အနာဂတ်မြို့ ပြများ၏ အခြေခံ

0
320

လူနေသိပ်သည်းသည့် မြို့ကြီးများတွင် နေထိုင်နေရသူတို့အတွက် ကိုဗစ်ကပ်ဘေးက လုံးဝ ငရဲပင်။ သိပ်သည်းမှုသည် ကိုဗစ်ကာလအတွင်း မြို့ကြီးများ၏ အဓိကရန်သူဖြစ်လာသည်။

အစိုးရက အပြင်မထွက်ဖို့ ပြောသည်။ သို့သော် နေနိုင်လှ နှစ်ပတ်၊ တစ်လပင်။ အချို့ကတော့ ဝမ်းရေးအတွက် အပြင်ကိုထွက်ကို ထွက်ရတော့သည်။ အချို့ကတော့ မွန်းကြပ်မှုကြောင့် အပြင်ထွက်လိုကြသည်။ အစိုးရက ခပ်ခွာခွာ နေဖို့ပြောသည်။ သို့သော် ဘတ်စ်ကား ကျပ်ကျပ်များကို မရှောင်နိုင်ပါ။ ရထားကျပ်ကျပ်များကို မရှောင်နိုင်ပါ။ လမ်းကျပ်ကျပ်များကို မရှောင်နိုင်ပါ။

ကိုဗစ်ကပ်ဘေး ကာကွယ်ရေး အဓိကသော့ချက်တစ်ရပ်ဖြစ်သော ခပ်ခွာခွာနေရေး (Social Distancing) မှာ တကယ့်မြေပြင်တွင် မကျင့်သုံးနိုင်သော ပန်ကြားချက်တစ်ရပ်မျှသာ ဖြစ်နေသည်။

လိုအပ်သလောက် လူအများသာ အပြင်ထွက်ကြ၊ လိုင်းကား၊ ရထားကဲ့သို့သော အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို လူနည်းနည်းဖြင့် ဝန်ဆောင်မှုပေးကြ။ ဖြစ်နိုင်လျှင် စက်ဘီးဖြင့်သာ သွားလာကြ၊ စသည်တို့မှာ ကိုဗစ်ကပ်ဘေးကာလအတွင်း မြို့နေလူထုကို တိုက်တွန်းသော အရာများဖြစ်သည်။

သို့သော် လူဦးရေသန်းပေါင်းများစွာရှိသော နိုင်ငံများမှ မြို့ကြီးများအတွက်မူ ယင်းတို့မှာ မဖြစ်နိုင်သလောက်ပင်။ ဆင်းရဲသော နိုင်ငံများတွင်တော့ သာ၍ဆိုးပါသည်။
အများအားဖြင့် မြို့ကြီးများတွင် ရုံးခန်းများ၊ ဘဏ်များ၊ အလုပ်အကိုင် နေရာများမှာ မြို့လယ်ခေါင်တွင် စုပြုံ နေတတ်ရာ လူပိုစုဖို့၊ ထိုနေရာကို သွားချိန်နှင့် ပြန်ချိန်များတွင် လိုင်းကား၊ ရထားတို့တွင် လူပိုကျပ်ဖို့ အခြေအနေဖြစ်လာသည်။

ကိုဗစ်သည် တစ်ချိန်ချိန်တွင် လွန်သွားနိုင်သည်။ မြို့များကိုလည်း အလုံးစုံ မူလအတိုင်း ပြန်ခွင့်ပြုနိုင်သည်။ သို့သော် ထပ်တလဲလဲ ကြားနေရသည့် သတိပေးသံမှာ ကိုဗစ်ကဲ့သို့သော ကပ်ဘေးများ ပိုစိတ်စိတ်ဖြင့် လာတော့မည်ဟု ဖြစ်သည်။

ထိုကြောင့် နောင်တွင် အမျိုးမျိုးသော ကပ်ဘေးများကို ကျော်လွှား၊ ခုခံ နိုင်ငံစွမ်းရှိသော ကိုဗစ်အလွန် မြို့ပြတည်ဆောက်ရေးအတွက် အကြံပြုချက်များစွာ ရှိသည်။ ယင်းတို့အနက် အခြေခံကျသော နှစ်ချက်ကို ထုတ်နုတ်တင်ပြ အပ်ပါသည်။

