ကတန်ကျွန်းက ဆွမ်းပျားရည်

0
298

မနက် ၈ နာရီကျော်အချိန်ဘုန်းတော် ကြီးကျောင်းမြေပေါ် ခြေချလိုက်တော့ ပထမဆုံးကြားရသည်က ဗုံသံဆိုင်းသံနဲ့ အမျိုးသမီး တစ်ဦး၏ သီချင်းဆိုသံ။

နေရာက ကျွန်းစုမြို့နယ်၊ ကတန်ကျွန်း ကြီးပေါ်က အိမ်ခြေတစ်ရာကျော်ရှိသည့် ထိန်ချောင်းဆိုတဲ့ ရွာလေးတစ်ရွာ။ အောင်တော်မူ သာသနာ့ရိပ်သာကျောင်း ဟု အမည်ရသည့် ဘုန်းတော်ကြီးကျောင်း က တနင်္သာရီတိုင်း မြိတ်ခရိုင်အတွင်း ရောက်ရှိလာကြသည့် သံဃာတော်များအား ပျားရည်ဆွမ်းလောင်းလှူသည့် တစ်ခုတည်းသောကျောင်းမို့ ဒေသအတွင်း နာမည်ကျော်သည်။

ယခုလည်းနှစ်စဉ် မပျက်ကျရောက် လာသည့် ပျားရည်ဆွမ်းလောင်းပွဲကြီးကို ခြိမ့်ခြိမ့်သဲ ကျင်းပရန် ပြင်ဆင်နေကြ သည်။ ကတန်ကျွန်းကြီးပေါ်မှ ရွာသားများ က ဆိုင်ကယ်၊ ကားတို့နှင့် လာကြသလို အနီးအနား ရွာနီးချုပ်စပ်မှလည်း လှေကြီး လှေငယ်များဖြင့် ဘုန်းတော်ကြီးကျောင်း သို့ ဆိုက်ရောက် လာကြသည်။

သူတို့လက်ဖြင့် ကိုင်စွဲလာသည့် လှူဖွယ်ဝတ္ထုက တစ်ခုတည်းသော ဆွမ်း ပျားရည်။

ပျားရည်ဆွမ်းလောင်းလှူမည့် အလှူရှင်များက တဖွဲဖွဲရောက်လာပြီး သူ့အစုနှင့်သူ ၀ိုင်းဖွဲ့ကာ ပြင်ဆင်နေကြ သလို အဆင်သင့်ဖြစ်ပြီးသူ တချို့ကလည်း ရာဇမတ်ကာထားသည့် ပျားရည်ဆွမ်း လောင်းမည့်နေရာတွင် တန်းစီနေကြ သည်။ တန်းစီနေရာယူထားသူများက တစ်ခြားရွာမှ ရောက်လာမည့် အလှူရှင် တချို့ကို စောင့်ဆိုင်းရင်းပါလာသည့် တဘက်များကို ခေါင်းပေါ်ခြုံပြီး နေအပူဒဏ် ကို အံတုနေကြသည်။ ဆောင်းဘောက်မှ ထွက်လာသည့် အမျိုးသမီးကြီး၏ အသံ ၀ါဝါ သီချင်းနှင့် မကြာမကြာ ပြောနေသည့် ဆော်သြရေးအသံက ကြားရသည့် နားထဲ ၌ စူးစူးဝါးဝါး။

“ရှာထားတဲ့ ချွေးနှဲစာလေးနဲ့ တစ် နှစ်တစ်ကြိမ် မပျက်မကွက်လှူလာတာ ခုဆိုရင် နှစ်ပေါင်း ၃၀ ကျော်ပြီ”ဟု ကတ္တလူ ရွာနေ အသက် ၇၆ နှစ်ရှိ ဒေါ်ယူတင်က ပုလင်းဖြင့် သယ်ဆောင်လာသည့်ပျားရည် ကို ဆွမ်းအုပ်ထဲသို့ လောင်းချရင်း ပြောသည်။

မလှူရသေးသော်လည်း ၀မ်းမြောက် နေသည့်အသံနှင့် ဖြာနေသည့်ပီတိက ဇရာထောက်ပြီး ပါးရေတွန့်နေသည့် မျက်နှာပေါ်၌ ဖုံးကွယ်မရ။

