စည်းကမ်းဖောက်ဖျက်သည့် လှေဦးစီးနှင့် ငါးဆရာများကိုပါ အရေးယူရန်ပြော

0
793

ပင်လယ်ပြင်အတွင်း ငါးဖမ်းဆီးရာ၌ စည်းကမ်းဖောက်ဖျက်ကာ ငါးဖမ်းသည့်လှေဦးစီး(ပဲ့နင်း)နှင့် ငါးဆရာများကိုပါ အရေးယူပေးရန် တနင်္သာရီတိုင်းဒေသကြီးငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းက ပြောကြားသည်။


ပင်လယ်ပြင်အတွင်း စည်းကမ်းဖောက်ဖျက်ကာ ကမ်းဝေးလှေများမှကမ်းနီးတွင် ဝင်ရောက်ခိုးဆွဲခြင်း၊ တားမြစ်ဧရိယာအတွင်း ဝင်ရောက်ငါးဖမ်းခြင်းများရှိခဲ့ပြီး သက်ဆိုင်ရာမှ အရေးယူဆောင်ရွက်သည့်အခါ လှေရှင်များတွင်သာဒဏ်ရိုက်ခံရပြီး လှေဦးစီး(ပဲ့နှင်းနှင့် တာဝန်ရှိသူငါးဆရာများ လွတ်မြောက်နေသည့်အတွက် ယင်းတို့ကိုပါ အပြစ်ဒဏ်ပေးရန် ဦးလှသန်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။


“လှေရှင်တွေအနေနဲ့ကမ်းနီးမှာ ဝင်ဆွဲဖို့ မမှာပါဘူး။ ဖြစ်လာရင်တော့ လှေရှင်တွေမှာ သုံးလခြောက်လနားရပြီး ဒဏ်ရိုက်ခံရတယ်။ ဒီတော့လှေရှင်တွေကို အပြစ်ဒဏ်ပေးသလို ပဲ့နင်းတွေကိုလည်း အပြစ်ဒဏ်ပေးမှ အကုန်ထိန်းသိမ်းပြီးသား ဖြစ်သွားမယ်” ဟု ဦးလှသန်းက ပြောသည်။


ငါးဖမ်းရာတွင် ပြစ်မှုကျူးလွန်ကြသည့် ပဲ့နင်း၊ ငါးဆရာနှင့် အလုပ်သမားခေါင်းဆောင်တို့အား အရေးယူရေး လုပ်ငန်းရှင်များနှင့် ဆွေးနွေးခဲ့ပြီး လောလောဆယ် အကောင်အထည်မဖော်နိုင်သေးကြောင်း တနင်္သာရီတိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနတိုင်းဦးစီးမှူး ဦးသံချောင်းက ဆိုသည်။


“ဒီပဲ့နင်းက ဒီမှာပြစ်မှုကျူးလွန်တယ်။ လှေရှင်ကတော့ ခံစားလိုက်ရတယ်။ သူကတော့ နောက်တစ်ခုကိုသွားဆိုတော့ ဒါကလည်း ဖြစ်နိုင်တာတွေဖြစ်တဲ့အတွက် ကျွန်တော်တို့ဆွေးနွေးပြီးတော့ တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။


ပဲ့နင်းများကို အရေးယူရေးကိစ္စနှင့် ပတ်သက်ပြီး လိုအပ်သည်ဟုယူဆကြောင်း ဝါလတ် ပဲ့နင်းတစ်ဦးဖြစ်သူ ဦးမောင်နိုင်က ပြောသည်။


“အများကတော့ ဘယ်လိုသဘောထားမယ်မသိဘူး။ ကျွန်တော်ကတော့ သဘောကျတယ်။ ဒါမှလည်းစည်းမဲ့ကမ်းမဲ့ မဖမ်းရဲကြမှာလေ” ဟု ၎င်းက ပြောသည်။


တနင်္သာရီတိုင်းအတွင်း ကမ်းဝေးငါးဖမ်းလှေ တစ်ထောင့်ငါးရာကျော်ရှိပြီး အားလုံးမှာ ခြေရာခံစနစ် VMS တပ်ဆင်ထားပြီးဖြစ်ကြောင်း၊ VMS တပ်ဆင်ဆဲ ငါးလအတွင်းစည်းကမ်းဖောက်ဖျက်သည့် ကမ်းဝေးငါးဖမ်းလှေလေးရာနီးပါးအား ပညာပေးအနေဖြင့် အရေးယူခဲ့ရကြောင်း ဦးသံချောင်းကပြောပြသည်။