တိရစ္ဆာန်စွန့်ပစ်ပစ္စည်း မစင်များဖြင့် မြေသြဇာဖျော်ရည် ပြုလုပ်သုံးစွဲနည်း

0
1619

တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမစင်များဖြင့် ပြုလုပ်ထားသော မြေဩဇာဖျော်ရည်သည် စိုက်ပျိုးရာသီအတွင်း အပင်များအတွက် လိုအပ်သော အာဟာရဓာတ်များကို လျင်မြန်စွာ ထောက်ပံ့ပေးနိုင်သော သဘာဝမှရသည့် အပင်အာဟာရဓာတ် ရင်းမြစ် တစ်ခု (Natural plant food) ဖြစ်ပါ သည်။ သဘာ၀ မြေဩဇာရည်သည် စနစ် တကျ အသုံးပြုပါက အပင်၏အရွက်များပေါ်မှပင်ဖျန်းပက် အသုံးပြုနိုင်သည်။ အလွန်အကျိုးကျေးဇူးများသော သဘာ၀ မြေဩဇာ ဖြစ်သည်။ ၎င်းတွင် ပါဝင်သော နိုက်ထရိုဂျင်ဓာတ်သည် သီးနှံပင်များအတွက် ပင်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှု နှင့် အသီးတင်မှုနှုန်းကို အားပေးပါသည်။ ၎င်းမြေဩဇာရည်ကို ဟင်းသီးဟင်းရွက်များ၊ ပြောင်းနှင့် အခြားနှံစားသီးနှံပင်များတွင် အသုံးပြုနိုင်ပါသည်။ ကိုင်တွယ် အသုံးပြုရ လွယ်ကူ၍ တိရစ္ဆာန်များကိုလည်း အန္တရာယ်မဖြစ်စေပါ။

သဘာ၀ မြေဩဇာဖျော်ရည် အသုံးပြုရခြင်း၏ ကောင်းကျိုးများ

နိုက်ထရိုဂျင်ဓာတ်ကို ထောက်ပံ့ရရှိ စေသောကြောင့် အပင်အား ကျန်းမာသန်စွမ်းစေပြီး အပင်၏သီးပွင့်နိုင်စွမ်းကို ကောင်းစေပါသည်။

ဖျော်ရည်ပြုလုပ်အသုံးပြုရန် လွယ်ကူ၍ ကုန်ကျစရိတ် မများပါ။

ပူပြင်းခြောက်သွေ့သောရာသီများတွင် သီးနှံပင်အား ရေရရှိမှု အစိုဓာတ်ကိုပါ ဖြစ်စေသည်။

သဘာဝပစ္စည်းကိုသာ အသုံးပြုသဖြင့် ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိပေ။

သဘာ၀ မြေဩဇာဖျော်ရည် အသုံးပြုရခြင်း၏ ဆိုးကျိုးများ

မြေဧရိယာကျယ်ပါက ဖျော်ရည်ပြုလုပ် အသုံးပြုရန် ခက်ခဲနိုင်ပါသည်။

ငွေကြေးမတတ်နိုင်သော လယ်သမားများအတွက် ဖျော်ရည်ပြုလုပ်ရန် လိုအပ်သော ပစ္စည်းများအတွက် ကုန်ကျစရိတ် အခက်အခဲ ရှိနိုင်ပါသည်။

လိုအပ်သောပစ္စည်းများ

၁။ ကျွဲ၊ နွား၊ ကြက်ငှက်၊ ဆိတ်၊ ယုန် စသည့် အိမ်မွေးတိရစ္ဆာန်တို့မှရသော လတ်ဆတ်သည့် မစင်အညစ် အကြေးများ (၎င်းအညစ်အကြေးမစင်များ၏ မြေဩဇာ ဓာတ်ထက်သန်ကြွယ်ဝမှုသည်တိရစ္ဆာန် တို့အား ကျွေးခဲ့သော အစာအာဟာရပေါ် မူတည်ပါသည်။)

၂။ ၂၀၀ လီတာ (သို့) ၄၀ ဂါလံ ဝင်ဆန့်သော စည်ပိုင်း
ခိုင်ခံ့သောအိတ် (သို့) ဂုန်နီအိတ် (အပေါက်ငယ်များပါသော နိုင်လွန်အိတ် ဖြစ်ပါကပိုသင့်တော်ပါသည်။)

၃။ ခိုင်ခံသော တုတ်ချောင်း

၄။ ကြိုး

၅။ စည်ပိုင်းကို ဖုံးအုပ်ရန် ပလပ်စတစ် အစတို့ ဖြစ်သည်။

ဖျော်ရည်ဖျော်စပ်ခြင်း

မစင်အညစ်အကြေးများကို ဂုန်နီ အိတ် (သို့) နိုင်လွန်အိတ်ထဲသို့ ထည့်၍ ကြိုးနဲ့ချည်ပါ။

စည်ပိုင်းတစ်ပိုင်းစာ အတွက် လိုအပ်သော တိရစ္ဆာန်မစင်အညစ် အကြေးပမာဏမှာ ၅၀ ကီလိုဂရမ် (၃၀ ပိဿာ)ခန့် ဖြစ်သည်။

