ကမ္ဘာကြီး တစ်ဒီဂရီလောက် ပိုပူလာသော အခါ

0
337

ကမ္ဘာကြီးက ၁ ဒီဂရီကျော်လေးပဲ ပိုပူလာတာပါ။ သိပ်အရေးမကြီးပါဘူးလို့ အချို့ကလည်း ဆိုချင် ဆိုလိမ့်မယ်။

အရင်ကလည်း နွေမှာ ၄၀ ဒီဂရီ ဆယ်ဆီးရပ်လောက် ပူနေတာပဲ။ ၁ ဒီဂရီ လေး ပိုလာတာနဲ့ ဘာလို့ အဲဒီလောက် တောင် ပူလာရတာလဲဆိုပြီး မေးခွန်းထုတ် ကြသူတွေလည်း ရှိနိုင်ပါတယ်။

တစ်ခွန်းတည်းဖြေရရင် အန္တရာယ် စည်းကို ကျော်လာလို့ပါပဲ။ အခုအချိန်က ကမ္ဘာကြီးက ရာသီဥတုဘေးက ဖြစ်နေ နှင့်ပြီးသားပါ။ ဒါပေမဲ့ အပူချိန်က ထပ်သာတိုးလာနေတော့ အခု ဆိုးရာက နေ ကြောက်လန့်စရာကောင်းတဲ့ အနေ အထားကို ရွေ့နေပါပြီ။

၁၉ ရာစု အလယ်လောက်ကတည်း က ကမ္ဘာ့အပူချိန်ဟာ ဖြစ်သင့်တဲ့ ပျှမ်းမျှ ထက်ပိုလာနေပြီး ပါပြီ။ စက်မှုတော်လှန် ရေးကြောင့် စက်ရုံအလုပ်ရုံတွေ မှိုလို ပေါက်လာတယ်။ ရုပ်ကြွင်းလောင်စာ အသုံးပြုမှု တိုးလာတယ်။ အဲဒါကပဲ ဥတုဘေး သင့်စေတာပါ။

ဆိုတော့ ကမ္ဘာက ၁.၅ ဒီဂရီ ပိုပူလာတယ်ဆိုတာဟာ ဂြိုလ်ကမ္ဘာဟာ တကယ့် မဖြတ်ရတဲ့ အန္တရာယ်စည်းကို ကျော်နေပြီဆိုတာ ပြတာပါပဲ။

အဲဒီ လိုင်းကို ကျော်လာတာနဲ့ အမျှ နည်းနည်းလေး အပူချိန်တိုးလာနဲ့ အပူဒဏ် ကို ပိုခံစားလာရမှာ ဖြစ်ပါတယ်။ အချို့ နေရာတွေမှာဆိုရင် ရာသီဥတု အလွန် အကျွံ အစွန်းရောက်တာတွေလည်း ဖြစ်နိုင်ပါတယ်။

အချုပ်အားဖြင့် အပူချိန် ဒီဂရီ ၁.၅ ကနေ ၂ အထိ တိုးလာတာနဲ့ အမျှ အောက်ဖော်ပြပါ ဖြစ်ရပ်တွေ ဖြစ်လာမှာ ဖြစ်ပါတယ်။

ကမ္ဘာလူဦးရေ ၁.၇ ဘီလီယံ (သန်း ၁၇၀၀) ကျော်ဟာ အနည်းဆုံး ငါးနှစ် တစ်ကြိမ်လောက် အပူလှိုင်းဖြတ်ကို ပုံမှန် ကြုံရမှာပါ။ ပင်လယ်ရေပြင်ဟာ လေးလက်မလောက်အထိ မြင့်တက်လာ နိုင်ပါတယ်။

