ဇူလိုင်တွင် ကျောင်းဖွင့်ရန် သေချာဟုဆို

0
975

အခြေခံပညာကျောင်းများ ဇူလိုင်လတွင် ပြန်လည်ဖွင့်လှစ်ရန် သေချာကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။

ရန်ကုန်ခေတ်သစ် မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထိုသို့ပြောကြားခြင်းဖြစ်ပြီး ကျောင်းဖွင့်မည့် ရက်ကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

ကျန်းမာရေးအရ လမ်းညွှန်ချက်နှင့် အညီသာ ကျောင်းများ ပြန်ဖွင့်မည်ဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက် ပြန်လည် အသုံးပြုနိုင်သော နှာခေါင်းစည်းများ အဆင်သင့် ပြင်ထားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းကဆိုသည်။

“အများကြီးကြောက်မနေပါနဲ့။ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန နှစ်ခုပေါင်းပြီးတော့ ကလေး တွေရဲ့ ကျန်းမာရေး Safe ဖြစ်အောင်တော့ ကြိုးစား ပါ့မယ်လို့ ဒါလေးလည်းပဲ မိဘပြည်သူတွေကို အသိပေးစေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။

ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့်သည့် နေရာ (Quarantine Center) များအဖြစ် အသုံးပြုနေသည့် အခြေခံပညာကျောင်းများ ဇွန်လ ၁၅ ရက်နေ့အပြီး ပြန်အပ်ရမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေး မှူးရုံးမှ သိရသည်။

အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အတွက် ကြိုတင်ပြင်ဆင်ခြင်းဖြစ်ပြီး အထက်ပါ အခြေခံပညာကျောင်းအားလုံးကို ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့် အညီ ပိုးသတ်ဆေးဖျန်းပြီး ပြန်လည်လွှဲပြောင်းရမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“ဒါကျောင်းဖွင့်တာ မဟုတ်သေးဘူး။ မီးစိမ်း ပြပြီးတာနဲ့ ဒီဘက်ခြမ်းမှာ ပညာရေး အလုပ်တွေ အများကြီး လုပ်ရဦးမယ်”ဟု ဒေါ်မြင့်စိန်က ဆိုသည်။

ထို့ကြောင့် နောက်ထပ် စောင့်ကြည့်နေရာတွင် နေရမည့်သူများကို ပြည်ထောင်စု ဝန်ကြီးဌာနပိုင် အဆောက်အအုံများ၊ တက္ကသိုလ်၊ ကောလိပ် အဆောက်အအုံများတွင်သာ နေရာချထားရန် COVID – 19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ညွန်ကြားထားသည်။

အခြေခံပညာကျောင်းများတွင်ထားကာ အသွားအလာကန့်သတ်စောင့်ကြည့်နေသူများကို ကျေးရွာ များရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ပေါင်းစပ် ညှိနှိုင်းကာ ထားရှိသွားမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။

“မကြာခင်လုပ်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော် ထင်တာတော့ နောက်အပတ်လောက် စပြီး ရွှေ့လိမ့် မယ်လို့ ထင်တယ်”ဟု ဝန်ကြီးဦးကျော်မင်းက ဆိုသည်။

တိုင်းအတွင်းရှိ အခြေခံပညာကျောင်း ၁၄၂ ကျောင်း ကို အသွားအလာကန့်သတ် စောင့်ကြည့်သည့်နေရာ အဖြစ် ပြုလုပ်ထားပြီး စောင့်ကြည့်ထားသူ ၆၆၉ ဦး ရှိသည်ဟု သိရသည်။

