ကိုဗစ်ကာလ ရဲဒုက္ခ

0
549

ကိုဗစ်ကပ်ဘေးဂယက်က လူထု လူတန်းစားအလွှာအားလုံးကို ခြိမ်းခြောက်
နိုင်စွမ်းရှိနေသည်။ ယင်းခြိမ်းခြောက်မှုက စိတ်ပိုင်းဆိုင်ရာမလုံခြုံသည့် သောကများဖြစ်ပေါ်စေခြင်းပင် ဖြစ်သည်။


ကပ်ဘေး၏ ခြိမ်းခြောက်မှုက သာမန်ပြည်သူများအပြင် ဥပဒေချိုးဖောက်သည့် လူဆိုးကို ရင်ဆိုင်ဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များလည်း စိတ်မလုံခြုံမှုများ၊ စိုးရိမ်သောကများ ခံစား ရစေသည်။
ကိုရိုနာရောဂါပိုးက နှာချေချောင်းဆိုးခြင်း၊ စကားပြောဆိုခြင်းမှ တစ်ဆင့် ၃ ပေမှ ၆ ပေအထိ ပျံ့နှံနိုင်သည်ဟု ကျန်းမာရေးဌာနက ထုတ်ပြန်ထားသည်။


ထိုကြောင့် တစ်ဦးနှင့် တစ်ဦး အနည်းဆုံး ၃ ပေအကွာမှ ပြောဆိုဆက်ဆံရန် ထုတ်ပြန်ထားသည်။
ရဲတပ်ဖွဲ့ဝင်များကမူ အလုပ်တာဝန်အခြေအနေအရ ယင်းညွှန်ကြားချက်အတိုင်း လုပ်ကိုင်ဆောင်ရွက်ရန် မဖြစ်နိုင်ပေ။


ရဲတပ်ဖွဲ့က တရားခံဖမ်းဆီးချိန်တွင် လုံးထွေးဖမ်းဆီးရခြင်း၊ ခန္ဓာကိုယ်ပေါ်တွင် ရှာဖွေရခြင်း၊ ဖမ်းဆီးပြီးနောက် စစ်ဆေးမေးမြန်းရခြင်းစသည့် လုပ်ဆောင်ချက်များကို ၃ ပေအကွာမှ လုပ်ဆောင်ရန်မဖြစ်နိုင်ခြင်းကြောင့် ဖြစ်သည်။


ထိုကဲ့သို့ လုပ်ဆောင်ချိန်တွင် ကိုရိုနာရောဂါပိုးကူးစက်ခံရမည်ကို စိုးရိမ်သည့်အတွက် လက်အိတ်၊ နှာခေါင်းစည်း ဝတ်ဆင်ထားသော်လည်း စိတ်မလုံခြုံမှုကို မကျော်လွှားနိုင်ကြောင်း ထားဝယ်ခရိုင်အတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိတစ်ဦးက ဖွင့်ဟသည်။


“တရားခံတစ်ယောက်ကို ဖမ်းမယ်ဆိုရင်တောင်မှပဲ တော်တော်လေးကို သတိထားပြီးတော့မှ ဖမ်းဆီးရတယ်၊ ကျွန်တော်တို့မှာ လုံးထွေးဖမ်းရတာလည်း ရှိတယ်။ အိမ်ပြန်ရောက်ရင် စိတ်မသက်သာဘူးပေါ့” ဟု အဆိုပါ ရဲအရာရှိက ပြောသည်။


ပုံမှန် ရဲလုပ်ငန်းလုပ်ကိုင်ရသည့်အပေါ် ပင်ပန်းမှုမရှိသော်လည်း လက်ရှိကိုဗစ်ကာလတွင် စိုးရိမ်စိတ်ဖြင့်လုပ်နေရကြောင်း ရဲတပ်ကြပ်တစ်ဦးက ဆိုသည်။


“အလုပ် လုပ်ရတဲ့အပေါ်မှာတော့ ပင်ပန်းမှုတော့ မရှိဘူး။ စိုးရိမ်စိတ်နဲ့ အလုပ်လုပ်နေရတာပေါ့” ဟု အဆိုပါ ရဲတပ်ကြပ်က ပြောသည်။


အလုပ်ပြီး၍ အိမ်ပြန်ရောက်ချိန်တွင်လည်း သားသမီးများနှင့် အနီးကပ်ထိတွေ့မှုကို အတတ်နိုင်ဆုံးရှောင်နေရသည်ဟု ဆိုသည်။


ယခင်က လူဆိုးဖမ်းပြီး အချုပ်ထဲထည့်လိုက်ပါက တာဝန်တစ်ရပ်ပြီးဆုံးသွားသော်လည်း လက်ရှိ ကိုဗစ်ကာလတွင်မူ ဖမ်းဆီးပြီးသည့်တရားခံ၏ ကျန်းမာရေးအခြေအနေကိုပါ နားစွင့်နေရသေးသည်။


ဖမ်းပြီးတရားခံတွင် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုကြပ်ခြင်း ရှိ/မရှိကို စိုးရိမ်တကြီး စောင့်ကြည့်နေရကြောင်း အထက်ပါအရာရှိက ဆိုသည်။


“ဖမ်းလိုက်တဲ့တရားခံ အချုပ်ထဲရောက်သွားရင်လည်း အဲဒီတရားခံအနေအထားကို နားစွင့်နေရတာပေါ့နော်။ နှစ်ဆယ့်တစ်ရက် ကာလအထိ နားစွင့်နေရတယ်။ အဲထဲက တစ်ခုခုဖြစ်ပြီဆိုရင် ကိုယ်ပါပြီလေ” ဟု ၎င်းက ပြောသည်။


ကိုရိုနာကူးစက်မခံရရေးအတွက် အားရှိစေဖို့အရေး အိပ်ရေးဝဝအိပ်ရန်လည်း ကျန်းမာရေးဌာနက ညွှန်ကြားထားသည်။


သို့သော် ရဲတပ်ဖွဲ့ဝင်များက အိပ်ရေးဝဝအိပ်ရန် အခွင့်အရေးမရှိခဲ့ပေ။


ကိုဗစ်ကပ်ဘေးကြောင့် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ည ၁၂ နာရီမှ နံနက် ၄ နာရီအထိ လှည့်ကင်းလှည့်နေရပြီး နေ့ဘက်တွင် ပုံမှန်လုပ်ငန်းများ ဆက်လုပ်ရသည့်အတွက် အိပ် ရေးဝဝအိပ်ရန်မဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ဝင်အချို့က ပြောသည်။


ကိုဗစ်ကပ်ဘေးက မည်သည့်အချိန်တွင် ပြီးဆုံးမည်ကိုမသိရသော်လည်း ရဲတပ်ဖွဲ့ဝင်များကမူ စိတ်မလုံခြုံမှုများဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လုပ်နေရမည်သာ ဖြစ်သည်။

ကိုဇော်