ထားဝယ် ယဉ်ကျေးမှု အမြူတေ

0
1504

၂၀၁၉ ခုနှစ်မကုန်ခင် ရက်ပိုင်အတွင်းမှာပဲ ထားဝယ်ဒေသအကြာင်းကို စိတ်ဝင်စားသူတွေအတွက် တန်ဖိုးရှိသည့် စာအုပ်တစ်အုပ် ထွက်လာသည်။ ၂၀၂၀ ခုနှစ်ကို ကြိုဆိုသည့်သဘောလည်း ဖြစ်သည်။ ပါရမီစာအုပ်တိုက်၏ နှစ်သစ်ကူး လက်ဆောင်လို့တောင် ဆိုလိုက်ချင်ပါသည်။

ထိုစာအုပ်က ထားဝယ်ကျော်မင်း၏ “ထားဝယ်ယဉ်ကျေးမှု အမြုတေ” ဖြစ်သည်။ ပထမအကြိမ် ထုတ်ဝေသည့်ခုနှစ်က ၁၉၆၉ ခုနှစ်ဆိုတော့ ယခု ဒုတိယအကြိမ် ထုတ်ဝေသည့်ခုနှစ်နှင့်ဆိုလျှင် နှစ်ပေါင်း ၅၁ နှစ်ပင် ကွာနေချေပြီ။

ပထမအကြိမ်ထုတ်ဝေစဉ်က စာအုပ်ကို ဈေးကွက်အတွင်းပင် ရှာမရတော့သည့် အတွက် ထားဝယ်အကြောင်းကို လေ့လာလိုသူတွေ၊ သုတေသီတွေခမျာ မိတ္တူစာအုပ်ကိုပဲ ဈေးကြီးပေးဝယ်ရသည်ကို ကြုံခဲ့ရဖူးသည်။ အခုတော့ ပါရမီစာအုပ်တိုက်၏ ကြိုးပမ်းမှုဖြင့် လက်လှမ်းတစ်မီ ဖတ်ရှုခွင့်၊ စုဆောင်းခွင့်ရပြီဟု ဆိုနိုင်သည်။

ယခု ဒုတိယအကြိမ်ထုတ်ဝေသည့် စာအုပ်မှာတော့ “ထားဝယ်ယဉ်ကျေးမှု လေ့လာရေးလမ်းညွှန်” ကို နောက်ဆက်တွဲအဖြစ် ဖြည့်စွက်ပေးထားသည်ကို တွေ့ရပါသည်။

“ထားဝယ်ယဉ်ကျေးမှုအမြုတေ” တွင် ထားဝယ်ခရိုင်အကြောင်း၊ ထားဝယ်လူမျိုးသမိုင်းနှင့် ဆင်ယင်ထုံးဖွဲ့မှု၊ ကိုးကွယ်ယုံကြည်မှုနှင့် ဓလေ့ထုံးတမ်းများ၊ ထားဝယ်စကား ဝေါဟာရများ၊ ထားဝယ်သုခုမ ဆိုတီးက၊ ကလေးတေးများ၊ စားသောက်နေထိုင်မှု၊ အနုပညာ၊ စာပေ၊ ထားဝယ် ကျေးလက်ပုံပြင်များ၊ ထားဝယ်ဒေသ ကိုဂုဏ်တင့်စေသည့် နေရာများ၊ ပုဂ္ဂိုလ်များ၊ စာသင်တိုက်များနှင့်အဖွဲ့အစည်း များအကြောင်း၊ ထားဝယ်ဒေသ အတွင်း ထူးခြားသည့်အရာများ၊ လူမျိုး ၁၀၁ ပါး စာရင်းတို့ကို စေ့စုံစွာ တင်ပြထားသည်။

ထိုမှတ်တမ်းမှတ်စုများ အချက်အလက်များသည် ဆရာကြီးထားဝယ်ကျော်မင်း နှစ်ရှည်လများစုဆောင်း သုတေသနပြုခဲ့သည့် အချက်အလက်မျာလည်း ဖြစ်သည်။ ယနေ့မျက်မှောက်ကာလ ထားဝယ်ဒေသနှင့် ပတ်သက်ဆက်နွှယ်သည့်ကျမ်းများ သုတေသနစာတမ်းများသည် “ထားဝယ်ယဉ်ကျေးမှုအမြုတေ”ကို အခြေခံကာ ခေတ်အမြင်နှင့်ပေါင်းစပ်၍ ထပ်ဆင့်သုတေသနပြုခဲ့သည်ဟု ဆိုလျှင် မှားမည်မထင်။

ထိုစာအုပ်ပြန်လည်ပေါ်ထွက်လာခြင်းက သုတေသနရင်းမြစ်ကို ပြန်လည်လှစ်ပြလိုက်ခြင်းဖြစ်သဖြင့် ထားဝယ် သုတေသနနယ်ပယ်အတွက်ပါ လွန်စွာအကျိုးရှိသည့် စာအုပ်တစ်အုပ်ဟု ညွန်းဆို လိုက်ချင်ပါသည်။

ဖိုးဇော်(ထားဝယ်)