ဆောင်းည အဖေ့လွမ်းချင်း

768
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ည ၂:၂၀
တစ်ခုခုဆို အခြားသူတွေထက် ကြိုတွေးပြီး ပူပန်နေတတ်သော ကျွန်မသည် အတွေးလွန်၍အိပ်မပျော်။ အခန်းအပြင်ထွက် ပတ်ဝန်းကျင်အခြေအနေကို စူးစမ်းကြည့်သည်။ ဒီဇင်ဘာဆောင်းညသည် နက်ရှိုင်းစွာ မှောင်နေသည်။ ကျွန်မ မရယ်ဘဲ ပြုံးရုံလေး ပြုံးလိုက်မိသည်။ အကြောင်းကား ဆောင်းတွင် “နေ့တာတို၍ ညတာ ရှည်သည်” ဟူသော သိပ္ပံတွေ့ရှိချက်ထက် အိပ်မပျော်သော ညများကသာလျှင် ညတာ အရှည်ဆုံးဖြစ်သည်ကို ကျွန်မမရှာဖွေဘဲ တွေ့ရှိခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ အတွေးလွန် ညတာရှည်များကသာလျှင် ည၏အရသာကို ခံစားဖို့ အကောင်းဆုံးလည်ဖြစ်သည်။

တကယ်တော့ ကျွန်မနေသားမကျခင်က မြို့ပြညများကိုမုန်းသည်။ အသားကျလာတော့ ပိုမုန်းသည်။ ဖြစ်နိုင်လျှင် ယခုအချိန် မြင်နေရသည့် လမ်းမီးများကို ပိတ်ထားချင်သည်။ လမိုက်ညသည် လူကို အတွေးစုံ၍ ချောက်ချားစေသည်။ အိပ်မပျော်ခြင်းကပင် ကျွန်မကို ညဘက် စာဖတ်သည်ကို စွဲလမ်းခြင်းနှင့် မည်သည့် ကိစ္စကိုမဆို လေးလေးနက်နက် စဉ်းစားရန် သင်ပြပေးသည်။

“စဉ်းစားခြင်း”က လွဲလျှင် ဉာဏ်မီ သမျှ ရသမျှ အကြောင်းအရာ ပေါင်းစုံကို ခေါင်းစဉ်တပ် အတွေးနယ်ချဲ့နေတတ်သည်။ပုံမှန်အားဖြင့် အမြင်နှင့်အကြားအာရုံတို့သည် အမှောင်ထဲတွင် ပို၍ အားကောင်းတတ်သည်။ ထိုအချက်ကပင် ပတ်ဝန်းကျင် နှင့် ကောင်းကင်တစ်ခွင်၏ ထူးခြားချက်များကို ပို၍ သတိထားခံစားမိလာစေသည်။ MRTV-4 မှ မြန်မာဇာတ်လမ်းတွဲ မလာသည့် စနေ၊ တနင်္ဂနွေများတွင် ၁၀ နာရီမတိုင်ခင် မီးပိတ်လေ့ရှိသည့် ရွာလေးကို လွမ်းဆွတ်လာသည်။ မှန်းဆ၍ လှမ်းကြည့်လိုက်မိတော့ ဆောင်းမနက်တွင် မီးလှုံနေသည့် မိသားတစ်စု။

ဆောင်းရာသီရောက်တိုင်း ပြန်မရနိုင်တော့သည့် မိသားစု စုံစုံလင်လင် ရှိခဲ့ဖူးသော အချိန်ကလေးများကို ဘယ်နှကြိမ် မှန်းမသိ ပြန်လွမ်းနေတတ်သည်ကိုက တာဝန်တစ်ခု ဖြစ်မှန်းမသိ ဖြစ်နေခဲ့သည်။

