ပြင်းထန်အဆုတ်ရောင်ရောဂါအတွက် အသင့်ပြင်

0
426

တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသော ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့ရှိပါက အသင့်ဖြစ်ရန် ညွှန်ကြားထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ တိုးချဲ့ ကာကွယ်ဆေး အဖွဲ့ခေါင်းဆောင် ဒေါက်တာမြတ်ဖြူပြာအေးက ပြောကြားသည်။

သံသယလူနာတွေ့ရှိပါက သီးသန့်ခန်းတွင်းထားကာ စောင့်ကြည့်ရန်နှင့် ကုသရေးအတွက် လိုအပ်သည့် ဆေးနှင့် ဆေးပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားရှိရန် ညွှန်ကြားထားသည်ဟု ဒေါက်တာ မြတ်ဖြူပြာအေးက ဆိုသည်။

သံသယလူနာတွေ့ရှိပါက နေပြည်တော် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနသို့ ချက်ချင်းအကြောင်းကြားရန် ဇန်နဝါရီ ၆ ရက်နေ့ညွှန်ကြားထားကြောင်း ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။

“ဆေးရုံတွေမှာတော့ အားလုံးတော့ ပြင်ဆင်ထားတာတော့ ရှိတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ သံသယလူနာ မတွေ့သေးဘူး”ဟု ဒေါက်တာ မြတ်ဖြူပြာအေးက ဆိုသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့တွင်ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသော ထိုရောဂါသည် အဆုတ်ရောဂါ၊ ကင်ဆာရောဂါ ခံစားနေရသူ၊ အသက် ၆၅ နှစ်အထက်ရှိသူ၊ ကိုယ်ခံအားမကောင်းသူများတွင် ပြင်းထန်စွာဖြစ်ပွားတတ်ပြီး အဖျား ကြီးခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ အသက်ရှူရခက် ခြင်းများ ဖြစ်တတ်သည်ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်ထိ ကိုရိုနာနှင့်ပက်သက်သည့် သံသယလူနာ မတွေ့ရသေးသော်လည်း တိုင်းနှင့် ပြည်နယ်ရှိ ဆေးရုံများတွင် ဆေးနှင့် ဆေးပစ္စည်းများကို အဆင်သင့်ထားရှိကာ ပြင်ဆင်ထားသည်ဟု ဒေါက်တာ မြတ်ဖြူပြာအေးက ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှ မြန်မာပြည်သို့ တိုက်ရိုက်လေကြောင်းလိုင်းအပါအဝင် တရုတ်လေကြောင်း လိုင်းအများအပြားဆိုက်ရောက်လျက်ရှိရာ စောင့်ကြည့်စစ်ဆေးလျက်ရှိသည်။

မိုးမြင့်