အိမ်မက်ထဲက နတ်အိမ်တောင်

0
1860
ကိုဗစ် ဒုတိယ လှိုင်း သတိရှိပါ

နေအထွက်ကိုငေးခဲ့တယ်။

နယ်စပ်စည်းမျဉ်းတွေဆိုတာ လူသားရဲ့ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်နိုင်စွမ်းမှ မရှိဘဲကိုလေ။

(၁) ၁၉၈၉ ခုနှစ် နိုဝင်ဘာလ၊ ထိုင်း-မြန်မာ နယ်စပ် နတ်အိမ်တောင် လမ်းတစ်နေရာ

ဖေဖေဟာ နှစ်ခါလည်ကို နည်းနည်းကလေးသာလွန်သေးတဲ့ ကျွန်တော့်ကိုပုခုံးပေါ်မှာ ပိုးပြီး နယ်စပ်ကိုဖြတ်ကျော်မယ့် တောလမ်းတစ်လျှောက်တရွေ့ရွေ့တစ်လှမ်းခြင်းလှမ်းကာ ခရီးဆက်နှင်နေတယ်။ မေမေကတော့ လသားအရွယ် ကျွန်တော့်ညီလေးကို ချီလို့ပေါ့။ ကျွန်တော့်အထက် လေးနှစ်အရွယ်အစ်မကတော့ သူ့အဝတ်အစားတချို့ထည့်ထားတဲ့ ကျောပိုးလွယ်အိတ်သေးသေးကလေးကိုလွယ်ပြီး ဖေ့ဖေ့ရှေ့ကတန်းစီသွားနေတဲ့ အစ်ကိုတွေရဲ့ခြေလှမ်းတွေကို အမီလိုက်ဖို့ ကြိုးစားနေလေရဲ့။ သူ့ပါးစပ်ပေါက် သေးသေးကလေးကတော့ မေမေအော်အော်ဆိုလေ့ရှိတဲ့ “ဒုက္ခဟာ ပျားရည်လို ချိုတယ်” ဆိုတဲ့ သီချင်းစာသားတစ်ပိုင်းတစ်စကို မပီကလာ ပီကလာအသံကလေးနဲ့ အော်ဆိုလို့။

ကံပေါက်ကနေထွက်လာကြတာ နှစ်ရက်လွန်လို့ သုံးရက်မြောက်နေ့ရောက်ခဲ့ပေပြီ။ စစ်တပ်ကင်းစခန်းတွေကို အာရုံလွှဲဖို့ ကံပေါက်-ကလိန်အောင် ကားလမ်းအတိုင်းမဟုတ်ဘဲ လမ်းမကြီးရဲ့ဘေး တောလမ်းတွေတစ်လျှောက်ခြေကျင်လာခဲ့ကြတာ။ ရေး-ထားဝယ်လမ်းမကြီးကို ကလိန်အောင်ရွာနားကထားဝယ်မြစ်အထက်ပိုင်း (ယခု မိကျောင်း လှောင်းရွာသစ်ကျော်ကျော်) နေရာမှာဖြတ်ဖို့အရေး ပထမရက်ရဲ့ ညမှောင်ချိန်ကို လမ်းမရဲ့တစ်ဖက် ဖွားရှင်မတောင်ကြော (ဒေသအခေါ်) ပေါ်မှာ ညအိပ်ပြီး စောင့်ခဲ့ကြရတယ်။ ယခု ၂၈၂ အမြောက် တပ်ရင်းတပ်စွဲထားတဲ့ တောင်ကုန်းတွေနောက်က တောင်ကြောတွေပေါ်ကို တောရိပ်တောင်ရိပ်တွေကို အမှီပြုရင်း ချီတက်ခဲ့ကြတယ်။ ဒီတတိယမြောက်နေ့ကတော “့အိပ်မက်ထဲက နတ်အိမ်တောင်” ကို ရောက်ဖို့အရေး နှစ်နိုင်ငံနယ်စပ်မျဉ်းကို နောက်ဆုံးမဖြတ်ကျော်ခင် မိုးထိုးနေတဲ့နယ်စပ်တောင်တန်းတွေရဲ့ခြေရင်းက”ရေ စခန်း” မှာ ညအိပ်ကြရဖို့ ဖြစ်ပါတယ်။