ကျောင်းက ဖွင့်တော့ ဖွင့်ခိုင်းချင်တာပေါ့နော်။ ကလေးတွေပညာရေး နှောင့်နှေးနေမှာစိုးလို့ပါ။ ဒီနှစ်မှာ ကျောင်းပဲ ပျက်ပဲ ပျက်တော့မလားလို့လည်း စိတ်ထဲမှာ ဖြစ်တယ်။ အခုဖွင့်မယ်ဆိုပြီး လောလောဆယ်ဖြစ်နေ တော့ ဝမ်းသာနေရတယ်။ အခု သင်ဖို့အတွက် ပုံနှိပ်စာ အုပ်တွေ ထုတ်ပေးနေပြီဆိုပြောတယ်။ မူလတန်းက မနက်ပိုင်း၊ အလယ်တန်းက မွန်းတည့်ပိုင်း၊ အထက် တန်းက နည်းနည်း အချိန်စောပြီး သင်ပေးမယ်ဆိုပြီး ကြားရတာပေါ့။ ဆရာမတွေက တစ်ဆင့်ပေါ့။ အခု နှစ်ရက် သုံးရက်ကပဲ ပြောသံကြားတာ။

မိဘတွေအနေနဲ့ကတော့ မြန်မြန်ဖွင့်လေကောင်း လေပဲ။ ဒီအချိန်က ကျောင်းသွားချိန်ရောက် နေပြီကိုး၊ ဒီတစ်နှစ်ဆုံးပါးသွားမှာလည်း စိတ်ပူတယ်။ ဒီရောဂါ ကလည်း ဘယ်အချိန် ပျောက်မယ်ဆိုတာ မသိနိုင်ဘူး။ ၆ လပိုင်း ၁ ရက်နေ့ဆို ကျောင်းဖွင့်ပြီကိုး။ ဒီချိန်ဆို ကျောင်းသားတွေက စာအုပ်တွေစု ဘာတွေစု သွားဖို့အချိန်ကျတော့သူတို့ ပျော်နေတာပေါ့။

ကျောင်းသားတွေက ကျောင်းမသွားရဘူးဆိုတော့ ရောဂါအခြေအနေကြောင့် မဖွင့်ဘူးလို့ ပြောနေရတာပေါ့။

အရင်နှစ်က ခုချိန်ဆို ကျူရှင်တွေ နေကြပြီပေါ့ နော်။ အခုက ကျူရှင်လည်း ဖွင့်မရဘူး။

တချို့ကတော့ ခိုးခိုးဝှက်ဝှက်သင်နေတဲ့ လူတွေလည်း ရှိတာပေါ့နော်။ ကျောင်းဖွင့်ပြီဆိုရင်တော့ ကိုယ့်သားသမီးကိုတော့ ကိုယ်သေသေချာချာ လုပ်ပေးရမှာပေါ့။ ပါးစပ်၊ နှာခေါင်းစည်းတွေတပ်ပေး၊ ပြန်လာရင် အဝတ်တွေ ချွတ်လျှော်ပစ် လက်ဆေးခိုင်းတွေ လုပ်ပေးရမှာပေါ့။

လူစုလူဝေးဖြစ်ပြီး အမှတ်ခြစ်ရလို့တဲ့ အောင်စာရင်း တွေ မထွက်ပေးသေးဘူးလို့ အဲ့လိုပြောတယ်။ အဲတော့ ခုက အောင်စာရင်းမထွက်သေးဘဲ စာအုပ်တွေထုတ် ပေးနေတယ်ဆိုတော့ ဘယ်လိုပုံစံလဲလို့ သိချင်နေတယ်။

ဒေါ်စန်းစန်းမြင့်၊ အသက် ၄၀ နှစ်
ကျောင်းသား နှစ်ဦး၏ မိခင်၊ ညောင်ဇင်စံပြကျေးရွာ

ကျောင်းတွေလည်းနှောင့်နှေးတယ်လို့ ခံစားရတယ်။ ပညာရေးပိုင်းနဲ့ဆိုရင် အရမ်းကိုနှောင့်နှေးနေ တယ်ပေါ့။ တကယ်တော့ ပြန်ဖွင့်တော့ ဖွင့်စေချင် တယ်ပေါ့နော်။

ကျန်းမာရေးနဲ့ပတ်သက်နေတာကြောင့် ပဲ နေရတယ်ဆိုတာမျိုး စဉ်းစားထားတယ်။ တကယ် ကျောင်းဖွင့်ရက်နှောင့်နှေးလာတယ်ဆိုရင် သင်ဖို့အချိန် တွေက မရှိတော့ဘူးလေ။