လူသန်း ၁၀၀ လောက် အထိ ဥတု ဘေးဒဏ်နဲ့ ငတ်မွတ်ဆင်းရဲမှု ဒဏ်ကို ခံရလာနိုင်ပါတယ်။ အဏ္ဏဝါဝန်းကျင်ကို ထိန်းထားပေးတဲ့ သန္တာကျောက်တန်းတွေ ၉၉ ရာခိုင်နှုန်းလောက် ပျောက်သွားနိုင် ပါတယ်။ တစ်ကမ္ဘာလုံးမှာ ငါးဖမ်းရရှိမှု နောက်ထပ် တစ်သန်းခွဲလောက် ကျသွား နိုင်ပါတယ်။

၁.၅ ဒီဂရီလောက်ပဲ ပိုပူလာတာနဲ့ ပင်လယ် အဏ္ဏဝါထဲက မျိုးစိတ်တွေဟာ ပိုမြင့်တဲ့ လတ္တီကျူကို ရွှေ့သွားကြတော့ မှာပါ။ ပင်လယ်ထဲမှာ ဂေဟစနစ် အသစ်တစ်ရပ် ပေါ်လာပြီး ပင်လယ်ကို ပိုပျက်စီးစေဖို့ ဖြစ်လာမှာပါ။ ငါးအရ အမိတွေ သိသိသာသာ နည်းလာပါလိမ့်မယ်။

ပင်လယ်ပြင် ပိုပူနွေးလာတာ၊ အက်စစ်ဓာတ်ပိုများလာတာနဲ့ မုန်တိုင်း တွေ ပိုများလာတာကြောင့် သန္တာကျောက် တန်းတွေ တဖြည်းဖြည်း ပျောက်ကွယ် သွားနိုင်ပါတယ်။

ဒီရေတောတွေ ပိုပျက်လာမယ်။ ဒီရေတောတွေ ပျက်လာတော့ ပင်လယ် ဘေးနေတဲ့သူတွေကို ဥတုဘေးကနေ ကာကွယ်ပေးနေတဲ့ သဘာ၀ တံတိုင်း ကြီး ပြိုလဲသွားရပါပြီ။ နောက်ပြီး ပင်လယ်ရေပိုတက်လာပါတယ်။ လှိုင်း တွေက မြေကြီးကို ပိုတိုက်စားလာနိုင်ပါတယ်။

ပင်လယ်ရေ သုံးပေလောက် တက်လာတာနဲ့ကိုပဲ ကမ္ဘာ့ လူဦးရေ ၁၀ ရာခိုင်နှုန်းလောက် ပြောင်းရွှေ့ရဖို့ ရှိပါ တယ်။ မော်လဒိုက်လို နိုင်ငံဆို ရေအောက် ရောက်သွားမှာပါ။ လူတွေ အပူဒဏ်ကြောင့် ပိုပြီး သေကြေကြဖို့ ဖြစ်လာမှာပါ။

ကမ္ဘာ့ အပူချိန် ၂ ဒီဂရီလောက် တိုးလာတာနဲ့တင် ရေချို ပြဿနာတွေ တက်လာနိုင်ပါတယ်။
ကမ္ဘာကြီးကို ရေချို ထုတ်ပေးနေတဲ့ တောင်ပေါ်က ရေခဲထုတွေ၊ ရေခဲ မြစ်တွေ စတင်ပျောက်လာနိုင်ပါတယ်။ မြေကြီးထဲမှာ ရေချို ရှားလာမယ်။ တောင်ပေါ်ဒေသတွေမှာ မြေပြိုတာတွေ ဖြစ်လာမယ်။

ရေချို ဆုတ်သွားတာနဲ့ အမျှ ရေငန် ဝင်လာမယ်။ လူတွေ အပင်တွေ သက်ရှိ တွေ မှီခိုနေရတဲ့ ရေချိုပြတ်လပ်မှု ဖြစ်လာမယ်။

ဂေဟ စနစ်ပျက်မယ်။ ကမ္ဘာပေါ်က သက်ရှိ သုံးပုံတစ်ပုံလောက် မျိုးသုဉ်း ပျောက်ကွယ်သွားဖို့ ရှိပါတယ်။ အပင်တွေ ကြီးထွားမှု နှေးလာမယ်။ နောက်ပိုင်း ကြီးတောင် မကြီးနိုင်တော့တာမျိုး ဖြစ် လာမယ်။