၁၉၈၇ ခုနှစ် စက်တင်ဘာလမှာ ၂၅ ၊ ၃၅ နဲ့ ၇၅ ကျပ်တန်ငွေစက္ကူတွေကို စစ်အာဏာရှင်ဦးနေဝင်းအစိုးရက ဖျက် သိမ်းလိုက်ပြီးတဲ့အချိန်ကစပြီး တိုင်းပြည်စီးပွားရေးချွတ်ခြုံကျသွားခဲ့တယ်။ ဒီဂယက်ဟာ ကံပေါက်လို ရွာလုံးကျွတ်နီးပါး သတ္တုတွင်းလုပ်ငန်းကို မှီခိုလုပ်ကိုင်စားသောက်ရတဲ့ ကျေးရွာတွေအထိ ကြီးကြီးမားမား ရိုက်ခတ်ခဲ့တယ်။ ပိဿာ စားသတ္တုတူးဖော်ပြီး မိသားစု စားဝတ်နေရေးကို ထမ်းထားရတဲ့ ဖေဖေ အလုပ်မလုပ်နိုင်တော့ဘူး။ မိသားစုအတွင်းအထွေ ထွေအကျပ်အတည်းတွေကြောင့် မေမေ အိပ်ရာထဲဘုန်းဘုန်းလဲတယ်။ ကျွန်တော်လသားအရွယ်က စဖြစ်ခဲ့တဲ့ လောကဓံ လှိုင်းတွေကပဲ အဲဒီတုန်းက မွေးချင်း ၇ ယောက်ရှိတဲ့ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေရဲ့ လက်ကိုဆွဲ၊ လည်ပင်းနစ်နေတဲ့ အကြွေးတွေကို ဆပ်နိုင်ဖို့အရေး အခြားမိသားစုတွေလိုပဲ “တစ်ရွာမပြောင်း သူကောင်းမဖြစ်”ထုံးကို ဖေဖေတို့ နှလုံးမူ ခဲ့ကြရတယ်။ ဒါဟာ နတ်အိမ်တောင်ခရီးရဲ့အိပ်မက်အစလည်း ဖြစ်တယ်။