ဆောင်းမနက်ခင်းရောက်တိုင်း မသုံးတော့သည့် ပစ္စည်းများ ရှာကြံ မီးဖိုပေး တတ်သော အမေ၊ အချက်ပေးနာရီမလို အချိန်မှန် နှိုးပေးတတ်သော အဖေနှင့် မီးပုံနံဘေး နေရာလုတိုင်း အရှုံးပေးတတ် သည့် အစ်မတို့ကို အချမ်းပြေ မီးပုံလေး နှင့်အတူ ယှဉ်တွဲ မြင်ယောင်လာသည်။ မိသားစု ပြည့်ပြည့်စုံစုံရှိနေသည့် အခိုက် အတန့်လေးသည် ကျွန်မအတွက် လိုသည် ထက်ပို ပြည့်စုံလွန်းသည်။ ဘာနဲ့မှ အစားမထိုးနိုင်။ သို့သော် ယခုအချိန်တွင် မူကား အိမ်ဦးနတ်၊ မိသားစုကျောရိုး ထောက်တိုင်ဟု တင်စားကြသည့် မွေးဖခင် မှာ မပြန်လမ်းကို ထွက်ခွာသွားသည်မှာ ဆယ်စုနှစ်တစ်ခုစာတောင် ကျော်လွန်နေပြီ။

ငွေနှင်းရည် ပက်ဖျန်းတဲ့ ဆောင်းကို ခုံမင်သောအဖေ၊ အခြားသူတွေကို ဦးစားပေးရသည်ကို ပိုသဘောကျသော အဖေ၊ မည်သည့် ပြဿနာကိုမဆို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ရန်အမြဲ အသင့်ဖြစ်နေတတ်သော အဖေ၊ အသက်ရှင်သန်ခွင့်ရသည့် ကာလပတ်လုံး လူပီပီသသနေဖို့ အမြဲတွေးတောနေတတ်သော အဖေတစ်ယောက် မြန်မာပြည်၏ ယောက်ျားသား ပျမ်းမျှအသက်ပင် မပြည့်လိုက်မီ ဟောဒီလောကမှ စောစောစီးစီး ထွက်ခွာသွားခြင်းမှာ နှမြောစရာကောင်းလွန်းသည်။

အဖေသည် အသားညိုညို၊ အရပ်ရှည်ပြီး သိပ်မဝလှပေ။ မေးရိုးကားပြီး နှုတ်ခမ်းမွေးပါးပါးနှင့်အထူးလိုက်ဖက် သည်။ မျက်ခုံးမွေးထူ၍မျက်လုံးမှာ စူးရှသည်။ ၁၉၆၀ ကျော်တွင် မွေးသည့် ကြာသပတေးသား အဖေ့အဖို့ ပညာတတ် တစ်ယောက်ဖြစ်လာရန် အခွင့်အလမ်း နည်းပါးသော်လည်း ဘုန်းတော်ကြီး ကျောင်းပညာရေး ကျေးဇူးအားဖြင့် မြန်မာဘာသာဖြင့် ရေးသားထားသော စာမှန်သမျှ အထစ်အငေါ့မရှိ ဖတ်နိုင်သည်။

အဖေသည် ဘာသာတရားနှင့်ပတ်သက်၍ မယ်မယ်ရရ လုံ့လစိုက် ထုတ်မှုမရှိလှ။ သို့သော် ကံ ကံ၏ အကျိုးကိုတော့ ယုံကြည်ပုံပေါ်သည်။ စာဖတ်ခြင်းကိုတော့ မနှစ်ခြိုက်။ ရေဒီယိုကိုတော့ ညထမင်းစားပြီးတိုင်း နားထောင် လေ့ရှိသည်။ အဖေ့အသိ သူငယ်ချင်းများ နှင့် ဆိုင်ထိုင်ဝိုင်းဖွဲ့ အချိန်ဖြုန်းရသည်ကို သဘောကျသည်။

တောသားပီပီ အဆောင်အယောင်တွေကို မနှစ်သက်။ ဟန်ဆောင်လိမ်ညာသူ တွေကိုမုန်းသည်။ ထိုကြောင့်ပင် စကားပြောလျှင် အပိုအလိုမရှိ ပြတ်သားသည်။ သမီးများအပေါ်တွင် ရည်မှန်းချက် ကြီးမားသည်။ အဖေသည် အလုပ်အပေါ်တွင် သစ္စာရှိသည်။ ကျန်းမာရေးကိစ္စမှလွဲ၍ မည်သည့် အကြောင်းကြောင့်မျှ အလုပ်ပျက်ရန် အကြောင်းမရှာ။ မိသားစု စားဝတ်နေရေးတစ်ခုလုံးအတွက် တစ်ယောက်တည်း ကြိုးစားရှာဖွေသည်။ အဖေအမြဲပြောနေကျ “ငါရှိနေသ၍ နင်တို့ အလုပ်မလုပ်စေရဘူး” ဆိုတဲ့ စကားက သက်သေပင်။

