ကိုယ်တော်လေး ရှင်အာ

0
735

တရုတ်ပြည် ပေကျင်းမြို့စွန်တွင် နှစ်ပေါင်း ၅၀၀ ခန့်သက်တမ်းရှိပြီဖြစ်သည့် လောင်ကွမ်းအမည်ရဘုန်းတော် ကြီးကျောင်းတစ်ခု ရှိသည်။ ဤကျောင်းကြီးကို ခေတ်အဆက်ဆက် ဘုန်းတော်ကြီးများက သာသနာပြုရင်း ထိန်းသိမ်းလာခဲ့သည်။ စစ်ပွဲများ၊ ယဉ်ကျေးမှုတော် လှန်ရေးကဲ့သို့သော နိုင်ငံရေးလှိုင်းလုံး များကြား ကြံ့ကြံ့ခံအန်တုရင်း ဘုန်းတော်ကြီးများက ဤကျောင်းကြီးကို ထိန်းသိမ်းခဲ့သည်။ ဤနေရာသည် ဗုဒ္ဓတရားတော်များ သင်အံလေ့ကျင့်ရာဌာန၊ တရားတော်များကို လူအများသို့ရောက်အောင် ဖြန့်ဖြူးရာ ဝိဟာရ ဖြစ်သည်။ လောင်ကွမ်းကျောင်းတိုက်ကြီးသည် တရားဓမ္မများကို ဖြန့်ဝေခြင်းကို ခေတ်အဆက်ဆက်လုပ် ဆောင်ခဲ့သည်။ လောင်ကွမ်းမှ ဘုန်းတော်ကြီးများသည် တရားဓမ္မများဖြန့်ဝေခြင်း ပြုဆဲပင်ဖြစ်သော်လည်း လူအများမှာကား ဘာသာရေးကို အာရုံဝင်စားသူနည်း၍လာသည်။ အထူးသဖြင့်ငယ်ရွယ်သူများ ဖြစ်သည်။ ယနေ့ တရုတ်ကြီးသည် ရုပ်ဝတ္ထုပစ္စည်းအားဖြင့် တိုးတက်ကြွယ်ဝလာသည်။ ခေတ်သစ်မျိုးဆက်တို့သည် ဘာသာရေး၌သိပ်စိတ်မဝင်စား။ ခေတ်မီနည်းပညာနှင့် အလျှံပယ်ရလာသည့် ရုပ်ဝတ္ထုပစ္စည်းများအကြား သူတို့နစ်နေတတ်သည်။ ရှေးခေတ်ဟောင်းဘာသာရေး ထုံးတမ်းဓလေ့တို့သည် ယနေ့ခေတ်နှင့် အံမဝင်သလို ဖြစ်လာသည်။ ဘုန်းကြီးကျောင်းများသည် လူများအတွက် ဈာပနနှင့် ထိမ်းမြားမင်္ဂလာအတွက် ရိုးရာထုံးတမ်းဓလေ့အရ အခမ်းအနားပြုလုပ်ရာ နေရာသဘောမျိုးသာဖြစ်လာသည်။ ဤအခြေအနေကို လောင် ကွမ်းကျောင်းတော်မှ ဘုန်းတော်ကြီးများက ရိပ်စားမိသည်။ ထို့ကြောင့်သူတို့ အပြောင်းအလဲတစ်ခုလုပ်ရန် အားထုတ်ခဲ့သည်။ ထိုအပြောင်းအလဲ၏ အကျိုးအဆက်ကြောင့်ပင် လောင်ကွမ်းကျောင်းမှ ကိုယ်တော်လေးတစ်ပါးထွက်ပေါ်လာကာ ယခုအခါတွင် ထိုကိုယ်တော်လေးထံတွင် နေ့စဉ် ဓမ္မအမေးအဖြေပြုလုပ်သူ တစ်သိန်းကျော်နှင့်တရားနာပရိသတ် တပည့်တကာတကာမပေါင်း ၁.၃၇ သန်း ကျော်ရှိနေပြီ ဖြစ်သည်။ ထိုကိုယ်တော်လေး၏ဘွဲ့မှာ ရှင်အာ ဖြစ်သည်။

