ကိုယ့်အလုပ် ကိုယ့်ဝန်တာ ကိုယ်လုံကြမည်ဆိုပါလျှင်

0
1034

အချို့အရေးအရာ ကိစ္စတွေကို လုပ် ဆောင်ရာမှာ တာဝန်ရှိသူက တာဝန်ရှိ သည့်အတိုင်း စည်း၊ စနစ်၊ ဘောင်အတွင်း လုပ်ကြရမှာ ဖြစ်ပါသည်။ သို့သော်၊ တစ်ခါ တစ်ခေတ်မယ် အဲသည်အတိုင်း လုပ်ခွင့် မရခဲ့ကြ။ အမိန့်ဆိုတာနဲ့ ခွင့်ပြုချက် မပါလျှင် ပြုလုပ်မိသူအဖို့တာဝန်ကြီးခဲ့ကြပါသည်။

သည်ဘက် ခေတ်တွင်ရော အဲသည် အရာတွေကို လုပ်ရဲကြပါပြီလား။ တာဝန် ရှိသူတို့ မိမိတာဝန်နဲ့အလုပ်ကို မိမိရဲ့ တာဝန်ယူမှု တာဝန်ခံမှု ဘောင်အတွင်းမှ ရဲရဲဝံ့ဝံ့ လုပ်ရဲကြ၊ လုပ်နိုင်ကြပါပြီလား။ မေးခွန်း တစ်ခု မေးလိုပါသည်။  

ဆိုပါစို့။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ယောက်က အုတ်အော် သောင်းတင်း လူသိသူသိ၊ အထင်ကရ အမှုကြီးတစ်ခု ဖြစ်ခဲ့တာ သေချာပါလျက်၊ လူသိသူသိ ဖြစ်ပါလျက်၊  “မသိရပါခင်ဗျ၊ ဘယ်သူကမှ ရဲစခန်းမှာ လာရောက် အမှုဖွင့် တိုင်ကြားခြင်း မရှိပါဘူး ခင်ဗျ” ရယ်လို့ ခပ်တည်တည် မီဒီယာကို ဖွင့်ပြောခဲ့ကြသလိုမျိုး။

 ဥပမာ-ပြည်သူ့ဆေးရုံက မီးစက် ကြီး လူခိုးသွားပါလျက် မီဒီယာဘက်မှ ပြည်သူ့ရဲကို မေးသည့်အခါ အမှုလာ မဖွင့်ဆိုသည့်အတွက် မသိရပါ ဆိုသည့် အဖြစ်တွေ။ မျက်စိရော၊ နားပါပိတ်လျက် ခပ်တည်တည် ခေါင်းရှောင်ကြသည့် အဖြစ် မျိုးက တစ်ခေတ်တစ်ခါက အန္တရာယ် ကင်းခဲ့ကြသည်ကိုး။

သည်နေ့ခေတ်ရော၊ သည်လိုပဲလား။ တွေးစရာ။

ဘာအမှုဖြစ်ဖြစ် ရဲအရေးပိုင်သည့်အမှု မျိုးသာဖြစ်ပါလျှင် အရေးအရာယူ ဆောင် ရွက်ကြရမည့် အနေအထားမျိုးမှာ ရဲဝန်ထမ်း တွေ လက်ရှောင်သလိုမျိုး၊ တာဝန်ရှိသူတို့ မိမိတို့ဘာသာ တာဝန်သိသိ လုပ်ကြရ မည့် အရေးအရာမျိုးမှာ တာဝန်ရှိသူတို့ တွေ တာဝန်မသိ မျက်နှာလွှဲနေတာမျိုး၊ သာမန် လူသားတစ်ယောက်ရဲ့ ဆောင် ရွက်သင့်ဆောင်ရွက်ထိုက် လူသားပီသ ထိုက်တဲ့ အဖြစ်တွေမျိုး ကြုံရစေကာမူ အများစုသော ကျွန်တော်တို့တွေမှာ  တာဝန်ကျေကြရကောင်းမှန်း သိ၊ လူသား ပီသကြ ရကောင်းမှန်းသိသည့် စိတ်ဓာတ် တွေ ကျိုးပဲ့နေကြပြီး ၊ ကိုယ်မသိ၊ မမြင်၊ ၀င်မပါ ဆိုသည့် စိတ်ဓာတ်တွေက လူတိုင်း လိုလိုမှာ ဖြစ်လို့နေသည်။

