မူဆယ်နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းထားသဖြင့် ဖရဲသီး ရောင်းသူများ ထားဝယ်ပြန်ဦးလှည့်

0
469

မူဆယ်နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း ထားသဖြင့် ပဲခူးတိုင်းမှ ဖရဲရောင်းသူများ ထားဝယ်ဒေသသို့ ပြန်လည် ဦးလှည့်လာကြသည်။

တရုတ်ပြည်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မဖြစ်မီက ဖရဲသီးဈေးကောင်း ရသည့် မူဆယ်သို့ တင်ပို့မှုများသဖြင့် ဒီဇင်ဘာလအကုန်မှ ဇန်နဝါရီလ တတိယအပတ်ခန့်အထိ နေရပ်ပြန်သွား ခဲ့သည်ဟု ဖရဲသီးရောင်းသူများ၏ ပြောပြချက်အရ သိရသည်။

အဆိုပါ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် လက်ရှိတွင် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေး ရပ်ဆိုင်းထားခြင်းကြောင့် တရုတ်နိုင်ငံသို့ ဖရဲသီး တင်ပို့မရသဖြင့် ထားဝယ်ဈေးကွက်သို့ ပြန်ဦးလှည့်လာ ခြင်းဖြစ်ကြောင်း ထားဝယ်ကမ်းနားဈေး တွင် ဖရဲသီးရောင်းချနေသူ ပဲခူးတိုင်း ပြွန်တန်ဆာမြို့နယ်မှ ဒေါ်ခင်မာနီက ပြောသည်။

“ဖရဲသီးဝယ်လို့ မရတော့ ဆယ့်ငါး ရက်လောက် ပြန်နားလိုက်တယ်။ ဝယ်လို့ မရဆို အဲတုန်းက မူဆယ်က ဈေးကောင်းတော့ အဲဒီ အကုန်တင်တာ။ တင်တော့ စားသုံးသူအတွက်ကို မရဘူး။ အခုမှ ပြန်ရောင်းတာ”ဒေါ်ခင်မာနီက ဆိုသည်။

ပဲခူးဘက်မှ ထားဝယ်ဈေးကွက်သို့ ဖရဲသီးလာရောက်ရောင်းချနေသည်မှာ လေးနှစ်ရှိပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

မူဆယ်တင်ပို့ရောင်းချပါက ပြည် အကျိုးအမြတ်ပိုရသောကြောင့် မူဆယ်ဘက်သို့ တင်ပို့မှုများ ချိန်တွင် ထားဝယ်ဈေးကွက်သို့ ရောင်းချရန် ဖရဲသီးမရှိသဖြင့် နေရပ်ပြန်သွားခြင်း ဖြစ်ကြောင်း ပေါက်တိုင်းချောင်းတံတား ထိပ်တွင် ဖရဲသီးရောင်းနေသည့် သထုံမြို့ နယ်၊ ကလိကျွန်းကျေးရွာမှ အမျိုးသမီးက ပြောသည်။

ဖရဲသီးတစ်လုံးလျှင် ငွေကျပ် ၅၀၀ မှ ၃၅၀၀ ကျပ်ထိ အရွယ်အစားအလိုက် ဈေးအမျိုးမျိုးရှိပြီး တရုတ်ပြည်သို့ အဓိက တင်ပို့ရောင်းချသည်ဟု ဖရဲသီးရောင်းသူ များထံမှ သိရသည်။

မိုးမြင့်