(၂) နတ်အိမ်တောင်

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်ရဲ့ အနောက်မြောက်ဘက်စွန်းအပိုင်းမှာရှိတဲ့ ရွာကလေး။ ပီလော့ (Pilok) ဆိုတဲ့ ခဲမဖြူ-အဖြိုက်နက် သတ္တုတွင်းနဲ့ တရားဝင်ရွှေတူးဖော်မှုလုပ်ငန်းတွေကြောင့် ထိုင်းနိုင်ငံရဲ့ သတ္တုတွင်းသမိုင်းမှာ ထင်ရှားတဲ့ ရွာကလေး။ မြန်မာနိုင်ငံ ထားဝယ် ခရိုင်-ရေဖြူမြို့နယ် အရှေ့မြောက်ဘက်ပိုင်းနဲ့ ထိစပ်နေတဲ့ နယ်စပ်တောင်တန်း တွေပေါ်က ရွာကလေး။ ပင်လယ်ရေ မျက်နှာပြင် အထက် ပေပေါင်း ၄၀၀၀ ဝန်းကျင်မှာရှိပြီး မြူတွေကြားကရွာလို့ တင်စားခံရတဲ့ ထိုင်းရွာကလေး။ ထိုင်းရွာ ကလေးဆိုပေမယ့် အများစုက ရွှေ့ပြောင်းအလုပ်သမားမိသားစုတွေနေကြတာများပါရဲ့။ ၁၉၄၀ ပြည့်လွန်နှစ်တွေမှာ ပီလော့ သတ္တုတွင်းကို ထိုင်းအစိုးရအာဏာပိုင်တွေ တူးဖော်မှု မပြုလုပ်ခင်ကတည်းက ထားဝယ်သူ ထားဝယ်သားတွေရဲ့လုပ်ကိုင်စားသောက်ရာ နေရာဖြစ်နှင့်နေခဲ့ပြီးဖြစ်တယ်။ နောက်ပိုင်း ၁၉၅၀ ပြည့်လွန်နှစ်တွေမှာတော့ ပီလော့သတ္တုတွင်းကို ထိုင်းအာဏာပိုင်တွေက ပုဂ္ဂလိက ကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးခဲ့တယ်။ ယခင်က ထွက်ရှိလာတဲ့ သတ္တုတွေကို ပီလော့ကနေ ကန်ချနဘူရီအထိ ဆင်တွေနဲ့ ကုန်းကြောင်း၊ တစ်ဖန် မြစ်အတိုင်း လှေနဲ့တစ်တန် တောထဲတောင်ထဲမှာ ၅ ရက် ကြာအထိ သယ်ယူကြရတယ်။ ဒီ့နောက်မှာတော့ ကန်ချနဘူရီကနေ ပီလော့အထိ ရာသီမရွေး သွားလာလို့ရတဲ့လမ်းမတွေ ဖောက်လုပ်ခဲ့ကြတယ်။

၁၉၈၅ ခုနှစ် ကမ္ဘာ့သတ္တုဈေးကွက် မပြိုလဲခင်အထိ ပီလော့ဟာ သူ့ဆီရောက်လာသူတိုင်းအတွက် ဣစ္ဆာသယ ဖြစ်ခဲ့တယ်။ ရုပ်ရှင်ရုံနှစ်ရုံ အပါအဝင် အသေးစား လေယာဉ်ကွင်းတွေ ရှိလာတဲ့အထိ ပီလော့ဟာ စည်ပင်လာခဲ့တယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ ခုနှစ်နောက် ပိုင်းမှာ ပေါ်ပေါက်လာတဲ့ လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှုတွေနဲ့လည်း ပီလော့ဟာ ထဲထဲဝင်ဝင် အဆက်အစပ် ရှိပြန်တယ်။ အဲဒီကာလတွေက နတ်အိမ်တောင်ဆိုတာ ထားဝယ်ဒေသမှာ မသိသူ မရှိသလောက် နီးပါး။ ကံပေါက်၊ ဟိန္ဒား အစရှိတဲ့ မြန်မာနိုင်ငံရဲ့နာမည်ကျော် ခဲမဖြူ-အဖြိုက်နက်ထွက်ရှိရာ ဒေသတွေက သတ္တုတွေဟာ မှောင်ခိုလမ်းကနေ ပီလော့ကို လွယ်လွယ်ပဲခရီးပေါက်တယ်။ ကျွဲ၊ နွား စတဲ့တိရစ္ဆာန်တွေအပြင် ငါးခြောက် အစရှိတဲ့ ထားဝယ် ဒေသထွက်ကုန်တွေအတွက် နတ်အိမ်တောင်ဟာ စူပါဈေး ကွက်ကြီးဖြစ်တယ်။ အဲဒီတုန်းက ကုန်သည်တွေကို လက်နက်ကိုင် အဖွဲ့တွေကလည်း အနည်းနဲ့အများအကူအညီ ပေးခဲ့ကြတယ်လို့ ဆိုတယ်။

ဖေဖေဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက ကံပေါက်ကသတ္တုတွေကို သယ်ပြီး နတ်အိမ်တောင်ကို ကုန်ကူးခဲ့ဖူးတယ်။ အကြိမ် အများကြီး မဟုတ်ပေမယ့် ဒီလမ်းကို သူကောင်းကောင်းကြီးသိတယ်။ ဆယ်စုနှစ်တစ်ခုနီးပါးကြာသွားခဲ့ပြီးပေမယ့် နယ်စပ်ကို ဖြတ်တဲ့လမ်းကလေးက သူ့ကို ဆီးကြိုနေဆဲ။ သားခြောက်ယောက် သမီးတစ်ယောက်ပါတဲ့ မေမေတို့ မိသားစုအတွက် မိုးထိုးနေတဲ့ နတ်အိမ်တောင် တောင်ကြောတွေအပေါ်ကို တွယ်ကုပ်တက်ရတဲ့ ခြေကျင်ခရီးဟာလွယ်လှတယ် ရယ်တော့မဟုတ်။ ရေစခန်းမှာ ကူညီစောင်မခဲ့တဲ့ ရပ်ဆွေရပ်မျိုးတွေကို ကျေးဇူးတင်ရသေးတယ်။ နတ်အိမ်တောင်ကို မေမေတို့ ထားရစ်ခဲ့ကြတယ်။ ထားဝယ်တွေ ငါးကီလိုကန်လို့ခေါ်တဲ့ Khao Laem အမျိုးသားဥယျာဉ်ထဲက ရေကန်ကြီးရဲ့ အရှေ့ဘက်ပိုင်းက ပီလောပီနံ စိုက်ခင်းတွေနဲ့ မျှစ်လုပ်ငန်းလုပ်ကိုင်တဲ့ကိုင်းတွေ၊ ယာတောတွေဘက်မှာ အလုပ်လုပ်ဖို့ ထွက်ခွာခဲ့ကြတယ်။
၄၅ ရက်ကြာပြီးနောက်ပိုင်း မေမေရဲ့ဆုံးဖြတ်မှုနဲ့ လက်ချဉ်းဗလာ အိမ်ပြန်ခရီးစတင်ခဲ့ကြတယ်။ ပြောင်၊ ဆင်၊ ကျား ရဲ၊ ချေဒရယ် တွေပေါတဲ့ တနင်္သာရီရိုးမကို စုန်ချည်ဆန်ချည်ဖြတ်သွားခဲ့ရပေမယ့် ကျွန်တော့်စိတ်ထဲ စွဲစွဲထင်ထင်ပေါ်နေတဲ့ မြင်ကွင်းရယ်လို့ များများစားစားမရှိ။ စိမ်းနက်နေတဲ့ ရေချောင်းကြီးတစ်ခုရယ်၊ နွယ်ကြိုးတွေရယ်၊ ပြီးတော့ ရွှေဖရုံပန်းတွေပွင့်နေတဲ့ ယာတောထဲက ခြေတံရှည်အိမ်ကလေးတစ်လုံးကတော့ ကျွန်တော့်ငယ်ဘ၀ အိပ်မက်တွေထဲမှာ အမြဲနေရာယူလေ့ရှိတယ်။ ဒီလောက်ပါပဲ။ နတ်အိမ်တောင်ဆိုတာ ကျွန်တော့်အတွက် အိပ်မက်ထဲက ကမ္ဘာငယ်လေးသာ။

