တွေးမိတာတွေ

0
661

ထားဝယ်လေက အေးစိမ့်စိမ့်၊ မနက်အစောကြီး လမ်းလျှောက်ထွက်တယ် ဆိုပါတော့။

ထားဝယ် ရောက်တိုင်း၊ ကျွန်တော် ငေးကြည့်နေကျ ၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးနဲ့ ကပ်လျက်ရှိတဲ့ “နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်အား လှိုက်လှဲစွာ ကြိုဆို ထောက်ခံပါသည်”ဆိုတဲ့ နိုင်ငံတော် သမ္မတကြီးပုံပါတဲ့ ဘုတ်အကြီးကြီးရယ်။

ပြီးတော့ အဲကြိုဆိုတဲ့ ဆိုင်းဘုတ်ကြီးနဲ့ ကပ်ရက်ရှိနေတဲ့၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် အစိုးရအဖွဲ့၏ ဦးစားပေး ရည်မှန်းချက်ပန်းတိုင်ဆိုပြီး
(၁) တရားဥပဒေ စိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ မြင့်မားရေး။
(၂) အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး။
(၃) ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက်၊ အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲစည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်တဲ့။

ဒါကို ကျွန်တော် ကျေကျေညက်ညက် ဖတ်တယ်။ စဉ်းစားတယ်။ တွေးတယ်။ မြတ်မြတ်နိုးနိုး ဖက်တွယ်ထားပြီး လေးလေးနက်နက် လိုက်နာနိုင်အောင်နေတယ်။ ကျွန်တော်တို့လို သာမန်နိုင်ငံသားတွေအတွက် မဖြစ်မနေလိုက်နာရမယ့် လမ်းစဉ်ပေါ့ဗျာ။

ကျွန်တော်တို့ရွေးထားတဲ့ အစိုးရ၊ ကျွန်တော်တို့ မဲပေးထားတဲ့အစိုးရ၊ ကျွန်တော်တို့ ပေးလိုက်တဲ့ မဲပြားတွေထဲမှာ မျှော်လင့်ချက်တွေပါတယ်။ လေးစားမှုတွေ ပါတယ်။ ယုံကြည်မှုတွေ ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဘဝနဲ့ချစ်ခြင်း မေတ္တာတွေ ပါတယ်လို့တွေးပြီး ဆိုင်းဘုတ်ကြီးကို ငေးနေတုန်းမှာပဲ ကျွန်တော့်ဘေးက ကားတန်းကြီး တစ်ခုဖြတ်ထွက်သွားတယ်။

ကျွန်တော်ကြည့်လိုက်တော့ လူကြီးတွေ စီးစီးနေတဲ့ ကားတန်းကြီးပဲ။ ပြောင်လက်တောက်ပနေတဲ့ ကားတွေ တစ်စီးပြီး တစ်စီး ဝေါကနဲ ဝေါကနဲဖြတ် မောင်းသွားတယ်။ မှန်လုံကားတွေထဲ ဘယ်သူပါသွားလဲ ကျွန်တော် မသိပါ။

ကျွန်တော်ရပ် တွေးငေးနေတုန်း ဖုန်းဝင်လာတော့ သမ္မတကြီးရဲ့ ပုံရှေ့မှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ မြင်းစီးရုပ်ထုဘေးမှာရပ်ပြီး ဖုန်းနားထောင်လိုက်တယ်။

“တစ်လ အတွင်း ဘိတ်အခြေအနေ တော်တော်များများ မေးလ်ထဲပို့ထားတယ်။ ဘိတ် ခရိုင်အတွင်း လုပ်မယ့်စီမံကိန်းတွေပါတယ် အစ်ကို”တဲ့။