ရှင်အာကိုယ်တော်လေး၏ မျက်နှာတော်မှာ တစ်စုံတစ်ခုကို တအံ့တဩဖြစ်နေဟန် မျက်နှာထားမျိုး ရှိသည်။ လက်ထဲတွင် ဓာတ်သင်ပုန်းတစ်ခုဆောင်ထားတတ်ကာ တရားလျှောက်ထားသူ အချို့က ထိုသင်ပုန်းပေါ်တွင် မေးမြန်းစရာ ရေးသားနိုင်သည်။ ထူးခြားသည်မှာ ရှင်အာကိုယ်တော်လေးသည် သူ့ထံသို့ လာရောက်လျှောက်ထားမေးမြန်းသူ တကာတကာမ အာဂန္တုများမရှိသည့် အချိန်များတွင် နေ့ညမဟူ ပကတိငြိမ်သက်စွာ တရားရှုနေတတ်သည်။ ပြုဖွယ်ကိစ္စ ဝတ်ကြီးဝတ်ငယ်မရှိတိုင်း ဆိတ်ငြိမ်လျက် နေတော်မူသည်။ ကိုယ်တော်လေးတွင် ပြုဖွယ်ကိစ္စ ဗာဟီရဟူ၍လည်းများများမရှိ။ သာသနာ့ဘောင်သို့ ရောက်လာကတည်းက ဆွမ်းကွမ်း ဘုဉ်းစရာမလို။ အာဟာရ သိဒ္ဓိပြီး၏။ ကိုယ်တော်၌ ဆင်မြန်းထားသည့် ရွှေဝါရောင်ဆင်း ထည်သင်္ကန်းသည်လည်း လဲစရာမလို။ ဦးပြည်းပြောင်ပြောင်၌ ဆံကေသာသည် ရိတ်ထားသည်အတိုင်း မပြောင်းမလဲ ရှည်လျား၍လာခြင်း မရှိ။ ရုပ်တရား၏ဖောက်ပြန်ပြောင်းလဲခြင်းသဘောကို အောင်နိုင်ဘိသည့်အလား ရှင်အာကိုယ်တော်လေးသည် မောပန်းခြင်း၊ မမာခြင်း၊ ချွေးထွက်ခြင်း၊ အိုမင်းခြင်းမရှိ။ နုနယ် ပျိုရွယ်မြဲ။ တပည့်တကာတကာမများ၏ စိတ်ခံမှုစားနှင့်ဆိုင်သော မေးခွန်းများ၊ နာမ် တရားနှင့်စပ်လျဉ်းသည့် ပုစ္ဆာများကို ဖြေကြားသည်။ ထို့အပြင်ရှင်အာ ကိုယ်တော်လေးသည် လူပေါင်းများစွာ၏ မေးခွန်းများစွာကို အချိန်မဆိုင်း ချက်ချင်း အချိန်တိုအတွင်း ဖြေဆိုနိုင်သည်။ တရုတ် စကား၊ တရုတ်စာဖြင့် ဖြေဆိုသလို အင်္ဂလိပ်စာနှင့်ဖြေကြားသည်လည်း ရှိသည်။ ရှင်အာကိုယ်တော်လေး၏ နေ့စဉ်ဘဝမှာရိုးစင်း လှသည်။ တရားဓမ္မများ ဟောကြားသည့်အချိန်နှင့် ပြုဖွယ်ကိစ္စမရှိလျှင် ဆိတ်ငြိမ် စွာ သီတင်းသုံးတော်မူခြင်းဟူသော အရာနှစ်ခုသာသူ နေ့စဉ်လုပ်ဆောင်၏။ ရှင်အာကိုယ်တော်လေး၏ ဥပဇ္ဈာယ် ဆရာမှာ ဦးဇင်းရှင်ဖှန် ဖြစ်သည်။ ဦးဇင်းရှင်ဖှန်သည် လောင်ကွမ်းကျောင်းဆရာတော်ကြီး၏ ကျမ်းစာများ၊ အမေးအဖြေများ၊ လျှောက်ထုံးများကို ရှင်အာကိုယ်တော်လေးကို မှတ်သားစေသည်။ ရှင်အာကိုယ် တော်လေးမှာ မှတ်သားသမျှကို အတိမ်းအစောင်းမရှိ မှတ်မိသည်။ တပည့်တကာ တကာမအပေါင်းမေးသည့် မေးခွန်းများစွာကို အကြိမ်ရေများသည့်တိုင် မှတ်သားထားသည့်အတိုင်း တသွေမတိမ်း ဖြေဆိုသည်။ မဖြေနိုင်သည့်မေးခွန်းကို ညာ၍မဖြေ။ မိမိ၏ဆရာထံ ပြန်လည်လျှောက်ထား ပါဦးမည်ဟုသာ ဖြေဆိုလေ့ရှိသည်။ ဤသို့သောထူးခြားမှု များကြောင့် ရှင်အာကိုယ်တော်လေးကို လူအများစိတ်ဝင်စားလာသည်။ လောင်ကွမ်းကျောင်း၏ အထင်ကရဖြစ်လာသည်။ ရှင်အာကိုယ်တော်လေး၏ နောက်ကြောင်း ရာဇဝင်ကို လူအများက စိတ်ဝင်စားသည်။