(၃) ၂၀၀၈ ခုနှစ် အောက်တိုဘာလ

မှတ်မှတ်ရရဘွဲ့ရပြီး တစ်နှစ်တင်းတင်းပြည့်တဲ့နေ့မှာပဲ တိုတယ်ရေနံကုမ္ပဏီရဲ့ လူမှုစီးပွားစီမံကိန်း၊ ဒေသဖွံ့ဖြိုးရေးဌာနမှာ အလုပ်ရခဲ့တယ်။ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်ကနေ သဘာဝဓာတ်ငွေ့တွေကို ပိုက်လိုင်းနဲ့သွယ်၊ ထိုင်း-မြန်မာ နယ်စပ်ကိုဖြတ်ပြီး ထိုင်းနိုင်ငံကိုရောင်းချတဲ့ ဒီစီမံကိန်းရဲ့ ဝန်ထမ်းဖြစ်လာတာက နတ်အိမ်တောင်ကို ပြန်သတိရစေဖို့ ဖြစ်လာခဲ့ပြန်တယ်။ အကြောင်းက ဒီပိုက်လိုင်းကနယ်စပ်ကိုဖြတ်ပြီး ပီလော့မိုင်းရဲ့ရွာကလေးဖြစ်တဲ့ နတ်အိမ်တောင်ကို ရောက်သွားလို့ပါပဲ။ အလုပ်ဝင်တဲ့ အစောပိုင်းကာလတွေမှာ ဒီစီမံကိန်း နဲ့ပတ်သက်တာတွေကို အများကြီးလေ့လာခွင့်ရခဲ့တယ်။

သို့ပေမယ့် ကျွန်တော်တာဝန်ယူရတဲ့အလုပ်နဲ့ တိုက်ရိုက်မပတ်သက်တာကြောင့် နတ်အိမ်တောင်ကို ရောက်ခွင့်မရလိုက်။ ငယ်အိပ်မက်ကို ပြန်အသက်သွင်းခွင့်မရခဲ့လိုက်။ ၂၀၁၃ နဲ့ ၂၀၁၅ ခုနှစ်တွေကြားမှာတော့ နတ်အိမ်တောင်ဟာ ကျွန်တော့်အတွေးတွေကို ပြန်စိုးမိုးလာခဲ့ပြန်တယ်။ ထိုင်းနိုင်ငံချင်းမိုင်တက္ကသိုလ်၊ လူမှုရေးသိပ္ပံဌာနရဲ့ အစီအစဉ်ရဲ့ သုတေသနပညာသင်ဆုရတာကြောင့် ကံပေါက်ဒေသမှာအခြေစိုက်တဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေရဲ့လူမှုရေး ဆိုင်ရာအကျိုးသက်ရောက်မှုတွေကို ထဲထဲဝင်ဝင် လေ့လာခဲ့ပြန်တယ်။ ၂၀၁၈ ခုနှစ်မှာ ချင်းမိုင်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်တို့ပူးတွဲကျင်းပတဲ့ မြန်မာ့ဖွံ့ဖြိုးရေးကို လေ့လာခြင်းဆိုင်ရာ နိုင်ငံတကာစာတမ်းဖတ်ပွဲမှာ အင်္ဂလိပ်ဘာသာနဲ့ထုတ်ဝေခဲ့တဲ့ အဲဒီသုတေသနစာတမ်းအတွက် ဓာတ်ငွေ့ပိုက်လိုင်းတွေဖြတ်သွားတဲ့ ဓမင်းဆိပ် ကနေ မိကျောင်းလောင်း(ရွာဟောင်း) အထိ ကျေးရွာတွေမှာ ရက်ပေါင်းများစွာ လေ့လာသုတေသန ပြုခဲ့တယ်။ အဲဒီမှာ ကံပေါက်ဒေသနဲ့ နတ်အိမ်တောင်ရဲ့ ဆက်စပ်မှု၊ အထူးသဖြင့် ၁၉၉၀ ပြည့် လွန်နှစ်တွေမှာ စစ်အစိုးရ ပြုလုပ်ခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ် (ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသွားမယ့်လမ်းတစ်လျှောက်) နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအကြောင်း တစေ့တစောင်း သိခွင့်ရခဲ့ တယ်။

