တစ်ခါသုံး နှာခေါင်းစည်းများ အကန့်အသတ်ဖြင့် ရောင်း

0
361
ဓာတ်ပုံ - ဝေယံစိုး

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရန်အတွက် လတ်တလောတွင် ဝယ်ယူသူများသည့် တစ်ခါသုံး နှာခေါင်းစည်းများကို အကန့်အသတ်ဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ရှိ ဆေးဆိုင်အချို့ နှင့် ဈေးဆိုင်များမှ သိရသည်။

အဆိုပါ ဗိုင်းရပ်စ်သည် တရုတ်ပြည် ဝူဟန်မြို့မှ စတင်ပြန့်ပွားခြင်း ဖြစ်သည်။

ယင်းသို့ ဖြစ်ပွားပြီး သုံးပတ်ခန့် အကြာတွင် တစ်ခါသုံး နှာခေါင်းစည်း ဝယ်ယူမှု များပြားလာခြင်း ဖြစ်သည်။

ထားဝယ်ဈေးကွက်ရှိ ဆိုင်အချို့တွင် နှာခေါင်းစည်းနှင့် လက်ဆေးဆပ်ပြာ ရည်များ ပစ္စည်းပြတ်လပ်မှု ရှိနေသည်။

တစ်ချိန်တည်းအတွင်ပင် အမြောက် အမြားဝယ်ယူကာ ဈေးတင်ရောင်းချမှုများလည်းရှိနေသဖြင့် တစ်ဦးလျှင် အခုငါးဆယ်ပါ မျက်နှာဖုံး နှစ်အုပ်အထိသာ ရောင်းချပေးသည်ဟု ထားဝယ်မြို့ ဆေးရုံလမ်းရှိ ဆေးဆိုင်တစ်ဆိုင်မှ တာဝန်ရှိ အမျိုးသားက ပြောသည်။

“တချို့ကလည်း ရသမျှယူမယ် ဆိုပြီး လာဝယ်တာရှိတယ်။ ထိန်းပြီး ရောင်းပေးတယ်ဆို သဘောလောက်ပဲ။ တစ်ပုံကြီးတော့ မရောင်းပေးဘူး။ ကန့်သတ် လိုက်တာက ခုမှ နှစ်ရက်ပဲရှိ သေးတယ်”ဟု တာဝန်ရှိသူက ဆိုသည်။

အခုရေ ငါးဆယ်ပါ တစ်ခါသုံး နှာခေါင်းစည်း တစ်အုပ်လျှင် ယခင် ၁၅၀၀ ကျပ်မှ ယခု ၂၀၀၀ ကျပ်ဖြစ်လာပြီး ဆယ်ခုပါ တစ်ထုတ်လျှင် ငွေကျပ် ၄၀၀ မှ ၅၀၀ ကျပ်ဖြင့် ရောင်းချကြောင်း အထက်ပါ တာဝန်ရှိသူက ပြောသည်။

အချို့ ဆေးဆိုင်များတွင် ကန့်သတ်ချက်ဖြင့် ပုံမှန်ဈေးအတိုင်းသာ ရောင်းချ ပေးနေပြီး လက်ဆေးဆပ်ပြာရည် ဝယ်ယူ သူနည်းကြောင်း သိရသည်။

မိုးမြင့်