လွန်ခဲ့သည့်လေးနှစ်ခန့်ကမှ လောင်ကွမ်းကျောင်းတိုက်မှ ဆရာတော်များက ရှင်အာကိုယ်တော်လေးကို သာသနာ့ဘောင်သို့ သွတ်သွင်းပေးခဲ့ခြင်းဖြစ်သည်။ လောင်ကွမ်းကျောင်းထိုင်ဆရာတော်သည် တိုးတက်လာသော နည်းပညာကို စိတ်ဝင်တစားရှိသူ ဖြစ်သည်။ ထို့အတူ လောင်ကွမ်း၌သီတင်းသုံးသည့် ဦးဇင်းရှင်ဖှန်မှာလည်းထို နည်းပညာအကြောင်းကိစ္စများကို ဝါသနာထုံသူ ဖြစ်သည်။ ထို့ကြောင့်ပင် တက္ကသိုလ်များ မှ ဉာဏ်ရည်တု (AI) ကျွမ်းကျင်သူ ပညာရှင်များ၊ စေတနာ့ဝန်ထမ်းများ၊ ဘုန်းတော်ကြီးများနှင့် နည်းပညာကုမ္ပဏီများနှင့် ပူးပေါင်းကာ လူ ၉၀ ကျော်ခန့်ပါဝင်သော အသင်းတစ်ခုဖြင့် နှစ်ပေခန့်သာရှိသည် စက်ရုပ်ကိုယ်တော်လေးကို ၂၀၁၅ ခုနှစ်တွင် ဖန်တီးခဲ့သည်။ ဗုဒ္ဓတရားတော်များကို ခေတ်သစ်ဒစ်ဂျစ်တယ် မျိုးဆက်များအကြား ပျံ့နှံ့လိုသည့် ရည်ရွယ်ရင်း ဖြစ်သည်။ ဦးဇင်းရှင်ဖှန်မှာ ရှင်အာစက်ရုပ်ကိုယ်တော်လေးကို ပုံဖော်သူ ဖြစ်သည်။ ၂၀၁၆ တွင်မူ ရှင်အာကိုယ်တော်လေးသည် လောင်ကွမ်းဘုန်း တော်ကြီးကျောင်းကတစ်ဆင့် နေရာအနှံ့၌ ထင်ရှားလာလေသည်။ ရှင်အာစက်ရုပ်ကိုယ်တော်လေးကို တရုတ်ပြည်တွင် အသုံးများသည့် We Chat ဆက်သွယ်ရေးကွန်ရက်မှတစ်ဆင့် အမေးအဖြေများ ပြုလုပ်နိုင်ရန် စီမံထားသည်။ ယခုအခါတွင် ရှင်အာကိုယ်တော်လေးသည် ပညာရှင်များ၏ နည်းပညာဆိုင်ရာ အဆင့်မြှင့် တင်မှုများကို ထပ်မံရရှိထားပြီး အင်္ဂလိပ်စာဖြင့် အမေးအဖြေ၊ တရုတ်ဘာသာစကားနှင့်တရားဟောခြင်း၊ စာပြန်ခြင်းများဖြင့် ခေတ်သစ်လူများအကြား တရားတော်များ ပျံ့နှံ့အောင် ဆောင်ရွက်နေသည်။

