“ရေအရေး သွေးအေးသွားကြရင်တော့ ထားဝယ်ဟာ မိုးများရေရှားဒေသဆိုပြီး နာမည်တွင်သွားပါလိမ့်မယ်”

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ရေပညာရှင် ဦးကျော်ဦး နှင့် တွေ့ဆုံခြင်း

ကိုယ်ရေး အကျဉ်း

ဦးကျော်ဦးကို ထားဝယ်တွင်မွေးဖွားပြီး အထက (၃)ထားဝယ်၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ နယ်သာလန် နိုင်ငံတို့၌ ပညာသင်ကြားခဲ့သည်။ ရေနှင့်သန့်ရှင်း မှုအင်ဂျင်နီယာဘွဲ့လွန်ပညာ အပြင် မြေအောက်ရေ ရရှိရေးဘာသာရပ်ကိုလည်း အထူးပြုလေ့လာခဲ့သည်။

ပြည်သူ့လုပ်ငန်းကော်ပိုရေးရှင်းတွင် တာဝန် ထမ်းဆောင်ခဲ့သည်။ အမျိုးသားအဆင့်ရေအရင်း အမြစ်ကော်မတီ၏ အကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ရေ၊ သဘာ၀ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါးနှင့် စာအုပ်များ ရေးသားထုတ်ဝေလျက်ရှိသည်။

ရေသည် ကမ္ဘာကြီးပေါ်ရှိ အပင်၊ သက်ရှိသတ္တဝါများ ရှင်သန်နေထိုင်ရန် အသက်ဖြစ်သည်။ လူသားတို့ဖြစ်တည် ရှင်သန်မှုတစ်လျှောက်လုံး ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းသွားလာခဲ့ကြပြီး သောက်သုံးရန်၊ စိုက်ပျိုးရန်၊ သန့်ရှင်းရန်၊ စက်မှုလုပ်ငန်းများအတွက် စသည်ဖြင့် နည်းအမျိုးမျိုးဖြင့် အသုံးပြုခဲ့ကြသည်။

ရာသီဥတုဖောက်ပြန်လာခြင်း၊ လူဦးရေတိုးလာပြီး မြို့ပြချဲ့ထွင်လာခြင်းတို့က ရေရှားမှုကို ပိုဖြစ်လာစေသည်။ မြန်မာနိုင်ငံတွင် မိုးအများဆုံး ဒေသများတွင် အပါအဝင်ဖြစ်သော ထားဝယ်ဒေသတွင် ယခင်နှစ်များထက် ရေပိုရှားလာသည်။ နှစ်စဉ် ရေတိုဖြေရှင်းနည်း ရေအလှူဖြင့် လက်ပူတိုက်ခဲ့ကြသည်။ သို့သော် ရေရှည်တွင် ရေမရှားအောင်၊ ရေအရင်းအမြစ် ရေရှည်တည်တံ့အောင် မည်သို့လုပ်ဆောင်သင့်ပါသနည်း။ ယင်းနှင့် ပတ်သက်၍ ထားဝယ်ဇာတိ ရေပညာရှင် တစ်ဦးဖြစ်သော ဦးကျော်ဦးကို တနင်္သာရီအပတ်စဉ်က ဆက်သွယ်မေးမြန်းထားပါသည်။

တနင်္သာရီ အပတ်စဉ် – ထားဝယ်ဒေသဟာ အရင်နှစ်တွေနဲ့မတူဘဲ ရေရှားတဲ့ကိစ္စ ပိုပြီးဆိုးဆိုး ဝါးဝါးဖြစ်လာနေတာတွေ့ရတယ်။ ဒီနှစ် မုတ်သုံ ဝင်တာကလည်း အရင်နှစ်တွေထက် နောက်ကျ နေတော့ အရင်ကမခန်းဖူးတဲ့ရေတွင်းတွေ၊ အဝီစိ တွင်း တွေခန်းလာတာ ကြုံနေရတယ်။ ဆိုတော့ ဒီလိုမျိုးဖြစ် လာတာက ဘယ်လိုအကြောင်းအရာတွေ က အဓိက အချက်ဖြစ်နေမလဲ။