၂၀၀၄ ခုနှစ်မှာ ရတနာ၊ ရဲတံခွန် အစရှိတဲ့ ဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းတွေ ရဲ့ငွေကြေးထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံတော်အစိုးရ၊ သစ်တောဦးစီးဌာနက တိုက်ရိုက်စီမံအုပ်ချုပ်တဲ့ ဧကပေါင်းလေးသိန်းနှစ် သောင်းကျော်ကျယ်ဝန်းတဲ့ တနင်္သာရီ သဘာဝကြိုးဝိုင်း စီမံကိန်းကြီးဟာ နတ်အိမ်တောင်ကို သွားရာလမ်းအပါအဝင် ရေဖြူမြို့နယ် တောင်ဘက်ပိုင်း ကော့လှိုင်ကျေးရွာအနီးကနေ ထိုင်း-မြန်မာနယ်စပ်အထိနဲ့ ထားဝယ်မြို့နယ် အရှေ့ဘက်ပိုင်းက မြေးခံဘော်ကျေးရွာနားကနေ ထိုင်း-မြန်မာနယ်စပ်အထိကို ကန့်သတ်နယ်မြေ ဖြစ်သွားစေခဲ့တယ်။ သို့သော်လည်း နတ်အိမ်တောင်လမ်းဟာ ဒီသဘာဝထိန်းသိမ်းရေးဇုန်ကြီး မသတ်မှတ်မီ ၁၉၉၅ ခုနှစ် တိုတယ်မြန်မာကဦးဆောင်တဲ့ ရတနာသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းက ဓမင်းဆိပ်ရွာကနေ နတ်အိမ်တောင်အထိ ဖောက်လုပ်ထားတဲ့ ၆၄ ကီလိုမီတာ (၃၉.၁၄) မိုင်ရှည်လျားတဲ့ လမ်းပိုင်းမှာ ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။

(၄) အိပ်မက်ထဲက နတ်အိမ်တောင်

နတ်အိမ်တောင်ကို ရောက်လိုခဲ့လှသော်လည်း အကြောင်းကြောင်းတွေကြောင့် မရောက်ဖြစ်ခဲ့။ ၂၀၁၈ ခုနှစ် နှောင်းပိုင်းတွေမှာ ထားဝယ်မြစ်ထဲကို စီးဝင်တဲ့ ဇင်းဘာချောင်းဖျားမှာ တရားမဝင်ရွှေတူးဖော်မှုလုပ်ငန်းတွေအကြောင်း သတင်းသဲ့သဲ့ ကြားရပြန်တော့ ငယ်ဘဝအိပ်မက်ထဲက နတ်အိမ်တောင်ကိုသွားရာလမ်းဟာ အတွေးထဲမှာ ပြန်ပေါ်လာပြန်တယ်။

၂၀၁၉ ခုနှစ် မိုးနှောင်းရာသီမှာ ကလိန်အောင်တံတားပေါ်ကအဖြတ် ကျောက်စိမ်းလိုအေးမြပြီး ကြင်လင်လှတဲ့ ထားဝယ်မြစ်ဖျားရဲ့ရေအလျဉ်ဟာ ရွှံ့စေးရေတွေကို နောက်ကျိနေတာကို မြင်ရပြန်တော့ ဇင်းဘာချောင်းဖျားက နတ်အိမ် တောင်လမ်းကို သွားလိုစိတ်က တဖွားဖွားပေါ်ပေါက်လာပြန်တယ်။ သို့ပေမယ့် ကန့်သတ်နယ်မြေဖြစ်တာကြောင့် သွားခွင့်မရခဲ့။ ဒီနှစ်ဒီဇင်ဘာလထဲမှာ နတ်အိမ်တောင်အိမ်မက်ဟာ မထင်မှတ်ဘဲအကောင်အထည်ပေါ်လာခဲ့တယ်။