ကဆုန်လပြည့်နေ့တိုင်း ပျားရည် ဖြင့် သံဃာတော်များအား ဒေသခံများမှ လောင်းလှူလာသည်မှာ ယခုအကြိမ်ဆို လျှင် ၆၁ ကြိမ်ရှိနေပြီဖြစ်ကြောင်း ထိန် ချောင်းရွာ၊ အောင်တော်မူသာသနာ့ရိပ်သာကျောင်းဆရာတော် ဦးဣန္ဒောဘာသက မိန့်ကြားသည်။

ကချင်ပြည်နယ်၊ ဇီးပင်ကုန်းရွာ ဇာတိ ဆရာတော်သည်ပင် ယင်းကျောင်း သို့ရောက်ရှိ သီတင်းသုံး နေသည်ကပင် နှစ်ပေါင်းက သုံးဆယ်ကျော်ပြီ။

ဆရာတော်ရောက်ချိန်ရွာ၌ အိမ်ခြေ ၂၅ ဆောင်သာရှိပြီး ပျားရည်ဆွမ်း အကပ်ခံ ရန် ပင့်ဖိတ်သည့် သံဃာကိုလည်း ၂၅ ပါးသာ အကန့်အသတ်ဖြင့် ပင့်ဖိတ်ရ သည်ဟု မိန့်ဆိုသည်။

ဆရာတော်မှ ဦးဆောင်ကာ နှစ်စဉ် မပျက်မကွက်လုပ်သည့်အတွက် တဖြည်း ဖြည်း ရွာနီးချုပ်စပ်များပါ လာရောက် လောင်းလှူကြသဖြင့် နောက်ပိုင်း အလှူခံ ပုဂ္ဂိုလ် အကန့်အသတ် မထားတော့။

“ကြားကြားသမျှ ပျားရည်ဆွမ်း အလှူခံချင်တဲ့ ပုဂ္ဂိုလ်တွေ ကြွကြပါလို့ ကြေညာပြီးနောက်ပိုင်း ခုလိုများလာတာ”ဟု ဆရာတော်က မိန့်သည်။

ပျားရည်သည် အစွမ်းထက်သည့်ဆေး တစ်လက်ဖြစ်သည့်အတွက် တရားအားထုတ် သည့် ရဟန်း၊ သီလရှင်များ အတွက် မှီဝဲရန် အထူးသင့်လျော်ကြောင်း ဆရာတော်က မိန့်ဆိုသည်။

ကတန်ကျွန်းကြီး အနီးတစ်ဝိုက်ရှိ ကြယ်လိပ်၊ ကဘင်းချောင်း၊ ၀ါးချောင်း၊ စလွန်အော်ကြီး၊ စလွန်အော်ငယ်၊ မရမ်း ချောင်း၊ တီးပူချောင်း၊ ကတ္တလူ၊ ကပ၊ စသည့် အနီးအနား ကျေးရွာများမှ ပျားရည်ဆွမ်း လာရောက်လှူဒါန်းသူက အများဆုံးဖြစ် ပြီး အလှူခံသည့် သံဃာများအနေဖြင့် မြိတ်ခရိုင်အတွင်းသာမက ယခုနှစ်တွင် အဝေးဆုံး ဧရာဝတီတိုင်း၊ ဒေးဒရဲနှင့် ရန်ကုန် တိုင်းရှိ တိုက်ကြီးမြို့နယ်၊ ပဲခူးတိုင်း ဒိုက်ဦးမြို့နယ်ရှိ သံဃာတချို့ပင် ပါဝင်လာ သည်ကို တွေ့ရှိရကြောင်း ယင်းကျောင်း ဆရာတော်၏ တပည့်ရင်းဖြစ်သူ ရေခပ် ဆိပ်ရွာမှ ဦးတေဇိန္ဒက မိန့်ကြားသည်။