ရေကန်တောင်ရွာက မနေ့တစ်နေ့က ဖြစ်ခဲ့သည့် လူသတ်မှုမှာရော၊ ဘာကြောင့် များ ကျွန်တော်တို့တွေ လူသတ်မှုမြောက် လေသည်အထိ လူ့အဖွဲ့အစည်းက မတား မြစ်နိုင်ခဲ့သနည်း။ သူ အဲသည် လူသတ်မှု မှာ အသုံးပြုမည့် လက်နက်ဖြစ်သည့် ဓားကို သွေးနေတာ တစ်ပတ်ရှိပြီလို့ ဆိုပါ သည်။ အဲသည်လူကို ရန်ငြိုး အတွက် သတ်မယ်လို့လဲ ကြိမ်းဝါးပါသတဲ့။ ဘာ အတွက်များ အဲသည် အသတ်ခံရသူကို ကျွန်တော်တို့ တစ်တွေ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့ ကြရပါသနည်း။ သူက အပြစ် မကျူးလွန် သေးလို့ ဖမ်းမရပါဘူး စသဖြင့် အဖြေစကားတွေ ကျွန်တော်တို့သည် လူ့ဘောင်မှာ လျှံထွက်မတတ် ကြားနေရ၊ မမြင်ချင်တာ မြင်နေကြရ ပါသည်။

တောင်ကြီးမှ လေးလောင်းပြိုင် လူသတ်မှုမှာလည်း အဲသည်လူက သည် မိသားစုအပေါ် ကြံစည်နေပါကြောင်း သိလည်းသိသလို ရဲကိုလည်း တိုင်ကြား ထားခဲ့ပါသတဲ့။ သို့သော် အပြစ်မဲ့ မိသားစု လိုက် ရက်ရက်စက်စက် အသတ်ခံရပါမှ အရေးအရာယူ စုံစမ်းကာ လိုက်ဖမ်းကြရ တာမျိုး။ အဲသည်အဖြစ် သနစ်တွေ များလှတာ မမြင်ချင်အဆုံး။

ဥပမာအဖြစ် ထင်သာမြင်သာ ဖြစ် သည့် လူစိတ်ဝင်စားသည့် လူသတ်မှုကြီး တွေကို ပြပေမဲ့ ပြောစရာ တာဝန်မဲ့မှုတွေ က ဌာနတိုင်း နေရာတိုင်းမှာ များလှသဖြင့် ပြောမဆုံးပေါင် တောသုံးတောင်။

အခမဲ့ ဆေးဝါးပစ္စည်းများ အလျှံအပယ် ရှိပါသည်ဟု ၀န်ကြီးက လူရှေ့သူရှေ့ ပြောထားပါလျက် ဆေးရုံမှာ မပြတ်တမ်း ထားကို ထားကြရမည့် အရေးပေါ် ဆေးဝါး ပစ္စည်း ပစ္စယများကို အပြတ်အလပ်မရှိဖို့ တာဝန်ယူ တာဝန်ခံကာ အဆင့်ဆင့် ဆောင်ရွက်ဖို့ သင့်ပါလျက် မလုပ်ဆောင် ဘဲ ပျက်ကွက်ပါလျက်နှင့် မိမိတာဝန်ယူ တာဝန်ခံမှုကို လျစ်လျူရှုကာ ဆေးပြတ်နေ ပါသည်ဟု ခပ်ချေချေ စာပြားကပ်ထား သလိုမျိုး။ ခပ်တည်တည်ဖြင့် ဆေးမရှိ သဖြင့် ၀ယ်ပါလို့ ပြောသလိုမျိုး။

လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်း တွေ ဖောက်ဖျက်ကျူးလွန်နေကြပါလျက် ယာဉ်တိုက်မှု မဖြစ်သမျှ၊ ဖြစ်လည်း အသေ အပျောက် မရှိသမျှ၊ သေပျာက်လည်း လျော်ကြေးပေး ကျေအေး နှုတ်ပိတ်နိုင်ခြင်း မရှိပါမှ အမှုဖွင့်ကာ  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းကို ထိန်းသိမ်း အရေးယူ သည့်နိုင်ငံမှာ ကျွန်တော်တို့ နေထိုင် ကြရ ပါသည်။ လမ်းတွေပေါ်မယ် လူသတ် သမားတို့ လွှားခနဲ လွှားခနဲ မောင်းချင်သလို မောင်း၊ အရေးအရာယူ ကွပ်ညှပ်ဖို့ရာ ဘယ်သူ့မှာမှ တာဝန်မရှိကြ။

ဘယ်နေရာ၊ ဘယ်ဌာနမှာမဆို ပြောလျှင် ပြောစရာများလှပါသည်။

မူးယစ်ဆေး ပြဿနာလည်း ထိုနည်း တူပင်။ ဖမ်းလိုက်ပြီဆိုတာနှင့် ဟိုး မဖြစ် စလောက်တွေက အဖမ်းခံရတာ များသလို၊ ဖမ်းပြီး အပြစ်ဒဏ်ရကြတာကလည်း မပေး နိုင် မလိုက်နိုင်သူတွေက အပြစ်ကျတာ များပါ၏။

ဆိုပါစို့။ အမုန်းတရားတွေ ပြောဆို ဟောပြောနေသည့် ပုဂ်္ဂိုလ်တစ်ယောက်ကို အရေးအရာယူဖို့အတွက် ဘယ်သူကမှ တာဝန် မယူ၊ တာဝန် မခံကြ။ အဲသည် အထိ တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့သော နိုင်ငံမှာ ကျွန်တော်တို့တွေ စိတ်ဓာတ်နှင့် အကျင့်သီလတွေ ပျက်ချင်တိုင်း ပျက်လို့ နေကြပါ၏။

အလားတူ ခွေး လေခွေးလွင့် ပြဿနာ သည်လည်း ထိုနည်းနှင်နှင်။ ခွေးပြဿနာကို မကိုင်မတွယ်နိုင်၊ မကိုင်မတွယ် တတ်လေ သည့်အခါ ပြဿနာမဟုတ်လည်း ပြဿနာ တက်ကြရပြန်သည်။

ဟိုးဘက်ခေတ်ကတော့ ရဲက ဖမ်းပါ မည့်ပြုလည်း အထက်က ခွင့်မပြုလျှင် ဖမ်းမရ။ အဘယ်ကြောင့် ခွင့်မပြုသနည်း ဆိုပါလျှင် မကင်းရာမကင်းကြောင်းတွေရဲ့ ဖိအား ရှိနေလျှင် သူတို့ကိုပါ တိုင်ပတ်စေ မည်ဖြစ်သဖြင့် မပိုင်လျှင် မလုပ်ကြခြင်း ဖြစ်သည်။

သည်ဘက်တစ်ခေတ်မယ်တော့ ပေါ်ပြူ လာဖြစ်ကာ လူထုအကြား ပွလာလျှင် ပြည်သူ့ ထောက်ခံမှု ကျဆင်းမည် စိုးသဖြင့် လုပ်သင့်တာ မလုပ်ဖြစ်ကြရယ်လို့ဆို ကြပါသည်။ လုပ်သင့်တာ လုပ်နေပါ လည်း လူမှုမီဒီယာမှ ယို့ယို့ ညာသံပေး လျှင် မလုပ်ရဲသည့် သည်ဘက်   တစ်ခေတ်မှာ အပြောင်းအလဲ မမြင်ကြရသေးပါ။

သာလို့ ဆိုးတာက ဗလောင်းဗလဲနိုင် သူတွေ ဆက်လက် အပြောင်းအလဲမရှိ နေရာမြဲနေကြတာကိုက စိတ်ပျက်စရာဖြစ် ပါသည်။ ဆိုပါစို့။ တာဝန်ရှိသူတစ်ယောက် ရဲ့ သိသာမြင်သာသော မှားယွင်းမှု ဖြစ်စေ ကာမူ တာဝန်မခံပါဘဲ တရားခံရှာကာ ခပ်တည်တည် အတည်ပေါက် လိမ်တာ ညာတာမျိုး ကျွန်တော်တို့တွေ သည်နေ့ အထိ တွေ့နေမြင်နေကြရဆဲဖြစ်ပါသည်။ သတိ္တရှိရှိ အမှားကို အမှားလို့ ၀န်ခံတတ် ရုံမက တာဝန်ယူမှု တာဝန်ခံမှုပါ ရှိသည့် တာဝန်ခံတတ်သူများ ဖြစ်လာကြစေချင် တာ အမှန်ပဲဖြစ်ပါသည်။

