တနင်္သာရီတိုင်းအတွင်း စီမံကိန်းများတွင် မသန်စွမ်းသူများကို ဦးတည်ဆောက်ရွက်ချက် အားနည်းဆဲ

0
358

တနင်္သာရီတိုင်းအတွင်း တိုင်းအစိုးရ က ဆောင်ရွက်နေသည့် ဒေသန္တရစီမံကိန်း များတွင် မသန်စွမ်းများကို ဦးတည်ဆောင် ရွက်သည့် ကိစ္စများကို ထည့်သွင်းဆောင်ရွက်ချက် အားနည်နေဆဲဖြစ်ကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေက ထောက်ပြသည်။

ထို့အပြင် မြေပြင်အခြေအနေတွင်လည်း မသန်စွမ်းများ အကျိုးစီးပွားနှင့် ပတ်သက်ပြီး အများပြည်သူချပြနိုင်သည့် ရလဒ်များဖော်ဆောင်နိုင်ခြင်း မရှိကြောင်း အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။

ဇန်နဝါရီလ ၂၉ ရက်က ပြုလုပ် သည့် တိုင်းလွှတ်တော် ပုံမှန်အစည်း အဝေးတွင် မသန်စွမ်းများအတွက် ဘာသာရေးဆိုင်ရာ ကိစ္စများ၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကို အစိုးရ အနေဖြင့် စီမံကိန်းရေးဆွဲ အကောင် အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း မေးမြန်းရာတွင် ယင်း ကဲ့သို့ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တိုင်းအတွင်းရှိ မသန်စွမ်းသူများ သည် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး စသည့် နေရာဘက်ပေါင်းစုံမှ နိမ့်ကျနေ သည်ကို တွေ့ရှိရပြီး အထူးသဖြင့် ဖွံ့ဖြိုး တိုးတက်မှု အားနည်းသည့် ကျေးလက် ဒေသများရှိ မသန်စွမ်းများမှာ အစွန့်ပစ်ခံ အပယ်ခံဘ၀သို့ ကျရောက်နေကြောင်း ၎င်းက ပြောသည်။

တိုင်းအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်ကမူ မသန်စွမ်းသူများ ဝှီးချဲဖြင့် ဘုရားဖူးနိုင် ရန် ကလိန်အောင်ဆံတော်ရှင် ဝှီးချဲ လမ်းထည့်သွင်းထားပြီး အခြားတန်ခိုး ကြီး ဘုရားများတွင်လည်း ဝှီးချဲလမ်းများ ထည့်သွင်း ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ဘုရား ဂေါပကများနှင့် ညှိနှိုင်းဆောင် ရွက် ပေးမည်ဖြစ်ကြောင်း ဖြေကြားခဲ့သည်။

မသန်စွမ်းသူများ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကိုမူ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ အမျိုးသားကော်မတီ ၏ လမ်းညွှန်ချက်အတိုင်း တိုင်းအစိုးရက ဆောင်ရွက်ပေးလျက်ရှိကြောင်း ဝန်ကြီး ဦးဟိုပင်က ပြောသည်။

မည်သည့်နေရာများတွင် ဆောင်ရွက် ပေးနေသည်ကို လွှတ်တော်တွင် ထည့် သွင်းမဖြေကြားခဲ့သော်လည်း ထားဝယ် ပြည်သူ့ဆေးရုံ အဆောက်အအုံအသစ်နှင့် ကမ်းနားလမ်းပန်ခြံတို့တွင် မသန်စွမ်းများပါ သွားလာနိုင်သည့် ဝှီးချဲလမ်းများ ထည့်သွင်း ဆောင်ရွက်နေပြီဖြစ်ကြောင်း ဝန်ကြီးက Dawei Watch သို့ ပြောကြား ခဲ့ဖူးသည်။

တိုင်းနှင့်ပြည်နယ်လွှတ်တော်များတွင် မသန်စွမ်းနှင့်ဆိုင်သည့် မေးခွန်းနှင့် အဆိုများကို တင်သွင်းမှုနည်းပါးနေ ချိန်တွင် တနင်္သာရီတိုင်းလွှတ်တော်မှ မသန်စွမ်းများကိစ္စကို မေးခွန်မေးမြန်း လာသည့်အတွက် ကြိုဆိုကြောင်း တနင်္သာရီတိုင်း လူငယ်ရေးရာကော်မတီ မသန်စွမ်းကိုယ်စားလှယ် ကိုမျိုးမင်းဦး က ပြောသည်။

“တိုင်းအစိုးရရဲ့အဖြေအပေါ်မှာ ကတော့ လက်ရှိအနေအထားအရ (မသန်စွမ်းများအတွက်) တကယ့် အခြေခံကျတဲ့လုပ်ငန်းတွေ အများကြီး လုပ်ဆောင်ဖို့ လိုနေသေးတယ်”ဟု ၎င်း က ဆိုသည်။

၂၀၁၄ ခုနှစ် အိမ်အကြောင်းအရာနှင့် သန်းခေါင်စာရင်းအရ တနင်္သာရီတိုင်း တွင် မသန်စွမ်းသူဦးရေ ခုနစ်ထောင်နီးပါး ရှိနေပြီး တနင်္သာရီတိုင်းရှိ လူတစ်ရာလျှင် ခြောက်ဦးခန့်မှာ မသန်စွမ်းများဖြစ် ကြောင်း သိရသည်။

Dawei Watch