ကမ်းခြေများ တရားဝင် ပြန်လည်ပတ်ခွင့်ပြု

0
684

ကိုဗစ်ကပ်ဘေးကြောင့် ယာယီပိတ်ထားသည့် တနင်္သာရီတိုင်းအတွင်းရှိ ကမ်းခြေများကို ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီး ဦးကျော်မင်းက ပြောသည်။


တိုင်းအတွင်းရှိ ကမ်းခြေများကို ဇွန်လ ၃ ရက်နေ့မှ စတင်ကာ လည်ပတ်ခွင့်ပြုလိုက်ကြောင်း ၎င်းက ဆိုသည်။


ကိုဗစ်ကူးစက်ပြန့်ပွားခြင်းကို ထိန်းချုပ်ကန့်သတ်နိုင်ရန် မတ်လ ၂၇ ရက်နေ့မှစတင်ကာ ကမ်းခြေအားလုံးကို လည်ပတ်ခွင့်ပတ်ထားပြီးနောက် ၁၀ ပတ်နီးပါးအကြာတွင် ပြန်ဖွင့်ပေးလိုက်ခြင်း ဖြစ်သည်။


လက်ရှိတွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ခွင့်ပြုလိုက်ပြီဖြစ်သည့်အတွက် ကမ်းခြေများကိုလည်း ပြန်ဖွင့်လိုက်ပြီဖြစ်ကြောင်း ဝန်ကြီးဦးကျော်မင်းက ဆိုသည်။
“မောင်းမကန်ကမ်းခြေက ဖွင့်ခွင့်ပြုလိုက်ပြီး ကမ်းခြေတွေ အားလုံးဖွင့်ခွင့်ပြုလိုက်ပြီ” ဟု ဦးကျော်မင်းက ပြောသည်။


ဒေသခံများက ကမ်းခြေမဖွင့်မီကတည်းပင် သွားရောက်လည်ပတ်နေကြသည်။ မေလ ၃၀ ရက်နေ့က ကမ်းခြေမဖွင့်သေးသော်လည်း မောင်းမကန်ကမ်းခြေတွင် လူရာချီလာရောက်လည်ပတ်ခဲ့သည်။


စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များကိုမူ ကျန်းမာရေးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဖွင့်လှစ်ရမည်ဖြစ်ပြီး ညွှန်ကြားချက်နှင့် မကိုက်ညီပါက ပါဆယ်စနစ်ဖြင့်သာ ရောင်းချရမည်ဟု တိုင်းအစိုးရက ထုတ်ပြန်ထားသည်။


ယင်းအပြင် တနင်္သာရီတိုင်းပြင်ပသို့ ပြေးဆွဲနေသည့် ကားများအနေဖြင့် မူလတင်ဆောင်နိုင်သည့် ခရီးသည်ဦးရေ၏ တစ်ဝက်သာ တင်ဆောင်ပြေးဆွဲရမည်ဖြစ်ပြီး ကားပေါ်ပါသူအားလုံး နှာခေါင်းစည်းတပ်ရမည်ဟု ထုတ်ပြန်သည်။


သို့ရာတွင် ခရီးသည်တင်ကားငယ်အချို့ကမူ ခရီးသည်အပြည့်တင်ဆောင်ပြီး ပြေးဆွဲနေကြသည်ဟု ဝေဖန်မှုများလည်းရှိနေသည်။


ရန်ကုန်တိုင်းအတွင်းရှိ အင်းစိန်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တွင်နေထိုင်ပြီး ရောက်လာသူများမှလွဲ၍ ကျန်မြို့နယ်နေသူအားလုံး သက်ဆိုင်ရာထောက်ခံစာဖြင့် လာရောက်ပါက စောင့်ကြည့်စခန်းတွင် နေရန်မလိုတော့ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

ကိုဇော်