တည်ဆောက်ရေးလုပ်ငန်းများ ငွေထုတ်ရာတွင် ရပ်ကျေးတည်ကော် လက်မှတ်မလိုတော့

0
551

တိုင်းအစိုးရဘတ်ဂျက်ဖြင့် ဆောက် လုပ်သည့် တည်ဆောက်ရေး လုပ်ငန်းများ ရာခိုင်နှုန်းအလိုက်ငွေထုတ်ရာတွင် ရပ်ကျေးတည်ဆောက်ရေးလုပ်ငန်း ကြီးကြပ် ရေးအဖွဲ့၏ လက်မှတ်မလို အပ်တော့ကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။

ထိုသို့ သတ်မှတ်ခြင်းကို လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စတင် အသက်ဝင်မည်ဖြစ်ကြောင်း တိုင်းဒေသ ကြီးလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး (တိုင်းဒေသကြီး တည်/ကော်ဥက္ကဋ္ဌ) ဦးအောင် သူရက ဆိုသည်။

တိုင်းအစိုးရအဖွဲ့၏ ထုတ်ပြန်ချက် တွင် ရပ်ကျေးတည်/ကော်များကို စောင့်ကြည့်ရေးအဖွဲ့ အနေဖြင့် ဆက်ထားမည် ဖြစ်သော်လည်း QC နှင့် Work Done လက်မှတ်ထိုးရန် မလိုတော့ဘဲ ဖြေလျော့ လိုက်သည်ဟု ဖော်ပြထားသည်။

တည်ဆောက်ရေးကုမ္ပဏီများက တောင်းဆိုသည့်အတွက် ယင်းကဲ့သို့ ဖြေလျော့ပေးလိုက်ခြင်း ဖြစ်ကြောင်း ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

“ရာခိုင်နှုန်းအလိုက် ငွေထုတ်ချိန်မှာ ကြန့်ကြာနေလို့ ရပ်ကျေးကော်မတီက မထိုးရတော့ဘူး။ ဒါပေမယ့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးကတော့ ပါရမယ်”ဟု ဦးအောင်သူရက ပြောသည်။

ယခင်က ရာခိုင်နှုန်းအလိုက် ငွေထုတ်ရာတွင် ရပ်ကျေးတည်/ကော်မှ ခရိုင်အဆင့်အထိ လက်မှတ်ထိုးရ ကြောင်း ထားဝယ်မြို့ အခြေစိုက်ကုမ္ပဏီ အချို့ထံမှ သိရသည်။

လုပ်ငန်းပြီးစီးမှု ၂၅ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်း၊ ၇၅ ရာခိုင်နှုန်းနှင့် ၁၀၀ ရာခိုင်နှုန်း ဟူ၍ အပိုင်းအလိုက် ကုမ္ပဏီ များက ငွေထုတ်ကြရသည်။

“သက်ရောက်မှုတော့ အများကြီး မရှိနိုင်ပါဘူး။ ရပ်ကျေးတစ်ခုပြုတ်သွား တာပဲရှိတယ်”ဟု အထက်ပါ ဆောက်လုပ် ရေးကုမ္ပဏီပိုင်ရှင် အမျိုးသားက ပြောသည်။

အထက်ပါအချက်အပြင် တင်ဒါခေါ် မည့် လုပ်ငန်းအလိုက် သက်ဆိုင်ရာဌာနများက ဒီဇိုင်းကို ကြိုတင်ရေးဆွဲရမည် ဖြစ်ပြီး ဒီဇိုင်းဆွဲသည့် ကုန်ကျစရိတ်ကို တင်ဒါအောင်မြင်သည့် ကုမ္ပဏီက ကျခံရမည်ဖြစ်ကြောင်း တိုင်းအစိုးရက ထုတ်ပြန်ထားသည်။

“အဓိကကတော့ ဒီဇိုင်းမသတ်မှတ် ရသေးဘူးဆိုရင် ကုမ္ပဏီတွေက ဒီဇိုင်းအမျိုးမျိုးနဲ့ လာတင်ကြတာရှိတယ်။ တင်ဒါအောင်တဲ့ မအောင်တဲ့ကုမ္ပဏီတွေ ကလည်း မလိုလားအပ်ဘဲနဲ့ ကုန်သွား တာတွေရှိတယ်”ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။

အထက်ပါ အချက်များအပြင် တည်ဆောက်ရေးလုပ်ငန်းနှင့် ပတ်သက်သည့် အခြားအချက်များကိုလည်း ထုတ်ပြန်ထားသည်။

Dawei Watch