ဘုရားရေ လာပြန်ပြီ စီမံကိန်းတွေ။

ဘိတ်က ၈၈ ငြိမ်းပွင့် စီးပွားရေးနဲ့ စီမံကိန်းစောင့်ကြည့်လေ့လာရေးကဏ္ဍက ညီအစ်ကို မောင်နှမတွေ မနားရသေးမှန်း ကျွန်တော် သတိထားမိ ပြန်တယ်။ သူတို့ စာတွေ ဖတ်ရမယ်။ ခရီးတွေ သွားရမယ်။ လျာထားတဲ့ စီမံကိန်းဧရိယာထဲက ပြည်သူတွေနဲ့တွေ့ပြီး စကားတွေ ပြောတယ်။ သူတို့အသံ သူတို့ခံစားချက်တွေ မှတ်တမ်းတင်တယ်။ ကိုယ့်အိတ်ကိုယ် စိုက်ကြသူတွေ။ ကျွန်တော် ကိုယ်တိုင်ကလည်း အဖြစ်မရှိတော့ ဒီအတိုင်းကြည့်နေရုံ။

ဖုန်းထဲက ရတဲ့ သတင်းအရတော့ အတော်များများ စီမံကိန်းတွေကို ပြည်သူ မသိသေး။
ဟူး . . . . .။

ပုဂ္ဂလိကပိုင်လုပ်ထားတဲ့ ကျွန်းတွေ များလာတယ်။ တနင်္သာရီ မြစ်မကြီးက ရေသွယ်မတဲ့။ အကြောင်းပြချက်က မြို့အတွက်တဲ့ တနင်္သာရီမြို့နယ်က ပြည်သူတွေရဲ့ သဘောထားက ဘယ်လိုရှိ၊ သူတို့ အကျိုးခံစားခွင့်က ဘယ်လိုရှိလာမလဲ။

ဒီစီမံကိန်းတွေကို လွှတ်တော် အသီးသီးက သိရှိကြားနာ စစ်ဆေးပြီလား။ ခွင့်ပြုပြီလား၊ အရင်လိုပဲ လွှတ်တော်ကို တင်ပြစရာ မလိုဘူးဆိုတဲ့ဟာတွေမျိုးလား။

အမေစုကတော့ ဘာလုပ်လုပ် လွှတ်တော်နဲ့ တိုင်ပင်ပြီး လုပ်ပါလို့ မှာလိုက်တာ ပြောသံကြားတယ်။ လွှတ်တော်က လွတ်တော် အလုပ်ကို လုပ်မယ်ထင်မိပြန်တယ်။ လောလော ဆယ် နိုင်ငံတကာနဲ့ အမေစု ရင်ဆိုင်နေရ ချိန် ပြည်တွင်းမှာ ပြည်သူသဘောမတူတဲ့ စီမံကိန်းတွေ ဇွတ်အကောင်ထည်ဖော်ပြီး နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်လာ အောင် ဖန်တီးသလိုမျိုးဖြစ်နေနိုင်တာ ဒေသအစိုးရသူတွေ မြင်ပါ့မလား။

အောက်စဖို့ဒ် တက္ကသိုလ်က ဘောဂ ဗေဒ ပါမောက္ခ ပေါကောလီယာရေးတဲ့ အောက်ခြေသန်းတစ်ထောင်စာအုပ်က ပဋိပက္ခထောင်ချောက်နဲ့ သဘာဝသံယံဇာတ ထောင်ချောက်တွေအကြောင်း သတိရလာ ပြန်တယ်။

တဆက်တည်းမှာပဲ ဒီပိုလျှံပေါများလှ တဲ့ သဘာဝသယံဇာတတွေကြောင့် နိုင်ငံရေး ကမောက်ကမ ဖြစ်နိုင်ပုံကို Why do Resources Surpluses Up Politic ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှင်းပြထားတာ သတိထားမိပြန်တယ်။

