ကိုဗစ်ကာလ ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသူ ကိုးဆယ်ရာနှုန်းကျော် ကျဆင်း

0
620

ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီတိုင်းအတွင်း ရင်းနှီးမြှုပ်နှံရန်လျှောက်ထားသူ ကိုးဆယ်ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန် ကြားမှုဦးစီးဌာန (DICA) ထံမှ သိရသည်။


ကိုဗစ်ကာလမတိုင်မီက တစ်လလျှင် ရင်းနှီးမြှုပ်နှံရန်လျှောက်ထားသူနှင့် စုံစမ်းမေးမြန်းသူ နှစ်ဆယ်ခန့်ရှိရာမှ လက်ရှိတွင် လုပ်ငန်းတစ်ခုသာရှိတော့ကြောင်း DICA ဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်းက ဆိုသည်။


“ကိုဗစ်ကာလကတော့ တော်တော် ပါးသွားတယ်” ဟု ဒေါက်တာထွန်းထွန်းက ပြောသည်။
ကိုရိုနာရောဂါပိုးကူးစက်မှုများသည့် နှစ်လတာကာလအတွင်း ရင်းနှီးမြှုပ်နှံရန် လျှောက်ထားသူနှစ်ဦးသာရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။


ပြည်ထောင်စုအစိုးရကလည်း ကိုဗစ်ကာလ ရင်းနှီးမြှုပ်နှံမှုကုစားနိုင်ရန် ဖြေလျော့မှုအချို့လုပ်ဆောင်ရန် စီစဉ်နေသည်ဟုသိရကြောင်း ဒေါက်တာထွန်းထွန်းက ဆိုသည်။


“ဖြေလျော့မည့်အစီအစဉ်တွင် ရှုပ်ထွေးနေသည့် ဌာနဆိုင်ရာလုပ်ထုံးလုပ်နည်းအချို့ကို ဖြေလျော့ရန်ရှိကြောင်း” ၎င်းက ပြောသည်။


“ဒီအတိုင်းသာ ဆက်ပြီးတော့ အစိုးရဘက်ကရော ဌာနဆိုင်ရာဘက်ကရော တင်းခံနေမယ်ဆိုရင်တော့ ဘာမှဝင်လာမှာ မဟုတ်ဘူး” ဟု ဒေါက်တာထွန်းထွန်းက ဆိုသည်။


“ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှုလုပ်ရာတွင် မြေယာအသုံးပြုခွင့်နှင့် ပတ်သက်သည့်ကိစ္စက ရှုပ်ထွေးပြီးကြန့်ကြာနေသည်ဟု” ၎င်းက ပြောသည်။


တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (TRIC) စတင်ဖွဲ့စည်းသည့် ၂၀၁၇ ခုနှစ် ဇူလိုင်လမှ လက်ရှိအချိန်ထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၀ ကျော်ကို လုပ်ကိုင်ခွင့်ပြု(အတည်ပြုမိန့်ထုတ်ပေး)ခဲ့ကြောင်း အထက်ပါဌာနစာရင်းအရ သိရသည်။


တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (TRIC) က အမေရိကန် ဒေါ်လာ ၅ သန်း(သို့မဟုတ်) ငွေကျပ် သန်းပေါင်း ၆၀ဝ၀ အထိ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ပြုနိုင် (အတည် ပြုမိန့်) သည်။


ကိုဗစ်ကာလတွင် အသွားအလာကန့်သတ်မှုများရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံမည့်သူများ မလာခြင်းဖြစ်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။


“အခုချိန်မှာ အကန့်အသတ်တွေနဲ့မို့လို့ လာတဲ့သူတွေလည်းပဲ ဒီကာလလေးတစ်ခုကို ပြီးအောင် စောင့်နေတယ်လို့ပဲ ယူဆတယ်” ဟု ဦးကျော်ကျော်ဦးက ပြောသည်။


TRIC တွင် ရင်းနှီးမြှုပ်ခွင့် အတည်ပြုမိန့်ရရှိပါက တိုင်းဒေသကြီးအတွင်း သတ်မှတ်ထားသည့် ဇုန်အလိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊ သက်သာခွင့်များ ရှိသည်။


တိုင်းအတွင်းရှိ ဖွံ့ဖြိုးမှုနည်းပါးသည့် ဇုန်အဖြစ်သတ်မှတ်ထားသည့် သရက်ချောင်းမြို့နယ်၊ ပုလော၊ တနင်္သာရီနှင့် ခမောက်ကြီးမြို့နယ်တို့တွင် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန်ကင်းလွတ်ခွင့်ကို ၇ နှစ်သတ်မှတ်ထားသည်။