စည်၏ ၄ ပုံ ၃ ပုံ အထိ ရေဖြည့်၍ မစင်အညစ်အကြေးအိတ်ကို စည်ပိုင်းအတွင်းမှ ရေတွင် နှစ်ထားရမည်။ (အိတ် ကို ပုံပါအတိုင်း တုတ်တွင် ချည်နှောင်၍ ရေတွင် တွဲလောင်း ခိုနေစေရမည်။)

စင်များကို စည်ပိုင်းအတွင်း ၂-၃ ပတ် ကြာအောင်ထားပါ။ နိုက်ထရိုဂျင်ဓာတ်ငွေ့များပျောက်ကွယ် ဆုံးရှုံးမှုမရှိစေ ရန် စည်ပိုင်းအပေါ်မှ တစ်ခုခုဖြင့် ဖုံးအုပ်ပေးထားရမည်။

အညစ်အကြေးအိတ်အားမ၍ ၃-၅ ရက်ခြားတစ်ကြိမ် တုတ်ဖြင့် အထက်အောက် မွှေပေးရမည်။

၂-၃ ပတ်ကြာသောအခါ စည်ပိုင်းထဲရှိရေသည် အညစ်အကြေးထဲရှိ အာဟာရဓာတ်များ ရေတွင်ပျော်ဝင် သွားပြီးဖြစ်သောကြောင့် မည်းနက်၍လာသည်။ ဖျော်ရည်မည်းနက်လေလေ ဖျော်ရည်၏အာဟာရဓာတ် ပါဝင်မှု များလေလေဖြစ်သည်။ ဖျော်ရည်သည် အသုံးပြုရန် အသင့်အနေအထားသို့ ရောက်ရှိလာခြင်းဖြစ်သောကြောင့် စည်အတွင်းမှ အညစ်အကြေးအိတ်အား ဖယ်ရှားပစ်ရမည်။

ဖျော်ရည်အား အသုံးပြုခြင်း

ဖျော်ရည် တစ်ဆလျှင် ရေ ၂ ဆဖြင့် ရောစပ်အသုံးပြုပါ။ ဖျော်ရည်အရောင် အလွန်မည်းနက်ပါက ရေ ၃ ဆ အထိ ရောစပ်အသုံးပြုနိုင်ပါသည်။

အပင်တစ်ပင်လျှင် ဖျော်ရည် ၂၅၀ မှ ၅၀၀ စီစီခန့် လောင်းပေးပါ။ ဖျော်ရည်အား အရွက်မျက်နှာပြင်များပေါ်သို့ မကျစေဘဲ အပင်ခြေပတ်လည်တွင် တစ်ပတ်လျှင် ၂-၃ ကြိမ်ဖြင့် ၃-၄ ပတ်အထိကြာအောင် အသုံးပြုပေးရမည်။ (မှတ်ချက်။ မူရင်းစာစောင်တွင် အပင်အမျိုးအစား၊ အပင်၏သက်တမ်း၊မြေအနေအထား အလိုက် လမ်းညွှန်ထောက်ခံထားသော နှုန်းထားများ ဖော်ပြမထားသောကြောင့် စမ်းသပ်အသုံးပြုချင်သူများအနေဖြင့် မိမိစိုက်ပျိုးထားသော အပင်အမျိုးအစားနှင့် အပင်သက်တမ်း ခံနိုင်ရည်အားပေါ်မူတည် ပြီးနှုန်းထားနည်းနည်းဖြင့်သာ စတင် အသုံးပြုသင့်ကြောင်း အကြံပြုလိုပါသည်။)

ကြီးထွားမှုတုံ့နှေးပြီး အရွက်များဝါနေသော နိုက်ထရိုဂျင်ဓာတ်ချို့တဲ့မှု လက္ခဏာပြနေသည့်အပင်များတွင် အသုံးပြုက ပို၍အကျိုးရှိစေသည်။ များသောအားဖြင့် ပဲမျိုးရင်းဝင်အပင်များနှင့်အမြစ်စား၊ ဥစားအပင်များ (မုန်လာဥ၊ အာလူး၊ ကန် စွန်းဥ၊ ကြက်သွန်၊ သစ္စာပန်း စသည်) တွင် အပင်ပေါ်မှ ပက်ဖျန်းအသုံးပြုရန် မလိုအပ်ပေ။

ဆောင်ရန် ရှောင်ရန်များ

အထူးသဖြင့် နိုက်ထရိုဂျင် ချို့တဲ့မှုပြနေသော အပင်များကိုသာ အပင်ပေါ်မှ ပက်ဖျန်း အသုံးပြုပေးရန်လိုအပ်ပါသည်။

အပင်၏အရွက်များပေါ်တွင် ပက်ဖျန်း အသုံးမပြုရပေ။

ဖျော်ရည်အား ရေနှင့်ရောစပ်ခြင်းမရှိဘဲ အသုံးမပြုရပေ။

ဟန်ဖြိုးအောင် (ဥယျာဉ်ခြံ)

ရင်းမြစ် – https://greenwaymyanmar.org/article/689