ဒီကဏ္ဍမှာ လွှတ်တော်နဲ့ အစိုးရကြား အပြန်အလှန် ထိန်းကျောင်းမှုရှိမှသာ အာဏာ အလွဲသုံးမှုတွေ လျှော့ချနိုင်မယ်လို့ ဆိုထားတာ တွေ့မိတယ်။ ဒီတော့ အခု တနင်္သာရီတိုင်းအတွင်း စီးပွားရေး စီမံကိန်းတွေကို ပဋိပက္ခ မဖြစ်လာအောင်လုပ်ဖို့က နိုင်ငံတော်က ချမှတ်ထားတဲ့မူအတိုင်း သွားနေသလားပေါ့။

နိုင်ငံတော်ရဲ့ စီးပွားရေးမူဝါဒ မျှော်မှန်းချက်က
“နိုင်ငံတော်၏ စီးပွားရေးမူဝါဒသည် ပြည်သူကို ဗဟိုပြု၍ အားလုံးပါဝင်နိုင် သော စဉ်ဆက်မပြတ် တိုးတက်မှု ရရှိ စေရန် ရည်ရွယ်ပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အထောက်အကူ ရရှိစေရန် ဦးတည်၍ သဘာ၀ သယံဇာတ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းလျက် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အကြား မျှတမှန်ကန်စွာခွဲဝေ အသုံးချနိုင် မည့် စီးပွားရေးမူဘောင်ကို မျှော်မှန်းပါ သည်”လို့ ဖတ်ရပြန်တော့ အခု တနင်္သာရီ တိုင်းဒေသကြီးအတွင်းလုပ်မယ့် စီမံကိန်းတွေမှာ ပြည်သူတွေ ပါဝင်ခွင့်သိခွင့်မရခဲ့လျှင် နိုင်ငံတော်ရဲ့ စီးပွားရေး မျှော်မှန်းချက်ကို လွဲဖယ်လုပ်ဆောင်တယ်လို့ ကျွန်တော် ဆိုချင်ပါတယ်။

နိုင်ငံတော်ရဲ့ စီးပွားဆိုင်ရာ ရည်မှန်းချက် လေးချက်အနက် နံပါတ်တစ်ကို ပြန်ကြည့်ရင်
“အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည်ပြီး စည်းလုံးညီညွတ်သော ဖက်ဒရယ် ဒီမိုကရစ်တစ် ပြည်ထောင်စုကြီး ဖြစ်တည်လာစေရေးကို အထောက်အပံ့ ဖြစ်စေသည့် မူဝါဒ အဖြစ်ကျင့်သုံး ရန်”လို့ ဆိုထားပြန်တော့ . . .
တနင်္သာရီမြစ်မကြီးက ရေချိုထုတ် သုံးမယ်ဆိုရင် ဒီမြစ်မကြီးတစ်လျှောက် နေထိုင်တဲ့ တိုင်းရင်းသားတွေရဲ့ အကျိုးစီးပွား မထိခိုက်အောင် ဘယ်လို အစီအမံတွေ လုပ်ထားလဲဆိုတာကို ဒီမြစ်မကြီး တစ်လျှောက်နေထိုင်တဲ့ တိုင်းရင်းသားတွေ တိတိကျကျ သိရဖို့လိုတယ်။

