သမုတ် – လွတ်လွတ် မြစ်ကူးတံတား ဇူလိုင်လကုန် ပြီးမည်

0
430

ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိတ်မြို့နယ်သမုတ်ကျေးရွာနှင့် လွတ်လွတ်ရွာသို့ ဆက်သွယ်ထားသည့် သမုတ်-လွတ်လွတ် မြစ်ကူးတံတား ဇူလိုင်လကုန်ခန့်တွင် ပြီးစီးမည်ဖြစ်ကြောင်း ယင်းတံတားတည်ဆောက်ရေးအဖွဲ့(၄)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးထံမှ သိရသည်။


သမုတ်-လွတ်လွတ် မြစ်ကူးတံတားအား ၂၀၁၇ ခုနှစ် ဩဂုတ်လတွင်း စတင်ဆောက်လုပ်ခဲ့ပြီး တံတားအရှည်မှာ ၁၂၈၇ ပေ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေ၊ လူသွားလမ်းအကျယ် တစ်ဖက် ၃ ပေနှင့် တံတား၏ ခံနိုင်ဝန်မှာ ၇၅ တန်ရှိကြောင်း တံတားတည်ဆောက်ရေး အဖွဲ့(၄)မှ သိရသည်။


အချောသပ်အနေဖြင့် တံတား၏ချဉ်းကပ်လမ်းများအား ဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိတွင် မြိတ်-ထားဝယ်-ရန်ကုန် ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ကားများမှာ တောင်အတက်အဆင်း လမ်းအကွေ့အကောက်များသည့် ရှောင်ကွင်းလမ်းမကြီးအား အသုံးပြုနေကြသည်။


သမုတ်-လွတ်လွတ် မြစ်ကူးတံတားပြီးစီးပါက ရှောင်ကွင်းလမ်းမှမောင်းရသည့် ခရီးမိုင် ဆယ်မိုင်ခန့် သက်သာသွားမည်ဖြစ်ကြောင်း တံတားတည်ဆောက်ရေးအဖွဲ့(၄)မှ သိရသည်။


ထို့ပြင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မြိတ်-တနင်္သာရီ-ကော့သောင်းမြို့သို့ ဆက်သွယ်ထားသည့် တနင်္သာရီမြစ်ကူးတံတားအား မေလအကုန်ခန့်တွင် စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဟိန်းက ပြောဆိုထားသည်။

မြင့်မိုရ်(မြိတ်)