နတ်အိမ်တောင် (ပီလော့) မှာနေတဲ့ သူတွေ အတော်များများက ထိုင်းနိုင်ငံသားတွေဖြစ်နေကြပေမယ့် အားလုံးနီးပါးက ထားဝယ်သူ ထားဝယ်သားတွေ။ ၁၉၅၀ ဝန်းကျင် ကတည်းက မျိုးရိုးအစဉ်အဆက် ပီလော့သတ္တုတွင်းမှာ အခြေချခဲ့ ကြသူတွေရဲ့မျိုးဆက်တွေ။ နတ်အိမ်တောင် ရွာလူကြီးက ဒိုးဒိုးဒေါက်ဒေါက် ပြောတတ်တဲ့ ထားဝယ်သူမကြီး။ ၁၉၈၅ ခုနှစ် သတ္တုတွင်းပိတ်သိမ်းပြီးနောက်ပိုင်း “တစ္ဆေ ရွာ”လို့တောင် တင်စားရလောက်အောင် ခြောက်သွေ့သွားခဲ့တဲ့ နတ်အိမ်တောင်မှာ ထားဝယ်မျိုးဆက်တွေ လောကဓံကို ကြံ့ကြံ့ရင်ဆိုင်ပြီး တင်းခံနေခဲ့ကြတယ်။

နတ်အိမ်တောင်ဟာ တစ်ခေတ် တစ်ခါက ကံပေါက်၊ထားဝယ်ဘက်က ပြည်သူလူထုအတွက် ကုန်စည်ကူးသန်း ရာဌာနကြီး ဖြစ်ခဲ့တယ်။ နတ်အိမ်တောင်ဟာ မြန်မာ့လွတ်လပ်ရေးနဲ့စင်ပြိုင်ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ ခိုလှုံရာ ဖြစ်ခဲ့တယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးအလွန်မှာ ပေါ်ပေါက်လာခဲ့တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး-ABSDF (တောင် ပိုင်း) ကျောင်းသားတချို့ကို သူ့ရင်ခွင်ထဲ သိပ်ခဲ့ဖူးတယ်။

အခု နှစ်ပေါင်းလေးဆယ်ကျော် ကြာပြီးချိန်မှာတော့ နတ်အိမ်တောင်ဟာ မြို့ပြရဲ့မွန်းကျပ်မှုတွေကို ခဏတာ မေ့ပျောက်လိုတဲ့ ထိုင်းနိုင်ငံသားတွေအတွက် မြန်မာ့နယ်စပ်က အေးချမ်းတိတ်ဆိတ်တဲ့ တောင်ပေါ်အပန်းဖြေရွာကလေး ဖြစ်လာနေပါပြီ။ ဒီလို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာတဲ့အခင်းအကျင်းမှာ စီးပွားရေးအရ တစ်ကျော့ပြန်နလန်ထူလာတာကတော့ နတ်အိမ်တောင်က ပီလော့ရွာသားတွေတဖြစ်လည်း ထိုင်းနိုင်ငံသား ထားဝယ်သူထားဝယ်သားတွေပါပဲ။

(၅) ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ နံနက်ဝေလီ ဝေလင်း

အရှေ့မိုးကုတ်စက်ဝိုင်းမှာ နေမင်းရဲ့အလင်းရောင်ခြည်ကို စမြင်ရတယ်။ ဖေဖေတို့မေမေတို့ ကျော်ဖြတ်ကျောခိုင်းခဲ့တဲ့၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်ကျော်က ကျွန်တော့်ငယ်ဘဝအိပ်မက်တွေကိုစိုးမိုးထားခဲ့တဲ့ နတ်အိမ်တောင်က ပီလော့ တောင်တန်းကြီးတွေပေါ်မှာ ကျွန်တော်ခြေစုံရပ်နေခဲ့တယ်။

နေအထွက်ကိုငေးခဲ့တယ်၊ နယ်စပ်စည်းမျဉ်းတွေဆိုတာ လူသားရဲ့ လှုပ်ရှားသွားလာမှုကို ထိန်းချုပ်နိုင်စွမ်းမှ မရှိဘဲ ကိုလေ။

အောင်လွင်(ကံပေါက်သား)