လက်ရှိ အနယ်နယ် အရပ်ရပ်က လာရောက်သည့် ရဟန်းနှင့်ရှင်သာမဏေ၊ သီလရှင်စုစုပေါင်းက ၂၇၈ ပါးရှိနေပြီး လာရောက် လောင်းလှူသည့် အလှုရှင်များ သည်လည်း ၅၀၀ ခန့်ရှိကာ ယင်းကျောင်း ပရ၀ဏ်အတွင်း စုစုပေါင်း လူတစ်ထောင် ခန့် ရှိနေကြောင်း ဦးတေဇိန္ဒထံမှ သိရသည်။

ပျားရည်ဆွမ်း လောင်းလှူရန် အတွက် ၂ လခန့်မှ စုဆောင်းရပြီး ပျားရည် ငါးဆယ်သားဝင် တစ်ပုလင်းလျှင် ၇ ထောင်မှ ၉ ထောင်အထိပေးပြီးဝယ်ရကြောင်း ထိန်ချောင်းရွာသူ မသူဇာဝန်းက ပြောပြသည်။

လူတစ်ယောက် ၂ ပုလင်းမှ ၇ ပုလင်း အထိယူဆောင်လာသည်ကိုတွေ့ရပြီး တစ်ပါးလျှင် တစ်ဇွန်းနှုန်းဖြင့် သံဃာကုန် အောင် လောင်းလှုလိုလျှင် အနည်းဆုံးပျားရည် ၇ ပုလင်းခန့် လိုအပ်ကြောင်း ၎င်းင်းက ပြောပြသည်။

ပျားရည်များကို တောင်ပေါ်တွင် သဘာဝအတိုင်း သွားရောက်ဖျက်ယူကြသလို ပုံးဖြင့်ထောင်မွေးထားသည့် ပျားများ လည်းရှိကြောင်း ရွာသားများနှင့် အုပ်ချုပ်ရေး မှူးက ပြောပြသည်။

ထင်းရှုးသစ်သားပြားများဖြင့် လေးထောင့်ပုံးရိုက်ပြီး မိမိပိုင်သည့်ဥယျာဉ်နှင့် တောထဲရှိ သစ်ပင်များတွင် လိုက်ချိတ် ကာ ရွာသားများမှ တစ်နိုင်တစ်ပိုင် ပျားပုံး လိုက်ထောင်ကြကြောင်း ကတ္တလူကျေးရွာ အုပ်စု  အုပ်ချုပ်ရေးမှူးဦးကျော်သန့်က ဆိုသည်။

“သီးသန့်မွေးမြူရေးဆိုတာတော့ မရှိဘူး”ဟု ၎င်းက ပြောသည်။

တောထဲသို့ရောက်လျှင် ပျားမှရ သည့် ဖယောင်းများ ပုံးတွင်သုတ်ပြီး မီးဖြင့်မြိုက်ရသည်။ ၎င်းင်းအနံ့ကိုရပြီး ပျားများ လာရောက် စွဲကာအိမ်ဖွဲ့ကြသည်။ အိမ်ဖွဲ့ပြီး ၃ လကြာလျှင် ပျားဖွတ်ရန် အဆင်သင့်ဖြစ်ပြီဟု အုပ်ချုပ်ရေးမှူးက ရှင်းပြသည်။

“၃ လအတွင်း မဖျက်ဘဲထားလို့က တော့ သူတို့အရည်တွေသူတို့ အကုန်စုပ် ပြီး ပြန်ကုန်တယ်”ဟု ၎င်းက ဆိုသည်။

တစ်နိုင်တစ်ပိုင် တောထဲ၌ပျားဖွတ် ခြင်း၊ ပျားပုံးထောင်ခြင်းလုပ်ငန်းကို ကတန်ကျွန်းပေါ်ရှိ ကျေးရွာ ၂၀ ခန့်မှ လုပ်ကိုင်ကြပြီး လူတစ်ဆယ်လျှင် ၅ ဦးခန့်အနည်းနှင့်အများ လုပ်ကိုင်နေကြ ကြောင်း ရွာသားများနှင့် အုပ်ချုပ်ရေးမှူး က ပြောပြသည်။

“ရွာတိုင်းလိုလို ထောင်ကြတာ များ တယ်”ဟု ဦးကျော်သန့်က သူမြင်တွေ့ရ သည်ကို  ပြောပြသည်။