ဦးကျော်ဦး – ဒီနှစ်မှရုတ်တရက်ကြီး ဆိုးဝါးစွာ ဘာ့ကြောင့် ခန်းလာတယ်ဆိုတာကို အဝေးမှာနေသူ တစ်ယောက် အနေနဲ့ ဖြေဖို့မလွယ်ဘူးဗျ။ ဒါပေမယ့် အရင်ကလည်း တစ်နှစ်ထက်တစ်နှစ်ဆိုးလာနေခဲ့တာကို ကြားနေခဲ့ရတာပဲ။ အကြောင်းရင်းတွေ ကတော့ ရာသီဥတုပြောင်းလဲလာတယ်၊ လူဦးရေ များလာတယ်၊ တစ်ဦးချင်း ရေအသုံး များလာတယ်၊ ကွန်ကရစ်ကတ္တရာစတဲ့ ရေပိတ်လွှာ များလာတော့ မိုးရေတွေမြေအောက်အဝင်နည်းသွားတယ်။

အဲဒီ လေးချက်ကြောင့်ပါ။ တစ်ဦးချင်းရေအသုံးများလာ တယ်ဆိုတဲ့နေရာမှာ လူနေမှုအဆင့်မြင့်လာတာ ကြောင့်ရော၊ ရာသီဥတုပိုပူလာတာကြောင့်ရော ပါတာပေါ့။

တနင်္သာရီအပတ်စဉ် – အခုဆိုရင် ရေအရင်း အမြစ်ကြိုတင်စုဆောင်းတဲ့ အပိုင်းထက် ရေရှား လာရင်လှူမယ်ဆိုတဲ့ဖက်ကို ပိုပြီး စိတ်အားထက်သန် နေတာမျိုးတွေ့ရတယ်။ ဒါကလည်း ရေရှည်အတွက် အလုပ်မဖြစ်ဘူးဆိုတာ ဒီနှစ်က သက်သေဖြစ်နေတာ မျိုးတွေ့ရတယ်။ ဒီလိုအခင်းအကျင်းမျိုး ကိုရော တိုင်းအစိုးရအနေနဲ့ ဘယ်လိုစီမံသင့်လဲ။

ဦးကျော်ဦး – ရေရှားတာဟာ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဖြစ်တယ်၊ ဒါကြောင့်ရေလှူ ကြမယ်၊ ရေလှူရင်းနဲ့ ရာသီဥတု ပြန်ကောင်းလာရင် ရေအခက်အခဲ ပြေလည်သွား ကောင်းရဲ့လို့မျှော်လင့် နေကြတယ်။ နောက်တစ်ခုက ရေလှူတော့ ရေ အခက်အခဲပြေလည်သွားတာကို ကြည့်ပြီး ပီတိဖြစ် ကြတယ်။ ကိုယ့်လုပ်ဆောင်မှုရဲ့အကျိုးကို လက်ငင်း မြင်လိုက်ရတယ်။ ဒီတော့ ရေလှူတာကို ပိုအားသန် ကြတာပေါ့။

ရေလှူတာဟာလိုအပ်ပေမယ့် ဒီနှစ်လှူလိုက် နောက်နှစ်တွေမှာ ရေအခက်အခဲပိုဆိုးလာလိုက်နဲ့ အဆိုး သံသရာထဲကို တဖြည်းဖြည်းရောက်လာနေ တယ် ဆိုတဲ့အထိ မြင်တတ်ဖို့လိုသပေါ့ဗျာ။ ပြီးတော့ အခု ရေများတဲ့ နေရာတွေမှာလည်း တစ်ချိန်ရေရှား လာနိုင်တာမို့လို့ ရေလှူတာ တစ်ခုတည်းဟာ မှန်ကန်တဲ့အဖြေမဟုတ်ဘူး ဆိုတာကို သဘော ပေါက်ရမယ်။