စာမမီဘဲအချိန်တွေဖြစ်လာ တယ်ဆိုတော့ စာကို နှစ်ဝက်နဲ့ဖြေဖို့ဆိုတာမဖြစ်နိုင်ဘူးလေ။ ကျူရှင်တွေလည်းမရှိဘူးဆိုတော့ အစတုန်းက ဆို ဆရာမကို ခေါ်ပြီး ဝိုင်းကျူရှင်ခေါ်သင်တယ်။

အခုလည်း သားတွေက အလုပ်လည်းလုပ်မရဘူး။ ကျောင်းလည်းနေမရဘူးဆိုတော့ လစ်ဟာနေတာ ပေါ့တစ်ခုခု။ ခုနေကျောင်းဖွင့်လို့ ကလေးတွေကို ကျောင်းကို လွှတ်ရမယ်ဆိုလည်း တနင်္သာရီတိုင်းမှာက ဒီရောဂါမရှိသေးဘူးဆိုတဲ့အခြေအနေဆိုတော့ စိုးတော့ မစိုးရိမ်ဘူး။ တခြားနားမှာ ဖြစ်နေတဲ့အတွက် ကြောင့်ပေါ့နော်၊ တကယ်လို့ ရှိနေမယ်ဆိုရင်တော့ စိုးရိမ်မိလိမ့်မယ်။ တကယ်လို့ ဒီရောဂါကုဖို့ ဆေးရှိ နေမယ်ဆိုရင်တော့ စိုးရိမ်စရာ မရှိဘူး။

ဒေါ်လှအေး၊ အသက် ၄၅ နှစ်
ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦး၏မိခင်၊ ရောင်းမော်ကျေးရွာ၊ ထားဝယ်မြို့နယ်

အရင်နှစ်တွေတုန်းက ဒီအချိန်ဆို စာသင်တယ်၊ ကျူရှင်သွားတယ်။ ဒီနှစ်မှာတော့ မသွားရဘူး။ အိမ်မှာလည်း စာတွေဘာတွေ မလုပ်ဖြစ်ပါဘူး၊ အိမ်မှာနေပြီးတော့ TV ကြည့်တယ်၊ ဖုန်းနှိပ်တယ်၊ စားတယ်၊ အဲဒီလောက်ပဲ။ ကျောင်းပြန်မတက်ချင် သေးဘူး၊ အိမ်မှာနေရတာ ကြိုက်တယ်၊ ရောဂါကိုလည်း မကြောက်ပါဘူး။ ကျောင်းကတော့ ညောင်ဇင်မှာ သွားတက်တယ်၊ ၇ တန်းဖြေထားတယ်၊ အောင်စာရင်း တော့ သိချင်နေပြီ။

မကေဂျေခြိူး၊ သတ္တမတန်းဖြေထားသူ
ရန်တောင်ကျေးရွာ

ကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့ ကျောင်းလည်း ဖွင့်မရဘူးဆိုတာ အားလုံးလည်းသိနေတယ်၊ ဖွင့်မယ် လိုလိုလည်းပြောနေတယ်၊ ကျွန်မတို့ကတော့ ဖွင့်မယ် ဆိုလည်း ပညာရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီး ဌာနရဲ့လမ်းညွှန်ချက်တွေအတိုင်းပဲ လိုက်နာပြီးတော့ ဖွင့်မယ်ဆို ရည်ရွယ်တယ်။

အရင်နှစ်ကဆို မေလ ၁ ရက်နေ့ဆို စာတွေက ကြိုသင်တယ်၊ သူက ဇွန် ၁ ရက်နေ့မှ ကျောင်းဖွင့် မှာဆိုတော့ တစ်လစာတွေကြိုသင်ကြတယ်၊ တစ်လ အတိုင်းအတာမှာ အငယ်တွေကို လက်ခံပြီးတော့ စသင်ကြတယ်၊ ကျောင်းဖွင့်တဲ့ကာလဆို နည်းနည်းလေး အဆင်သင့် ဖြစ်နေအောင်လို့ ကြိုသင်ကြတယ်။