ဆိုပါစို့။ ဆေးပညာရပ်ဆိုင်ရာ ဘွဲ့လွန် ၀င်ခွင့် စာမေးပွဲမျိုး အောင်စာရင်း မှာ မပါသည့်အတွက် ပွင့်လင်းမြင်သာမှု မရှိပါလို့ ယို့ယို့ အော်ကာ ငြာသံပေးတာနဲ့ အောင်စာရင်း အသစ်ပြန်ထွက်တာမျိုးမှ အစ အလုပ်တာဝန် ခန့်အပ်မိန့်၊ ပြောင်းရွှေ့ မိန့်တွေမှာလည်း အဲသည်အဖြစ်တွေ မကြာမကြာဖြစ်သည်။ တာဝန်ယူ တာဝန် ခံတာမရှိ။ ခပ်တည်တည် လွှမ်းခြုံပယ် ဖျက်ကာ ရှေ့ဆက်ကြပြန်သည်။ မူမရှိ၊ စနစ်မရှိ  လူကြည့်ကာ သွားနေသည့် အနေအထားမှာ စိတ်ပျက်စရာ။

အလားတူ လျှပ်စစ် ကဏ္ဍ၊ YBS ကားတွေ ကဏ္ဍမှာလည်း ထိုနည်းနှင်နှင် ပင်။ ကိုယ့်ဘက်က ၀န်ဆောင်မှုတွေ တက် လာကြဖို့ အလုပ်တွေ လုပ်ပြကြရမည့် အစား မလိုအပ်သော စကားလုံးတွေနှင့် အကြောင်းပြချက်တွေဖြင့် လူမှုကွန်ရက် နှင့် မီဒီယာတွေအကြားမှာ ပြောစရာ ဖြစ်လို့လာသည်။ မီး မှန်မှန်သာ ပေးနိုင် မည်ဆိုပါလျှင်၊ ပြည်သူ့ဝန်ဆောင်မှု အရေး အရာတွေမှာ မိမိဘာသာ စစ်တမ်းလုပ် ပြည်သူ့အသံ တအား ညံမလာခင် မိမိတို့ဘာသာ ပြန်လည် ပြင်ဆင်သည့် အလေ့သာ ရှိလာလျှင် ဘယ် အလုပ် ပိုတွေ လုပ်နေရပါလိမ့်နည်း။

တာဝန်ရှိသူ အဆင့်မြင့် အရာရှိကြီး တစ်ယောက်က ဆိုပါသည်။ “သည်ဘက် ခေတ်မယ်ဗျာ၊ အတန်း ပညာ မတတ်တဲ့ ကောင်တွေက လူမှုမီဒီယာမှာ ဖွတာနဲ့ သည်ဘက်က ကောင်တွေကို ဖြေရှင်းနေရ တဲ့  အလုပ်ပိုတွေ လုပ်နေရတာ စိတ်ပျက် စရာပါဗျာ”ဟူ၏။