အစိုးရရော၊ အဖွဲ့အစည်းတွေရော၊ တစ်ဦးချင်း ရော တစ်နှစ်တစ်နှစ် ရေလှူရာမှာ သက်သက်သုံးတဲ့ငွေ ဟာ တစ်ပြည်လုံးအနေနဲ့တွက်ရင် အလွန့်အလွန်များ တယ်ဗျ။

တစ်နွေအတွက်တော့ရေရသွားပါရဲ့၊ အကောင် အထည်ဘာမှမကျန်ခဲ့ဘူး။ အဲဒီငွေတွေ ထဲက အချို့အဝက်ကို စနစ်ကျတဲ့မိုးရေလှောင်ကန် တွေ၊ ရေတွင်းတွေ တည်ဆောက်တူးဖော်ပေးပြီး ကန်တွေတွင်းတွေကို ဒေသခံတွေ ထိန်းသိမ်းတတ် အသုံးချတတ်အောင် ဆွေးနွေးစည်းရုံးဖို့လည်းလိုပါတယ်။ ရေရှည်မှာ အားလုံးအကျိုးရှိတဲ့နည်းပါ။

တနင်္သာရီအပတ်စဉ် – မြေအောက်ရေထုတ်ယူ သုံးစွဲတာက ရေရှည်မှာ အဆင်မပြေနိုင်ဘူးလို့ ဆရာ လည်း ပြောထားတာမျိုးတွေ့တော့ ရေချိုအရင်းအမြစ် အတွက် ဘယ်လိုစီမံသင့်လဲ။

ဦးကျော်ဦး – ရာသီဥတုကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ဖို့မလွယ်၊ မြေအောက်ရေ အထုတ်များလာနေတာ ကိုလည်း တားဆီးဖို့ခက်လှတော့ မြေအောက်ရေ အဝင်များလာအောင် လုပ်ဖို့ပဲကျန်တော့တယ်ဆိုတာ ကိုသိကြရပါမယ်။ ကွန်ကရစ်ကတ္တရာစတဲ့ ရေပိတ် လွှာတွေ မလိုအပ်ဘဲ ခင်းတာကို ရှောင်ရမယ်။ ပြီးတော့ ထားဝယ်တင်မက ဘယ်မှာပဲဖြစ်ဖြစ်၊ ရေအရင်း အမြစ်တစ်ခုတည်းကို အားကိုးနေဖို့ မသင့် ဘူး။ ထားဝယ်အတွက် မြေပေါ်ရေအရင်းအမြစ် တွေကို ကြိုပြီးရှာထားရမယ်။

တနင်္သာရီအပတ်စဉ် – ဆရာ့ရဲ့အတွေ့အကြုံ အရဆိုရင် ထားဝယ်ဒေသရဲ့ မြေအောက်ရေအခြေ အနေကရော ဘယ်လိုအနေ အထားရှိလဲ။

ဦးကျော်ဦး – ထားဝယ်ဒေသရဲ့ မြေအောက်ရေ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ မလေ့လာဖူးဘူး။ ဒါပေမယ့် ထားဝယ်ကမိတ်ဆွေတွေကို လှမ်းမေးလို့ သိရသလောက်နဲ့ ပြောရရင်ထားဝယ်ကရေကြောဟာ Unconfined Aquifer လို့ခေါ်တဲ့အမျိုးအစားပါ။