အခုကတော့ လုံး၀ဖွင့်မရဘူးဆိုတော့ ဆရာမတို့လည်း လက်ခံမရဲဘူးဖြစ်နေတာပေါ့၊ မိဘတွေက တော့ အပ်နေကြတာပေါ့၊ တချို့ကလည်း အပ်တယ်၊ တချို့ကလည်း ထားရဲတယ်၊ တချို့ကလည်း ထားမရဲဘူး။

အခုက မိဘတွေကလည်း အိမ်တွေ ကျောင်းတွေ သွားမရတဲ့ အနေအထားဆိုတော့ ကျောင်းဖွင့်ဖို့အနေ အထားကိုပဲ ဖုန်းနဲ့ဆက်ဆက်ပြီးမေးနေကြတာတွေရှိတယ်။

အရင်နှစ်တွေကတော့ အခုချိန်ဆို ကျောင်း လက်ခံပြီးတော့ ဘော်ဒါဝင်ပြီး စာသင်နေကြပြီ။

တချို့မိဘတွေကလည်း ရောဂါနဲ့ကိုတောင်မှ လည်းပဲ ပညာရေး တအားနောက်ကျမှာ ကြောက်တာ မျိုး စိတ်ဝင်စားကြတာမျိုး အဲဒီမျိုးလည်းရှိမယ်၊ တချို့ကလည်း ရောဂါရဲ ဆိုးရွားမှုကိုမသိဘဲ ပညာရေးကိုပဲ အဓိကကျနေတဲ့ မိဘတွေမျိုးလည်း ရှိတယ်။ အဲ့တော့ သူတို့က မေးနေကြတယ်။

ကျွန်မတို့ကတော့ လမ်းညွှန်ချက်မရှိဘဲ ဘာမှ လုပ်မရသေးဘူး၊ ကျောင်းဖွင့်ဖို့အနေအထား ကတော့ အောင်စာရင်းက အရေးကြီးဆုံးပဲ၊ ပထမအဆင့် အောင်စာရင်းထွက်တာနဲ့ သားတွေက အထက်တန်း ကိုတက်ရမယ်ဆိုတာ သိပြီ။ အဲ့ဒါပြီးမှ ပညာရေးကလမ်း ညွှန်ချက်အနေနဲ့ ဘယ်ချိန်ဘယ်ခါကျောင်းဖွင့်မယ်ဆိုတာကို ညွှန်ကြားချက်ထွက်လာပြီးဆိုမှ ဆရာမတို့ က သင်ရမယ်လေ။ အခုချိန်မှာဘာမှလုပ်မရဘူး။

တကယ်လို့ စီမံချက်တစ်ခုထွက်လာပြီ၊ သုံးပေ အကွာနေရမယ်၊ Mask တပ်ရမယ် ဆိုတာမျိုးတွေဖြစ် လာပြီဆိုရင် မူလတန်းအနေနဲ့ကတော့ အဆင်မပြေ နိုင်သေးဘူးလို့ထင်တယ်။

ပထမဆုံးအတန်းအကြီးဆုံး ကနေ ဖွင့်ကြည့်မယ်၊ ဖွင့်ကြည့်လို့ အဆင်ပြေတယ်ဆို၊ နောက်တစ်လ တစ်လဆို အထက်တန်းအဆင့် အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ဆိုပြီး ဖွင့်မယ်ဆို အဆင်ပြေမယ်ဆိုထင်တယ်၊ တချိန်တည်း တပြိုင်နက် ဖွင့်ချဖို့ဆိုတာက ရောဂါကြောင့်ဖြစ်လာမယ်ဆို လိုက်နာမှုကတော့ ကြီးကြီးတွေက နည်းနည်းလေး ပြောဆိုလို့ရမယ်ဆိုထင်တယ်။ အတန်းငယ်တွေက တော့ ငယ်လွန်းအားကြီးသေးတော့ သူတို့တွေကို လိုက်လုပ်ရဖို့က မိဘတွေအနေနဲ့ နည်းနည်းတော့ အခက်အခဲ ရှိမယ်ထင်တယ်။

ဒေါ်ရီရီသန်း၊ မြတ်ပန်းခိုင်ဘော်ဒါ သင်ကြားရေးနှင့် တည်ထောင်အုပ်ချုပ်သူ၊ ထားဝယ်မြို့။

Dawei Watch