တပေါင်းလပြည့်နေ့တွင် ဖျက်သည့် ပျားများသည် တခြားရက်များထက် ပိုပြီးဆေးဖက်ဝင်သည်ဟု ဒေသခံများက ယုံကြည်ကြပြီး ဈေးလည်းအနည်းငယ် ပိုကြီးကြောင်း ထိန်ချောင်းရွာသူ မသူဇာဝန်း က ဆိုသည်။

ပျားရည်ဆွမ်း မပျက်မကွက်လောင်း လှူလာသည်မှာ ယခုဆိုလျှင် ၇ နှစ်ရှိနေ ပြီဖြစ်ပြီး ယင်းနေ့ရောက်လျှင် အရမ်း ပျော်မိကြောင်း ၎င်းက ရယ်ရင်းပြောသည်။

“ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ ကျွန်မတို့ရွာလေးကို လူသိများ ထင်ရှား စေတဲ့ ပွဲတော်တစ်ခုဖြစ်နေလို့ပေါ့”ဟု သူမက ဖွင့်ဟသည်။

နှစ်စဉ်မြဲမြံစွာ ပြုလုပ်လာသည့် ပျားရည်ဆွမ်းလောင်းခြင်း ဓလေ့သည် မြန်မာတစ်နိုင်ငံလုံးတွင် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ် ထိန်ချောင်းရွာတစ်ရွာ တည်းသာရှိသည်ဟု လေ့လာသိရှိရကြောင်း ထိန်ချောင်းရွာသား ကဗျာဆရာ ဇြွန်အောင် ခေါ် ၈၈ ငြိမ်း/ပွင့်အဖွဲ့မှ ဦးပိုအင်က ဆိုသည်။

ဦးပိုအင်သည် မြန်မာနိုင်ငံအတွင်း ထူးခြားရှားပါးသည့် အလှုဒါနအကြောင်း နှင့်ပတ်သက်ပြီး စာအုပ်ပေါင်းရာချီ ဖတ်ရှုလေ့လာ သုတေသနပြုကာ ၂၀၀၈ ခုနှစ်မေလတွင် မောင်ဇွန်မျိုးချစ် ကလောင် အမည်ဖြင့် “ပျားရည် ဆွမ်းလောင်းလှူပွဲ နှစ် ၅၀ ပြည့်အထိမ်းအမှတ်”စာအုပ်အား ထုတ်ဝေခဲ့သူတစ်ဦးလည်း ဖြစ်သည်။

သို့သော် ယင်းကဲ့သို့ပျားရည်ဆွမ်း လောင်းခြင်းဓလေ့သည် စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့နှင့် ကလေး၊ တမူးကြားရှိ မဟာမြိုင်တောဒေသတွင် တစ်နေရာရှိသည် ကို ကြားဖူးကြောင်း စာပေလေ့လာသည့် မြိတ် ဒေသခံတချို့က ဆိုသည်။

“လုပ်ကြတာတော့ ရှိတယ်၊ ဒါပေမဲ့ဒီလို နှစ်စဉ်မပျက်မကွက်လုပ်တာ ဒီတစ်ရွာ တည်းပဲ ရှိတယ်”ဟု ဦးပိုအင်က ပြောသည်။

နှစ်စဉ်ကျင်းပလာသည့် ၆၁ ကြိမ် မြောက် ပျားရည်ဆွမ်းလောင်းပွဲက အောင်မြင်စွာဖြင့် ပြီးဆုံးလေပြီ။

အလှုရှင်များ စွန့်ပစ်ထားသည့် ပျား ရည်ပုလင်းခွံပေါင်းများစွာအား နေပူ ကျဲကျဲအောက် လိုက်လံ စုဆောင်းပြီး သကာလ တစ်စက်ချင်းစုဆောင်းကာ ပျားရည်တစ်ပုလင်း ရှစ်ထောင်ကျပ်ဖြင့် သတင်းထောက် တစ်ဦးအား  ပြန်လည် ရောင်းချသည့် ရွာခံကလေးနှစ်ဦး ဝေစုခွဲ ကာ ပျော်နေကြသည်။

တခြားကလေးများလည်း ပုလင်းခွံ များဖြင့် မုန့်ဖိုးရရေး  အလုပ်ရှုပ်နေကြ သည်။     ။

ကိုဆန်း