မြန်မာလိုတော့ တစ်ဖက်ပိတ်ရေကြောလို့ ပြန်ဆို နိုင်ပါတယ်။ ဒီ ရေကြောမျိုးက တူးရတာလွယ်တယ်။ ဒါပေမယ့် အထူး သတိထားရမှာ က အခုတွင်းတွေ ထပ်တူးချလို့ရနေသေးပေမယ့် အနက်ဘယ်လောက် မှာ ရေကုန်သွားမလဲဆိုတာကို ဘယ်သူမှ မသိကြ ဘူး။ အဝီစိတွင်းလို့ဆိုပေမယ့် အဝီစိအထိ တူးချ ရင်တောင် တောက်လျှေက်ရေရနေမယ့် သဘော မဟုတ်ဘူး။

ထားဝယ်မှာတာဝန်ကျခဲ့တဲ့ ဇလဘူမိဗေဒပညာ ရှင်မိတ်ဆွေတွေကိုမေးကြည့်တော့ အောက်မှာ ဂရက်နိုက်အလွှာရှိပါတယ်တဲ့။ ရေမအောင်းနိုင်တဲ့ အလွှာ၊ ရေပိတ်လွှာပေါ့။

ဘယ်လောက်အနက်မှာ ရှိသလဲဆိုတာကိုတော့ သူတို့လည်း အတိအကျမပြော နိုင်ဘူး။ အခု ရေတွင်းတွေရေခန်းတော့ အောက်ကို ဆက်တူးနေကြတယ်။ တူးရင်းနဲ့တစ်ချိန်အဲဒီဂရက် နိုက်အလွှာကို ရောက်ရင်တော့ ထားဝယ်အကြီး အကျယ်ဒုက္ခရောက်ပြီ။

နောက်တစ်ခုက တွင်းရေအရည်အသွေး/အဖွဲ့ အစည်းတစ်ခုရဲ့လေ့လာချက်အရ ထားဝယ်မြေအောက် ရေမှာ ဖလူအိုရိုက်နဲ့အာဆင်းနစ်ဓာတ်တွေ ရှိသင့် သည် ထက်ပိုနေတယ်လို့ ဆိုတယ်။ လေ့လာချက် ကိုမဖတ်ရတော့ ဘယ်ရပ်ကွက်မှာ ဘာဓာတ် ဘယ်လောက်များ နေသလဲမသိပါ။ ဖလူအိုရိုက်နဲ့ အာဆင်းနစ်ပါသင့်တာထက် တကယ်ပဲပိုနေရင် တော့စိုးရိမ်စရာရှိတယ်။ တွင်းရေ အရည်အသွေးကိုလည်းသေသေချာချာတိုင်းသင့်တယ်။

တနင်္သာရီ အပတ်စဉ် – အဲဒီတော့ ဘာ ဆက်လုပ်သင့်သလဲ ဆရာ။

ဦးကျော်ဦး – ထားဝယ်မှာတာဝန်ကျဖူးလို့ ထားဝယ်ကို သံယောဇဉ်ရှိတဲ့ ဇလဘူမိဗေဒပညာ ရှင်တွေ ရှိတယ်။ ထားဝယ်မှာ အခုတာဝန်ကျနေတဲ့ ဇလဘူမိဗေဒပညာရှင်တွေ ရှိကောင်းရှိမယ်။ သူတို့ကို အကူအညီတောင်းပြီး ထားဝယ်မြေအောက်ရေကြော အခြေအနေကို Geophysical Survey လုပ်ရမယ်။ အဲဒီလိုတိုင်းလိုက်ရင် လက်ရှိသုံးနေတဲ့ရေကြောနဲ့ အောက်ခံရေပိတ်လွှာ ဆိုင် ရာ အချက်အလက်တွေ သိလာမယ်။ အချက်အလက်တွေနဲ့ လက်ကျန်မြေ အောက်ရေ၊ ထုတ်သုံးနေတဲ့ ပမာဏ၊ ဝင်နေတဲ့ပမာ ဏတွေကို တွက်ပြီး ရေဘတ်ဂျက် ဆွဲရမယ်။

