ထားဝယ်မြို့ရှောင်လမ်းတွင် တံတားအစင်းရေ တစ်ဆယ်ကျော် တည်ဆောက်ရမည်

0
1202

ဖောက်လုပ်ရန် ပြင်ဆင်နေသည့် ထားဝယ်မြို့ရှောင်လမ်းပိုင်းတွင် တံတား အစင်းရေ တစ်ဆယ်ကျော် တည်ဆောက် ရမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။

ထားဝယ်မြို့ရှောင်လမ်းကို ပုလုကုန်း ကျေးရွာအနီးမှ အရှေ့ဘက်သို့ ခွဲထွက် ကာ ကျောက်မော်ရပ်ကွက်နှင့် ကျောက်ရပ် ကျေးရွာအကြား (ပေါက်တိုင်းတံတား အနီး) တွင် မြိတ်-ထားဝယ်ကားလမ်းပေါ် ပြန်လည်ဝင်ရောက်မည် ဖြစ်သည်။

မြို့ရှောင်လမ်း၏ အရှည်မှာ ၆ ကီလိုမီတာခန့်ရှည်မည်ဖြစ်ပြီး ပေ ၁၈၀ အောက်တံတား ၁၀ စင်းနှင့် ပေ ၁၈၀ အထက် တံတား ၁ စင်း ထည့်သွင်းတည် ဆောက်ရမည်ဖြစ်ကြောင်း ဝန်ကြီး ဦးဟန်ဇော်က ဆိုသည်။

မြို့ရှောင်လမ်းဖောက်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်၍ ထားဝယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန်၏ ကြယ် ပွင့်မပြမေးခွန်းဖြင့် ဒုတိယအကြိမ် မေးမြန်းမှုကို ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးအောင်စိန်က အဆိုပါလမ်း အတွက် ယခုဘဏ္ဍာနှစ်တွင် ဘဏ္ဍာငွေ ထည့်သွင်းတောင်းခံရန်နှင့် လုပ်ငန်းများ ဆောင်ရွက်ရန် အစီအစဉ်ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် လုပ်ငန်းစမည်ကို သိလိုကြောင်း ၂၀၁၉ ခုနှစ် နိုဝင်ဘာလ အတွင်းက မေးမြန်းခဲ့သည်။

မြို့ရှောင်လမ်းတွင် အထက်ပါ တံတားများ ထည့်သွင်းတည်ဆောက်ရ မည်ဖြစ်သဖြင့် Geometric Design ကို ရေးဆွဲပုံထုတ် လုပ်ငန်းများ ဆောင် ရွက်နေကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်တွင် စာဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

အထက်ပါ လမ်းနှင့် ပတ်သက်၍ ဦးအောင်စိန်က ၂၀၁၈ ခုနှစ်တွင် ပထမ အကြိမ် မေးမြန်းခဲ့ဖူးသည်။

လက်ရှိတွင် ကုန်ကားများ၊ ခရီးသည် တင်ကားများက မြို့အတွင်းမှ ဖြတ်သန်း မောင်းနှင်နေရသည့်အတွက် လမ်းပိတ် ဆို့ခြင်း၊ လမ်းသားပျက်စီးခြင်းများရှိ နေပြီး မြို့ရှောင်လမ်းနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက်မည့် အစီအစဉ်များကို သိလို၍ မေးမြန်းခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိန် က ဆိုသည်။

“မြို့ထဲကို ကုန်ကားကြီးတွေလာ တယ်ဆိုရင် လမ်းတွေပိတ်ဆို့မှုဖြစ်တယ်။ သူတို့ကလည်း မလာချင်ကြဘူး”ဟု ဦးအောင်စိန်က ပြောသည်။

မြို့ရှောင်လမ်းဖောက်ရန်အတွက် ၂၀၁၉ ခုနှစ် နိုဝင်ဘာလက အကြို အင်ဂျင်နီယာလုပ်ငန်း ဆောင်ရွက်ရန် ကွင်းဆင်းတိုင်းတာခဲ့ပြီး လမ်းအူကြောင်း ကို လျာထားခဲ့ကြောင်း ပြည်ထောင်စု ဝန်ကြီး၏ ဖြေကြားချက်တွင် ပါရှိသည်။

အဆိုပါလမ်းအူကြောင်းကို တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ သဘောတူ အတည်ပြုချက်ရယူပြီး Geometric Design ရရှိလာပါက လမ်းဖြတ်သန်းမည့် ဧရိယာအတွင်း မြေယာကိစ္စများ ဖြေရှင်းဆောင်ရွက်ပြီးချိန်တွင် လမ်းဖောက်ရန် ရန်ပုံငွေတင်ပြတောင်းခံ မည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ဆိုသည်။

Dawei Watch