတွေ အာဟာရချို့တဲ့နေတဲ့ ပြဿနာကို သူမဖြေ ရှင်းတတ်ဘူး။ မြေဆီလွှာပျက်စီးပြီး စိုက်မရ၊ ပျိုးမရဖြစ်လာတဲ့ ပြဿနာကို သူမဖြေရှင်းတတ်ဘူး။ အခြေအမြစ်ပျက်လာတဲ့ လူထုဘဝပြဿနာကို သူမဖြေရှင်းတတ်ဘူး။ ကူးစက်ရောဂါ မဟုတ်တဲ့ အခြားသောရောဂါဘယတွေရဲ့ ပြဿနာကို သူမဖြေရှင်းတတ်ဘူး။

ဒါဆိုရင်အစိုးရတွေဘာလုပ်တတ်လေ့ရှိလဲ။ တိုတိုဖြေရရင်တော့ ဘယ်သူဟာ ရန်သူလို့ လက်ညှိုးထိုးတတ်တယ်။ ရန်သူကို ချေမှုန်းဖို့အင်အားသုံးတတ်တယ်။ သူ့မှာရှိထားပြီးသား “တူ” ကြီးဟာ ဒီနေရာမှာ အသုံးဝင်တယ်။ ဒီရန်သူကို ချေမှုန်းတာဟာ ပြည်သူ့အကျိုးစီးပွားအတွက်လို့ သူကပြောမယ်။

ချားလ်စ်က ဒါကို စစ်စရိုက်၊ စစ်အကျင့် (War mentality) လို့ ရည်ညွှန်းပါတယ်။
ကပ်ဘေးဖြစ်တော့ အားလုံးက ငြင်းဆန်မှာမဟုတ်တဲ့ရန် သူက အထင်အရှားရှိပါတယ်။ ရန်သူကတော့ ကိုရိုနာ ဗိုင်းရပ်စ် (SARS-CoV-2) ပါ။ “ကျုပ်တို့ ဟာ စစ်ပွဲထဲရောက်နေပြီ” လို့ အမေရိကန်သမ္မတက ပြောတယ်။ တခြားခေါင်းဆောင်များစွာကလည်း ပြောပါတယ်။ ရန်သူကို ရင်ဆိုင်ဖို့ပြည်သူတွေအသင့် ပြင်ကြ၊ ညွှန်ကြားတာတွေ နာခံကြလို့ ခေါင်းဆောင်တွေက ပြောပါတယ်။

တကယ်တော့ အစိုးရတွေရဲ့ တုံ့ပြန်ပုံဟာ ပုံမှန်အတိုင်း ရန်သူကိုလက်ညှိုးထိုးပြီး “သူတို့ ငါတို့” ခွဲခြားသတ်မှတ်တဲ့၊ ချုပ်ကိုင်တဲ့ လုပ်ငန်းကိုပဲ လုပ်နေတာပါ။ ပြည်ပက ပြန်လာသူတွေမှာ ဗိုင်းရပ်စ် ပါနိုင်တယ်။ (ရန်သူ့ဘက်တော်သားတွေ)။ နေရပ်ပြန် လာတဲ့ရွှေ့ပြောင်း လုပ်သားတွေမှာ ဗိုင်းရပ်စ်ပါနိုင်တယ်။ (ရန်သူ့ ဘက်တော်သားတွေ)။ မြို့ကပြန် လာသူတွေ၊ မြို့ကိုပြန်လာသူတွေကို ပေးမဝင်နဲ့ ဗိုင်းရပ်စ်ပါနိုင်တယ်။ (ရန်သူ့ ဘက်တော်သားတွေ)။

ရန်သူကို လက်ညှိုးထိုး (တကယ် မရှိရင်လည်း ဖန်တီး)ပြီး “သူတို့ငါတို့ (Us and Them)” အနေနဲ့ ထိန်းချုပ်နှိမ်နင်းတဲ့ပုံစံဟာများစွာသောကိစ္စတွေမှာ မအောင်မြင်ပါဘူး။ ကိုဗစ်ကပ် ဘေးမှာတော့ လတ်တလောအတွက်အောင်မြင်နိုင်ပါတယ်။ (တခြားရွေးချယ်စရာလမ်း မရှိဘူးလို့လည်း အကြောင်းအကျိုးနဲ့ပြော နိုင်စရာတွေရှိပါတယ်)။

ဒါပေမဲ့ အပြင်ကိုပဲ လက်ညှိုးထိုးနေပြီး အတွင်းမှာပြိုပျက်နေတာတွေ၊ အသားကျနေတဲ့ တွေးမြင်ပုံတွေကို ပြန်မကြည့်ရင်တော့ အခက်အခဲများစွာဆက် ရင်ဆိုင်နေကြရဦးမှာပါပဲ။

“ရှင်တို့ပြောတဲ့ လူတွေခပ်ခွာခွာ နေရမယ် (Social Distancing) ဆိုတဲ့ စကားက အိန္ဒိယလိုနိုင်ငံမျိုးအတွက်က ရယ်စရာပဲ။ သန်းနဲ့ချီတဲ့ ပြည်သူတွေနေရတဲ့နေရာတွေဟာ ကျပ်တည်းနေ ပြီးသား။ ပြင်ဆင်ချိန်မပေးဘဲ အပြင်မထွက်ရ အမိန့်ထုတ်လိုက်တဲ့အခါ တကယ်ကြုံရတာက ကားတွေ၊ ရထားတွေ၊ အိမ်တွေမှာ လူတွေဖိသိပ်ခံရတာ (Physical compression)ပဲ” ဒီမှတ်ချက် စကားကိုပြောတာက အိန္ဒိယစာရေးဆရာမ အာရန်ဒါတေရွိုင်းပါ။