တနင်္ဂနွေနေ့နှင့် ဥပုသ်နေ့များမှလွဲလျှင် အဖေ့တွင် အလုပ်နားရက် သိပ်မရှိ။ အလုပ်အားရက်များတွင် လက်ဖက်ရည် ဆိုင်ထိုင်ခြင်းနှင့် ငါးမျှားသွားခြင်း တို့ကိုသာ စွဲစွဲမြဲမြဲလုပ်လေ့ရှိသည်။ ထို့ကြောင့် ကျွန်မ မှတ်ဉာဏ်ထဲတွင် ကျွန်မ နှင့် အဖေ့ကြား အမှတ်တရဟူ၍ ရွာတောင်ပိုင်းလက်ဖက်ရည်ဆိုင်နှင့် ရွာအပြင်ဘက် ချောင်းများတွင်သာ များသည်။ တစ်ခါတစ်ခါ ဂရုစိုက်ခံချင်၍ နွဲ့ဆိုးဆိုးတတ်သည့် အချိန်များလည်း ရှိခဲ့ဖူးသည်။ ငြူစူလွန်း၍ အရိုက်ခံခဲ့ရသည့်အချိန်များလည်း မေ့မရနိုင်ခဲ့ပါ။

အဖေသည် အဖေ ဖြစ်တည်ရာ မိသားစုတွင် သာမက အဖေဖန်တီးယူထား သည့် မိသားစုတွင်ပါ တာဝန်ကျေပွန်သည်။ အဖေ့၏ အဖေ (ကျွန်မအဖိုး) ဆုံးကတည်းကပင် အဖေသည် မိသားစု ၇ ယောက်ကို တာဝန်ယူလုပ်ကျွေးခဲ့သည်။ အစ်ကိုကြီး အဖအရာဆိုသည့် စကားကို တည်စေခဲ့သည်။ အငယ်များ၏ဆန္ဒ ပြည့်ဝရေးအတွက် အဖေ့ဝါသနာ၊ အဖေ့ရည်မှန်းချက်၊ နောက်ဆုံး အဖေ့လွတ်လပ်ခွင့်ကိုပါ နောင်တတစ်စက်မျှမရှိ စွန့်လွှတ်ခဲ့သည်။ ထိုကြောင့်ပင် အဖေ့တွင် ကိုယ်ပိုင်ဟန်မရှိ။ ကျရာဆေးစက် အရုပ်ဖြစ်စေခဲ့သည်။

အဖေနှင့် အမေ၏ ပေါင်းဖက်မှုတွင် အဖေ့အတွက် ကံကောင်းလား၊ ကံဆိုးလား မသေချာသော်လည်း အမေ့အတွက်မူ ကံကောင်းသည်တော့ အမှန်ပင်။ အရွယ်နှင့်မလိုက်အောင် ရင့်ကျက်နေပြီး အမေ့ထက် ၃ နှစ်ကြီးသည့် အဖေ့ကို ပိုင်ဆိုင်ခွင့်ရသည့် အမေ့အတွက် အရှုံးမရှိ။ ထို့အပြင် အမေ၏ ငြူစူမှုမှန်သမျှ ကို ချစ်စိတ်တစ်ခုတည်းဖြင့် အပြစ်မမြင်ဘဲ ခွင့်လွှတ်နိုင်သည်ဟုဆိုလျှင် မှားမည်မထင်ပေ။

အဖေ့တွင် အမေမကြိုက်သည့် အချက်ဟူ၍ အရက်သောက်သည့် အကျင့်တစ်ခုသာ ရှိသည်။ ထိုအချက်က ပင် အမေနှင့် စကားများ ရန်ဖြစ်ရသည့် အဓိကအကြောင်းအရင်း ဖြစ်နေတတ်သည်။ အဖေ့အကြောင်းပြချက်ကား ရိုးရှင်းသည်။ အလုပ်ပင်ပန်းသောကြောင့်ဟူ၍ပင်။