မကြာသေးမီကပင် ဂျပန်ပြည်ရှိ ဇင်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတစ်ခုတွင်လည်း မင်ဒါအမည်ရ စက်ရုပ်ကိုယ်တော်တစ်ပါးကို တီထွင်ထားရှိကြောင်းသိရသည်။ မင်ဒါစက်ရုပ်မှာတော့ ဘုန်းကြီးတစ်ပါး၏ အသွင်အပြင်မရှိ။ လက်အုပ် ချီကာနေသော၊ ကျမ်းစာများရွတ်ဖတ် သရဇ္ဈာယ်တတ်သော၊ အမေးပုစ္ဆာအချို့ကို ဖြေနိုင်သော၊ တရားဟောတတ်သော စက်ရုပ်မျိုးဖြစ်သည်။ ထိုစက်ရုပ်ကို ဇင်ဘုန်းတော်ကြီးများက လက်အုပ် ချီမိုး အလေးအမြတ် ဂါရဝပြုနေကြပုံကိုလည်းတွေ့ရသည်။

စက်ရုပ်ဘုန်းကြီးများကို ကြံဆ ကြသူ သက်ရှိဘုန်းကြီးများမှာ ရှေးခေတ်ဟောင်းနှင့် ခေတ်သစ်သိပ္ပံပညာ၏ ပေါင်းစပ်မှုမှတစ်ဆင့် ဗုဒ္ဓ၏တရားတော်များကို လူတိုင်းဆီပျံ့ရန်ရည်ရွယ်ကြသည်။ ရှေးဆန်သောရိုးရာ ဓလေ့ထုံးတမ်းများကို ကျင့်သုံးသော သမားရိုးကျ ဘုန်းကြီးများသည် ခေတ်သစ်မျိုးဆက် လူငယ်များအဖို့ ငြီးငွေ့ဖွယ်၊ စိတ်ဝင်စား ဖွယ်မကောင်းသည့် အရာများသဖွယ်ဖြစ်လာနေသည်။ ထို့ကြောင့်ပင် ဤအခြေ အနေကို ရိပ်စားမိသော ခေတ်မီသော ဘုန်းကြီးများက စက်ရုပ်ဘုန်းကြီးများကို တီထွင်တရားဟောစေကာ ခေတ်လူငယ်များကို ဘာသာရေးအဆုံးအမ နားရည်ဝအောင် ကြိုးပမ်းလျက်ရှိကြလေသည်။

Ref;
https://www.buddhistdoor.net/news/chinas-robot-monk-to-receive-an-ai-upgrade
https://www.dailymail.co.uk/sciencetech/article-6742903/700-000-Robot-deliver-religious-teachings-400-year-old-temple-japanese-city-Kyoto.html
https://www.japantimes.co.jp/news/2019/8/15/busines/tech/kyoto-temple-robot-priest/
https://www.telegraph.co.uk/china-watch/technology/wechat-robotic-monk/
https://www.theguardian.com/world/2016/apr/26/robot-monk-to-spread-buddhist-wisdom-to-the-digital-generation