ဒီကပ်ဘေးကြီးထဲမှာ လေထုညစ်ညမ်းမှုများတဲ့နေရာက လူတွေပိုပြီး အသေအပျောက်များတယ်လို့ ကနဦး လေ့လာချက်တွေမှာ တွေ့ရပါတယ်။ ကမ္ဘာတစ်ဝန်းလုံးမှာ နှစ်စဉ်လေထု ညစ်ညမ်းမှုကြောင့် လူခုနစ်သန်းလောက် သေဆုံးနေရပြီးသားပါ။ လေထုညစ်ညမ်း မှုကြောင့် အသက်ရှူလမ်းကြောင်းနဲ့ နှလုံးလမ်းကြောင်းရောဂါများပြီးသား ဒေသတွေကို ကိုဗစ်ရောက်သွားတဲ့အခါ အသေအပျောက်နှုန်းများပါတယ်။ အီတလီမြောက်ပိုင်းဟာ အဲဒီလိုညစ်ညမ်းမှုများတဲ့ ဒေသမျိုးလို့ ဆိုပါတယ်။ ၂၀ဝ၃ ဆားဗိုင်းရပ်စ်ကူးစက်မှုရောဂါဘေးမှာလည်း အဲဒီလိုအဆက်အစပ်ကို သုတေသနစစ်တမ်းတွေမှာ တွေ့ရှိပြီးဖြစ်ပါတယ်။ (Air pollution and case fatality of SARS in the People’s Republic of China; an ecologic study)

အီတလီနိုင်ငံကထုတ်ပြန်တဲ့ အစောပိုင်း(မတ်လ)စာရင်း တွေအရဆိုရင်လည်း သေဆုံးသူ ၉၉ ရာခိုင်နှုန်းလောက်ဟာ ရောဂါအခံရှိထားကြသူတွေဖြစ်ပါတယ်။ တခြားနိုင်ငံတွေမှာ လည်း ဒီအတိုင်းပဲ။ ရှိရင်းစွဲအခြေအနေတွေကြောင့် ယိုင်နေတဲ့ဘဝတွေကို ကိုရိုနာဗိုင်းရပ်စ်က တွန်းလှဲသွားတာပဲ။ မဖြစ်မနေ အလုပ်ထွက်လုပ်ရတဲ့ ဆင်းရဲသားတွေ၊ မပြည့်မစုံအခြေအနေတွေနဲ့လူနာကို စောင့်ရှောက်ရတဲ့ကျန်းမာရေးဝန်ထမ်းတွေဟာ ရှိရင်းစွဲစနစ် အောက်မှာ အကာအကွယ်မဲ့နေ ပြီးသားပါ။ သူတို့ဆီကိုလည်း ဗိုင်းရပ်စ်က အလွယ်တကူ ဝင်သွားတာပါပဲ။

နောက်ခံပတ်ဝန်းကျင်အခြေအနေ သီအိုရီ (Terrain Theory) က ဘယ်လိုအကြောင်းခံတွေကြောင့် ပြဿနာပေါ်ရသလဲလို့ ကြည့်ပါတယ်။ သူနဲ့မတူဘဲ ပိုးမွှားတွေကို စစ်ကြေညာနှိမ်နင်းဖို့ကိုပဲ အာရုံစိုက်တဲ့ပိုးမွှားသီအိုရီ (Gern Theory) လည်းရှိပါတယ်။ ကန်ထဲမှာ ငါးတစ်ကောင် “နာ” နေတယ်ဆိုရင် ပိုးမွှားသီအိုရီသမားက အဲဒီငါးကို ခွဲထားလိုက်၊ ဆေးထိုးလိုက်လို့ ပြောပါလိမ့်မယ်။ နောက်ခံပတ်ဝန်းကျင် သီအိုရီသမားကတော့ ကန်ကိုသန့်ရှင်းအောင် လုပ်ကြစို့လို့ ပြောပါလိမ့်မယ်။ အစိုးရတွေဟာ ငါးကိုခွဲထားတဲ့အလုပ်နဲ့ ရှုပ်နေပါလိမ့်မယ်။ ကန်ကိုသန့်ရှင်းအောင် လုပ်လေ့မရှိပါဘူး။ ဒါနဲ့ပဲ ငါးတစ်မျိုးပြီး တစ်မျိုး ပြောင်းနာကြနေ တော့တာပါပဲ။

ကိုဗစ်ကပ်ဘေးနဲ့ ဆက်စပ်ပြီးပြောရရင်တော့ လောလောဆယ်မှာ ဖျားနာနေတဲ့ ငါးတွေကို တတ်နိုင် သလောက်ကယ်ကြရပါမယ်။ ပြီးရင်တော့ ကန်ကို သန့်ရှင်းဖို့၊ စောင့်ရှောက် ဖို့ကိုလည်းလုပ်ကြရပါမယ်။

အစိုးရတွေကတော့ အပြကောင်းတဲ့ ငါးဆေးထိုးတာလုပ်ဖို့ပဲ ပိုအားသန်ပါလိမ့်မယ်။ ကန်သန့်ရှင်းအောင်လုပ်ဖို့ကို ပြည်သူကပဲ လှုပ်ရှားတောင်းဆိုကြရလေ့ ရှိပါတယ်။

ဒေါက်တာမြင့်ဇော်