အရက်ကို အမြဲလိုလို အဖော်ပြုနေ တဲ့သူတစ်ယောက် အသည်းကင်ဆာ မဖြစ်ဖို့ဆိုသည်မှာ ထိုသူ မမွေးဖွားလာမှသာ ဖြစ်မည်။ ကင်ဆာရောဂါကို စတင်ခံစား နေရသည့် အဖေ့အနေဖြင့် မိသားစုကို ထုတ်ပြောပြီး ရောဂါကုသမှု ခံယူဖို့ဆိုတာ ဝေးလွန်းလှသည်။

အချိန်ကြာလာသည်နှင့်အမျှ ရောဂါက အစွမ်းပြလာသည်။ အမေသည် အဖေအရင်ကထက် ထမင်းစားနည်းလာသည်နှင့် ပိုပိန်လာသည်ကို သတိထားမိသည်ကလွဲလျှင် နေမကောင်း၍ ဆေးသောက်နေရသည်ဟု သာသိထားခဲ့သည်။ ရောဂါကျွမ်းမှ သိခဲ့ သည့်အမေ့အဖို့ ယူကြုံးမရ ဖြစ်နေရုံမှ တစ်ပါးအခြားမရှိခဲ့ပါ။

ဤသို့ဖြင့် အဖေသည် အသက် ၄၀ ကျော်တွင် ဆုံးပါးသွားခဲ့သည်။ အဖေ့၏ နောက်ဆုံးခရီးကား ထူးထူးခြားခြား ၄ နှစ် ကြာမှဒုတိယ ဝါဆိုလပင်တည်း။ ထိုနေ့က တစ်နေ့လုံး မိုးသည်းနေသည်။ နောက်ဆုံးခရီးဆိုသော် လည်း လူသိပ်မများ။ ထိုနေ့က ကျွန်မ အဖေ့မျက်နှာကြည့်ပြီး နောက်ဆုံး
ကန်တော့ခဲ့ရသည့်နေ့လည်း ဖြစ်သည်။ အသက်ငယ်သော်လည်း ထိုနေ့က မြင်ကွင်း အစုံအလင်ကို သေချာပြတ်သားစွာ မှတ်မိနေသေးသည်။

အဖေ့အကြောင်း တွေးတောနေခြင်းဖြင့် အချိန်တော်တော်ကြာနေပြီကို မနက်ခင်း လင်းကြက်တွန်သံကြားမှ သတိထားမိလိုက်သည်။ အချိန်ကြည့်လိုက်တော့ မနက် ၄ နာရီ ထိုးတော့မည်။ သို့သော် ကျွန်မအတွေးမဆုံးသေး။ ဘယ်အချိန်ထိ ဆက်တွေးနေမိဦးမည်ကို လည်း ကိုယ်တိုင်တောင်မသေချာ။ နောက်ဆုံး ကျွန်မသိလိုက်သည်ကား ကျွန်မသည် အဖေ၏ တာဝန်ကျေပွန်မှုတွေ၊ ပေးဆပ်မှုတွေ အားလုံးအတွက် ထိုက်တန်သော ကျေးဇူးဆပ်ခွင့်ကိုမရခဲ့ရုံမျှမက “ကျေးဇူးပါ အဖေ” ဟူသော စကားကိုပင် ပြောခွင့်မရသော သမီးတစ်ယောက် ဖြစ်ခဲ့သည်ကိုပင်။

ထို့အပြင် အဖေ့အပေါ်တွင် မကျေပွန်ခဲ့သည့် အဖေ့ကျေးဇူးတရားတွေကို အမေ့အပေါ်တွင် အတိုးချဆပ်မည်ဟု သံဓိဋ္ဌာန်ချရင်း မနက်မိုးမလင်းမီတစ်ရေးတစ်မော ပြန်အိပ်ဖို့ ဆုံးဖြတ်လိုက်ပြီး အိပ်ရာပြန်ဝင်ခဲ့သည်။
“အဖေ . . . . ”

မယ်ဖြိုး