အပင်တွေ ကာဘွန်ဒိုင်အောက် ဆိုက်ကို ကောင်းကောင်း မစုပ်နိုင်တော့ ပါဘူး။ အဲဒီမှာ ကမ္ဘာကြီး ပူနွေးမှုက ပိုဆိုးလာပါမယ်။ ကမ္ဘာ့နေရာ သုံးပုံ တစ်ပုံမှာ ရေချို မရနိုင်တော့ဘူး။ ကမ္ဘာပေါ်မှာ အစားအစာ ထုတ်တဲ့ နေရာတွေမှာ စိုက်နိုင်ပျိုးနိုင်ခြင်း မရှိတဲ့ ကျတ်တီးမြေတွေ ဖြစ်လာမယ်။

ကမ္ဘာကြီး ရဲ့ ဂေဟ စနစ်အတွက် အရေးကြီးတဲ့ အမေဇုန် သစ်တောကြီးဟာ ၄၀ ရာခိုင်နှုန်းလောက် ပျောက်သွားနိုင်ပါ တယ်။ အမေဇုန်ကို ကမ္ဘာကြီးရဲ့ အဆုပ် အဖြစ်တင်စားကြလို့ ပိုပူလာတာနဲ့ အမျှ ကမ္ဘာကြီးရဲ့ အဆုပ်မကျန်းမမာ ဖြစ်တော့မှာပါ။

ပိုပူလာတာနဲ့ အမျှ မြေကြီးက လည်းပိုပူလာမယ်။ အပင်တွေ ရှင်သန် ကြီးထွားဖို့ ခက်လာမယ်။ ကာဘွန်တွေ ပိုထွက်လာမယ်။

အားလုံးပေါင်းချုပ်လိုက်ရင် လူတွေ ကို ပိုပြီး ထိခိုက်မှု ရှိစေပါတယ်။

လူ့ကျန်းမာရေး၊ အသက်မွေးမှုပုံစံ၊ အစားအသောက် ဖူလုံမှု၊ ရေအရင်းအမြစ်၊ စီးပွားရေး ဖွံ့ဖြိုးမှု အဲဒါတွေကို ဘေး သင့်စေတဲ့ အရာတွေ၊ ဖြစ်ရပ်တွေ ပိုများ လာမှာပါ။

အထူးသဖြင့် စိုက်ပျိုးရေးကို မှီခို အသက်မွေးနေရသူတွေ၊ ပင်လယ်ပြင်နဲ့ ပင်လယ်ကမ်းစပ်ကို မှီခို လုပ်ကိုင်စား သောက်နေရသူတွေက အလွန်ဘေးများ မှာပါ။ အထူးသဖြင့်တော့ အပူပိုင်းဒေသ မှာ နေထိုင်သူတွေ၊ ကျွန်းတွေမှာ နေထိုင်သူတွေ၊ မြန်မာနိုင်ငံလို ဆင်းရဲတဲ့ နိုင်ငံတွေ ပိုခံရဖို့ ရှိပါတယ်။

ကျန်းမာရေးအရဆိုရင်လည်း ငှက်ဖျား နဲ့ သွေးလွန်တုပ်ကွေးတွေ ပိုအဖြစ်များ လာပါလိမ့်မယ်။
ဆိုတော့ ဘာလုပ်ကြမလဲ။

အများဆုံး တိုက်တွန်းကြတာတော့ သစ်ပင်စိုက်ကြဖို့ပါ။ ဒီမှာဆိုရင်တော့ သစ်ပင်တွေ မခုတ်ကြဖို့ အရင်ပြောရမယ် ထင်တယ်။ နောက်ပြီး ရေကို ချွေတာ ကြဖို့။ စက်သုံးဆီ ချွေတာကြဖို့ တိုက်တွန်း ကြပါတယ်။

Dawei Watch