သိပ်သည်းမှုလျှော့ ချခြင်း

သိပ်သည်းမှု (Density) နှင့် အလွန်အကျွံ စည်ကားပြည့်သိပ်နေမှု (Over crowding) ကိုတော့ မရောထွေးသင့်ပါ။ ပုံမှန်အားဖြင့်တော့ မြို့တော်စည်ပင်ကဲ့သို့သော မြို့ပြ စီမံခန့်ခွဲသူများက အဆောက်အအုံများ၏ အရေအတွက်ကို ကန့်သတ်၊ သတ်မှတ်နိုင်သည်။ သို့သော် အိမ်ရာများ၊ ရုံးခန်းများ လိုအပ်နေသည်၊ ဆောက်မှ ဖြစ်မည်၊ ဆောက်မှ ဖြစ်မည် ဆိုသည့် ဈေးကွက်ကတွန်းသောအခါ ယင်းကန့်သတ်၊ သတ်မှတ်ချက်များမှာ အလုပ်မဖြစ်လှတော့ပါ။
အဆောက်အအုံများ ပြွတ်သိပ်နေသောအခါ လူအများမှာ နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေဖို့ မဖြစ်နိုင်တော့ပါ။ ပိုဆိုးသည်မှာ ဝင်ငွေနည်းလူတန်းစားတို့မှာ တစ်ဦးပေါ် တစ်ဦး မထပ်ရုံတမယ် ပြွတ်သိပ်နေထိုင်နေရသောအခါ ဘေးတစ်ခုခု သင့်ပါက အန္တရာယ်ပိုရှိလာသည်။

ထိုသို့သော ဝင်ငွေနည်း လူတန်းစားတို့မှာလည်း အိမ်မှအလုပ်မလုပ်နိုင်သော (Work from home) လူတန်းစားများ ဖြစ်လေ့ရှိသည်။ မြို့လယ်က ဟိုတယ်၊ ရုံးခန်း၊ ဆိုင် စသည့် ဧရိယာတို့တွင် ကိုယ်တိုင်သွားလုပ်မှရမည့် လူတန်းစားများ ဖြစ်နေတတ်သည်။

ထိုကြောင့် ကနေဒါမှ အကြံပေးပညာရှင်တစ်ဦးဖြစ်သူ ကင်န်းဂရီးဘတ်ကတော့ ပြည်သူ့ကျန်းမာရေး ပညာရှင်များကို မြို့ပြဒီဇိုင်းဆွဲရေး စားပွဲဝိုင်းပေါ် ဖိတ်ခေါ်ဖို့ အချိန်ရောက်နေပြီ ဖြစ်ကြောင်း သတိပေးသည်။ မြို့နေလူထု၏ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးတို့အတွက် ခေတ်သစ်မြို့ပြတည်ဆောက်ရန် အတွေးအသစ်အမြင်သစ်များလိုနေပြီဟု သူကဆိုသည်။

သိပ်သည်းမှုကိုလျှော့ချနိုင်ရန် အချို့အိမ်ရာစီမံကိန်းများကို လိုအပ်သည်ထက် နေရာခပ်များများ ယူမဆောက်မိရန်ကိုလည်း သတိပေးသည်။ ထိုသို့ နေရာခပ်များများ ယူလိုက်ပါက ဝင်ငွေနည်းလူတန်းစားတို့ တတ်နိုင်သော အိမ်ရာအဆောက်အအုံများ ဆောက်လုပ်ရေး နေရာကျပ်သွားနိုင်သည်ကို သတိပြုစေလိုရင်း ဖြစ်သည်။

နောက်ထပ် အရေးကြီးသော အကြံပြုချက်တစ်ရပ်မှာ အများပြည်သူပိုင် နေရာများကို ပုဂ္ဂလိကသို့ ရောင်းချခြင်းရပ်ဆိုင်းရန်ဖြစ်သည်။ ပန်းခြံနေရာများ၊ အများပြည်သူ အပန်းဖြေအသုံးပြုနေသော နေရာများကိုရောင်းကာ ပုဂ္ဂလိကပိုင် အဆောက်အအုံများ ဆောက်လုပ်စေခြင်း ရပ်ဖို့ ဖြစ်သည်။

အချုပ်ဆိုရသော် လူအများဝန်းကျင် ကောင်းကောင်းနှင့် နေရာကျယ်ကျယ်တွင် အတူတကွ နေထိုင်နိုင်ရန် စနစ်ချမှတ်ရေး၊ အနာဂတ်မြို့ကြီးများတွင် အသက်ရှူပေါက် ချောင်ချောင်ဖြင့် နေထိုင်နိုင်ရေး စီမံဖို့ဖြစ်သည်။

စက်ဘီးလမ်း၊ လူလျှောက်လမ်းများ ပိုကျယ်ကျယ်နေရာပေးရေး
ကိုဗစ်ကပ်ဘေးကာကွယ်ရေး ခပ်ခွာခွာနေရေးတွင် နေအိမ်များ ခပ်ခွာခွာဖြင့် အသက်ရှူပေါက်ရှိရေးအပြင် အိမ်နှင့် အလုပ်အသွားအပြန် ခရီးပိုတိုလာရေး၊ မြန်ဆန်လာရေး၊ လူအများနှင့် ထိတွေ့မှု တတ်နိုင်သမျှ နည်းပါးရေး အရေးကြီးလာသည်။