ရေဘတ်ဂျက်ထွက်လာလို့ ရေကြောထဲက ရေ ဟာ ဆယ်စုနှစ်ပေါင်းများစွာ ခံဦးမယ်လို့ သိလာ ရရင် စိတ်အေးရမှာပေါ့။ နှစ်အနည်းငယ်သာ ခံတော့ မယ်လို့ အဖြေထွက်လာရင်တော့ မိုးရေနဲ့ မြေအောက် ရေ ပြန်ဖြည့်တာကိုအပူတပြင်းလုပ်ရတော့မယ်။ ထားဝယ် မြေအောက်ရေကြောက ပြန်ဖြည့်ဖို့လွယ် တယ်လို့ ယူဆတယ်။

ကုန်ကျစရိတ်အထိုက်အလျောက်တော့ ရှိမှာပဲ။ ဒါပေမယ့် ဆင်းသွားတဲ့တွင်းရေနောက်လိုက်ပြီး တစ်မြို့လုံး တွင်းတွေထပ်နက်အောင်တူးနေရတာ၊ နောက်ဆုံး ဘယ်လောက်နက်အောင်တူးတူး ရေမရ နိုင်တော့တာ တွေနဲ့စာရင်တော့ အများကြီးကုန်ရ ကျိုးနပ်မှာပါ။

ထားဝယ်မြို့ပေါ်ရပ်ကွက်တွေကိုကြည့်ရင် အဆောက်အအုံတွေ ကွန်ကရစ်တွေအပြင် ကတ္တရာ လမ်းတွေ များလွန်းနေပြီမို့လို့ မိုးရေနဲ့ပြန်ဖြည့်ပေး သည့်တိုင်အောင်မှ လူဒီထက်များလာရင် ရေလုံ လောက်ဖို့ မလွယ်ဘူး။ မြေပေါ်အရင်းအမြစ်တွေကိုလည်း ယူဖို့စီစဉ်ရမယ်။

တနင်္သာရီအပတ်စဉ် – တနင်္သာရီတိုင်းလို မိုး ရေချိန်များတဲ့ တိုင်းတစ်ခုမှာ မိုးရေကိုသိုလှောင်ပြီး ပြန်လည်အသုံးချနိုင်တာမျိုးလည်း မတွေ့ရသေးဘူး ပေါ့။ ဒီလိုအခင်းအကျင်းမျိုးမှာ မိုးရေကို အကျိုးရှိ အောင် ဘယ်လိုအသုံးချသင့်လဲ။

ဦးကျော်ဦး – နောက်ဆုံးအခေါက် ထားဝယ်ကို ရောက်တော့ ဝန်ကြီးဦးဟိုပင်ကခေါ်ပြလို့ မျှော်အင်း တို့ ရွှေဘုန်းပွင့်တို့လို မိုးရေလှောင်ကန်အချို့ကို လေ့လာခွင့်ရခဲ့ပါတယ်။ လိုအပ်ချက်အချို့ရှိပေမယ့် ဒါမျိုးတွေ အများကြီးထပ် လုပ်ဖို့လိုတာပေါ့။

ပြီးတော့ ရွှေဘုန်းပွင့်ကန်သည် မိုးရေလှောင်ဖို့ အဓိကလုပ်ထားတာဖြစ်ပေမယ့် ကန်ရေ မြေအောက် စိမ့်ဝင်ပြီး အနီးကရပ်ကွက်ရေတွင်းတွေထဲကို ရောက် နေသလား၊ တစ်နည်းပြောရရင် မရည်ရွယ်သော်လည်း မြေအောက်ရေဖြည့်ပေးတဲ့ကန် ဖြစ်နေသလားဆိုတာ ကို လေ့လာသင့်တယ်။