နိုင်ငံတော်ရဲ့ စီးပွားရေး မူဝါဒ ၁၂ ချက်ကို ပြန်ကြည့်တော့ အချက်နံပါတ် ၉ မှာ သဘာဝပတ်ဝန်းကျင်ကို ရေရှည် ထိန်းသိမ်းနိုင်ရန်အတွက် လိုက်လျောညီထွေဖြစ်စေမည့် မြို့ပြများ တည်ထောင်ရန်၊ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ အဆင့်မြင့်တင်ရန်တို့အပြင် အများပြည်သူ နှင့် သက်ဆိုင်သောနေရာများ တိုးချဲ့ ဖော်ထုတ်ရန်နှင့် ယဉ်ကျေးမှု အမွေနှစ်များကို ပိုမိုစောင့်ရှောက် ထိန်းသိမ်းရေး တို့အတွက် ထိန်းသိမ်းဆောင်ရွက်ရန်နှင့် နံပါတ် ၁၀ ကျပြန်တော့ နိုင်ငံတော်၏ ဝင်ငွေ တိုးတက်ရရှိရန် မျှတသော အခွန် စနစ်ကို ထူထောင်၍ ပြည်သူများ၏ အခွင့်အရေးနှင့် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ကို ဥပဒေများ လုပ်ထုံးလုပ်နည်းများ ပြဋ္ဌာန်း ဆောင်ရွက်ရန်လို့ပါတဲ့အတွက် အခု ပုဂ္ဂလိကပိုင်လုပ်ထားတဲ့ ကျွန်းတွေမှာ မူလရှိသူတွေရဲ့ ယဉ်ကျေးမှုနဲ့ ပစ္စည်းဥစ္စာတွေ မထိခိုက်အောင်လုပ်ဖို့ ဘယ်လို စီမံသလဲပေါ့။


အခု ဘိတ်အနီးက တောထွင်ကြီး စီမံကိန်းမှာ ဇီဝဇိုးငှက်မွေးတဲ့ အိမ်တွေ ဆောက်မယ်တဲ့။ ကောင်းပ။ ပြည်သူတွေ သဘောတူလား ရွာသားတွေ ဒီစီးပွားရေး လုပ်ငန်းထဲပါလား ဘယ်သူတွေက အကျိုး အမြတ်ပိုရမလဲ။ အင်မတန်မှ ငပိကောင်း ကောင်းထွက်နေတဲ့ နေရာမှာ စီးနေတဲ့မြစ် ပျက်မသွားဖို့ အစီအမံတွေက ဘာတွေလဲပေါ့လေ။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေမှာ ပြဋ္ဌာန်းထားတာတွေ ကတော့ အခန်း ၃ အထွေထွေ အပိုဒ် ၆ အရ သက်ဆိုင်ရာဌာနနှင့်အဖွဲ့စည်းများ သည် စီမံကိန်းများ အကောင်ထည်ဖော်ရာတွင်စီမံကိန်းများအား လေ့လာဆန်းစစ်၍ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားအတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအား ဆက်လက် အကောင်အထည်ဖော်ရမည်။

သို့ရာတွင် အကျိုးစီးပွားဖြစ်ထွန်းမှု မရှိသော စီမံကိန်းများအား ငြင်းပယ်ခြင်း၊ ဆိုင်းငံ့ခြင်း၊ လျှော့၍ ခွင့်ပြုခြင်းများ ဆောင်ရွက်ရမည်ဟု ပြဋ္ဌာန်းထားပါလျက် အခုထက်ထိ မော်ကင်းတွေနေတဲ့ ကျွန်းကိစ္စတွေ၊ ကျောက်ဖျာ မြို့သစ်ကိစ္စတွေရဲ့ အဖြေကာ မရေရာသေး ဥပဒေထက်ကြီး မြတ်သောသူတွေ ရှိလား။

ဒီထက် ပိုစိတ်ဝင်စား အလေးမြတ် ပြုမိတာက အပိုဒ် ၇ အမျိုးသားစီမံကိန်းများကို အကောင်အထည်ဖော်ရာတွင်နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒ များနှင့်အညီ ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်ရမည်ဟု ဥပဒေ ပြဋ္ဌာန်းထားပြီးဖြစ်၍ နိုင်ငံတော်၏ စီးပွားရေးမူဝါဒနဲ့ မကိုက်ညီသော စီးပွားရေး လုပ်ငန်းများကို ခွင့်ပြုသူ လုပ်ကိုင်သူ မတားဆီးသူများ သည် နိုင်ငံတော်၏ ဥပဒေကို ချိုးဖောက် ကျူးလွန်သူများဖြစ်ပါကြောင်း…….။

ခိုင်ဦး