ကမ္ဘာမြို့ကြီးအချို့တွင် ကိုဗစ်ကာလ လမ်းပေါ် လူသူကင်းမဲ့ခြင်းကို အခွင့်ကောင်းယူကာ စက်ဘီးလမ်းများ၊ အချို့ဆိုလျှင် စက်ဘီးသီးသန့် အမြန်စီးနိုင်သော လမ်းများအတွက် နေရာများ ပြန်ပြင်လိုက်သည်။ ထိုသို့သော မြို့ကြီး များတွင် မီလန် (အီတလီ)၊ ပါရီ (ပြင်သစ်)၊ လန်ဒန် (ဗြိတိန်)၊ မက္ကဆီကို စီးတီး (မက္ကဆီကို)၊ နယူးယောက် (အမေရိကန် ပြည်ထောင်စု)၊ ဘာလင် (ဂျာမနီ) တို့ကဲ့သို့သော မြို့ကြီးများ ပါဝင်သည်။

ထိုနည်းဖြင့် မြို့ပြလူထုမှာ မြို့တွင်းသွားလာရန် ကိုဗစ်ကပ်ဘေးအကြား အများပြည်သူသုံး လိုင်းကား၊ ရထားတို့ကို သုံးစရာ မလိုတော့ဘဲ ကိုယ်တိုင်သွားလာနိုင်သည်။ နောက်မှ ရောဂါအခြေအနေ စိတ်ချရပြီဆိုသည့်အချိန်မှ အများပြည်သူသုံး ယာဉ်များဘက် ပြန်လှည့်ကောင်းလည်း ပြန်လှည့်နိုင်သည်။

အချို့သော နိုင်ငံများဆိုပါက လူအများစက်ဘီးစီးရေး မက်လုံးများပေးစည်းရုံး နေသည်။ ပြင်သစ်တွင် သူ့လူထု စက်ဘီးစီးလာရေးစည်းရုံးရန် အစိုးရကဘဏ္ဍာငွေ ယူရို သန်း ၂၀ လျာထားသည်။ ပြင်သစ် စက်ဘီးပြင်ဆိုင်များတွင် လူတစ်ဦးကို ယူရို ၅၀ စီ (မြန်မာငွေ ကျပ် ၇၅၀ဝ၀ ခန့်) ကို စက်ဘီးပြင်စရိတ် သုံးနိုင်အောင် စီစဉ်ထားသည်။

နိုင်ငံအများအပြားတွင် စက်ဘီးအဝယ် သိသာစွာ မြင့်တက်လာသည်။ ယင်းအပြင် အွန်လိုင်းမှ ချိတ်ဆက်ကာ စက်ဘီးအဟောင်း ရောင်းဝယ်လဲလှယ်ခြင်းလည်း နှစ်ဆနီးပါး တက်လာသည်။

စက်တပ်ယာဉ်များအတွက် လမ်းကြောင်း ကျယ်ကျယ်မထားတော့ဘဲ လူသွားလမ်း၊ လူပြေးလမ်း၊ စက်ဘီး လမ်းများ ပိုထားရေး စီစဉ်လာကြသည်။

ထိုသို့သော မြို့ပြအသွားအလာ အဆင်ချောစေရေးစနစ်မှာ လက်ရှိကပ်ဘေး ကာလအတွင်းသာမက နောင်တွင်ပါ အရေးပါသော မြို့ပြစီမံရေး ပုံစံဖြစ်သည်။

အချိန်ကောင်း


ယခုအချိန်ကား ယူတတ်လျှင် တကယ့် အချိန်ကောင်းဖြစ်သည်။ ခေတ္တခဏ အနားယူ၊ ပြုခဲ့သမျှ၊ ဖြစ်ခဲ့သမျှ စနစ်များကို ပြန်သတ္တုချ၊ ဆင်ခြင်သုံးသပ်ကာ အနာဂတ်အတွက် အစီအစဉ်များချရန် အချိန်ကောင်းဖြစ်သည်။

ကိုဗစ်သည် ပိုကောင်းသည့် မြို့ပြများ တည်ဆောက်ရေး အလှည့်အပြောင်း ဖြစ်သင့်သည်။ ကိုဗစ်သည် လူနေကျပ်သောမြို့ပြ၊ လေထုညစ်ညမ်းသော မြို့ကြီးပြကြီးတို့ကို ဒဏ်ခတ်လျက်ရှိသည်။

ထိုသင်ခန်းစာများကို ထောက်ချင့်ဆင်ခြင်ကာ အနာဂတ်တွင် နေပျော်သော၊ ကပ်ဘေးဒဏ်ခံနိုင်သော၊ တစ်ခုခုဆိုပါက ထိလွယ်ရှလွယ်ကင်းသော မြို့ပြအခြေခံ စနစ်များ အုတ်မြစ်ချရေးများစွာ အရေးကြီးပါသည်။