မိုးရေကိုအကျိုးရှိအောင် ဘယ်လို အသုံးချသင့် သလဲဆိုတဲ့မေးခွန်းရဲ့အဖြေ ကျွန်တော်ရေးတဲ့ မိုးရေ လှောင်ကန်စာအုပ်မှာ အတော်ပြည့်ပြည့်စုံစုံပါတယ်။ စာအုပ်ကြော်ငြာမဟုတ်ဘူးနော်။ လှူတာ။ MRTV – 4 CEO ဦးဝင်းမော်ကတစ်ပြည်လုံးအတွက် အုပ်ရေ ၅၀၀၀ လှူထားတယ်။

ထားဝယ်ပါရမီစာပေမှာ စာအုပ် ၂၀၀ ပို့ထားပြီး လာအလှူခံကြ အသုံးချကြ ပါလို့ လက်လှမ်းမီသလောက်ပြောခဲ့တယ်။ ဝန်ကြီး ဦးဟိုပင် ဒီစာအုပ်ဖတ်ပြီး မိုးရေလှောင်ကန်တွေ တူးနေတာ။ ဒါပေမယ့် ထားဝယ်မှာ ၁၅ ယောက်ပဲ လာအလှူခံသွားတယ်။ အခြားမြို့တွေက လိုချင်တယ် ပြောလို့ ထားဝယ်က စာအုပ်တွေ ပြန်မှာပြီး ပေးလိုက် ရတယ်။ အခုတော့ ကုန်ပြီ။

တနင်္သာရီအပတ်စဉ် – မြို့သစ်တွေမြို့ပြ စီမံကိန်းတွေ ရေရရှိရေးနဲ့ ပတ်သက်ပြီး ထည့်သွင်း စဉ်းစားထားတာမျိုး သိပ်မတွေ့ရဘူး။ ဆိုတော့ ဒီလိုမျိုးရေးဆွဲချိန်မှာ ရေရရှိရေးနဲ့ပတ်သက်ပြီး ဘယ်လိုထည့်သွင်းစဉ်းစားသင့်လဲ။

ဦးကျော်ဦး – ရှေးတုန်းကမြို့တွေတည်ရင် ရေကြည်ရာ မြက်နုရာကိုရွေးခဲ့ကြပေမယ့် အခုခေတ် မြန်မာပြည်မှာတော့ ရှေးထုံးကိုပယ်ပြီး မြို့ပြစီမံကိန်း တွေမှာ ရေအတွက် စဉ်းစားကြဟန်မတူဘူး။ မြို့ကိုသာတည်လိုက်၊ ရေက တစ်နည်းနည်းနဲ့ရမှာပါ ဆိုတဲ့ မှားယွင်းတဲ့အတွေးအခေါ်တွေ ကြီးစိုးနေတယ်။

တနင်္သာရီအပတ်စဉ် – အခြားဖြည့်စွက်ပြောချင် တာမျိုး ရှိလားခင်ဗျား။

ဦးကျော်ဦး – ကိုဗစ်အန္တရာယ်က အနှေးနဲ့အမြန် ကင်းစင်သွား မှာဖြစ်ပေမယ့် ထားဝယ်မြေအောက်ရေ အခက်အခဲက တစ်နှစ်ထက်တစ်နှစ် ဆိုးရွားလာစရာ သာရှိတော့ ကိုဗစ်အရေးပြီးရင် အစိုးရ၊ အရပ်ဘက် အဖွဲ့အစည်း၊ ပြည်သူ လူထုပူးပေါင်းပြီး အခုအကြံပြု ခဲ့သလို စလုပ်ဖို့ လိုပါတယ်။ မိုးနည်းရေရှားဒေသရယ်လို့ပဲရှိတာ၊ မိုးအေးလို့ နှစ်တိုင်းလို ရေအရေး သွေးအေးသွားကြရင်တော့ ထားဝယ်ဟာ မိုးများ ရေရှားဒေသဆိုပြီး နာမည်တွင်သွားပါလိမ့်မယ်။

Dawei Watch