သူ့အပြောကို တစ်ယောက်က ယင်း သို့ ဖြည့်စွက်ပါ သည်။

“အတန်းပညာ မတတ်တဲ့ သူက လူမှု မီဒီယာပေါ်တင်ပါမှ ခင်ဗျားတို့တွေက အလုပ်လုပ်ကြတာရယ်။ ဘယ်သူဘာတွေ ပြောပြော ကိုယ့်အလုပ် ကိုယ့်တာဝန်ကို ကိုယ့်လုပ်ပိုင်ခွင့်အတွင်းက စေတနာမှန် မှန်နဲ့သာ အမှန်အကန် လုပ်ထားဗျာ။ ဝေဖန်တာရော၊ တိုက်ခိုက်တာရော အရေးစိုက်ကြဖို့မှမလိုအပ်တော့တာ။ ငါတို့အလုပ် ငါတို့တာဝန် ငါတို့ ကျေပွန် ပါတယ်ဆိုရင် ပြီးတာပါပဲ။ ခက်တာက ကိုယ်တိုင်က အဲသည် အသံပွက်လာမှ အဖြစ် လေးတွေ ထထ လုပ်ကြ။ လုပ်သမျှ က တလွဲ၊ ဖြေရှင်းတာက အမြီးအမှောင့် မတည့် ဆိုတော့ ဟိုးပညာမတတ်တဲ့ သူက လူမှုမီဒီယာက ဖွတာထက် ခင်ဗျား တို့လို တာဝန်ရှိသူတွေက ခပ်တည်တည် မဟုတ်မဟပ်တွေကို အဟုတ် လုပ်ပြ နေကြတာက သာလို့ ရှက်စရာကောင်းနေ တာပါပဲဗျာ”လို့ ပြောတော့ ဆက်မပြော နိုင်တော့ပါ။ 

မနေ့တစ်နေ့က အသစ်စက်စက် ပူပူ နွေးနွေး လျှပ်စစ်ဝန်ကြီးက လူထုနှင့် တွေ့ဆုံရာတွင် ပြည်သူလူထုကို မီးမှန် အောင်ပေးဖို့အတွက် ကျွန်တော်တို့ အစိုးရအဖွဲ့မှာ ပိုက်ဆံ မရှိပါဘူးလို့ ပွင့်ပွင့်လင်းလင်း ၀န်ခံသွားတာကလည်း အဲသည် အရှက်ရစရာ အဖြစ်မျိုးလို့ ဆိုချင် ပါသည်။

မလုပ်တတ် မကိုင်တတ်ရုံမက၊ အဲသလို အတတ်ပညာမရှိတာကို လူရှေ့ သူရှေ့လည်း ထုတ်ပြောဖို့ရှက်ရကောင်း မှန်းမသိလို့ ဆိုချင်ပါသည်။ အရင် မီးလင်းရေးကော်မတီတွေက ဒေါင်ဒေါင် မြည် ယူနစ်ပြည့် လျှပ်စစ်မီး ပေးနိုင်ခဲ့ လေသမျှ ယခု မီးဈေးနှုန်း ကကြီး၊ မီးက မမှန် သည့်အတွက် သည်လျှပ်စစ်မီးလင်း ရေးအတွက်  တာဝန်ယူ တာဝန်ခံထား သည့် ကုမ္ပဏီကို စာချုပ်ပါအတိုင်း ဖိအားပေး အရေးအရာယူဖို့သည်သာ အစိုးရအဖွဲ့၏ တာဝန် ဖြစ်ပါလျက်နှင့် ကုမ်္ပဏီက သဘောတူညီမှုပျက် ကွက်၊ သည်ဘက်ပြည်ထောင်စုဝန်ကြီး ဌာန တွေဘက်မှ လုပ်ဆောင်ချက်တွေ မပီပြင် စသဖြင့် ၎င်းတို့အနေဖြင့် အရေး အရာယူ ထည့်သွင်း စဉ်းစားစရာ မလိုအပ်သော အရာများကို အကြောင်းပြဖို့ မလိုအပ်သလို Bias တွေ ဖြစ်နေစရာ မလိုအပ်ပါလေ။ ရေရှည် သူတို့ကိုသာ မှီခိုစရာမရှိလျှင် အစိုးရ မရပ်တည်နိုင်ဟု ဆိုပါလျှင်၊ တစ်နည်း ကိုယ့်အစိုးရက သည် ခရိုနီ ကုမ္ပဏီတွေလောက် အရည်အသွေး မရှိ ဆိုပါလျှင် အစိုးရအလုပ်ကို သည် အစိုးရကို ခိုင်းတာထက် အစိုးရ အလုပ် ကို သည်ခရိုနီတွေပဲ လုပ်ဖို့ ကျွန်တော်တို့ ပြည်သူတွေက တာဝန်ပေးကြရမလို ဖြစ်လာသည်။

အချို့အရေးအရာ ကိစ္စတွေကို လုပ်ဆောင်ရာမှာ တာဝန်ရှိသူက တာဝန်ရှိတဲ့အတိုင်း စည်း၊ စနစ်ဘောင် အတွင်း လုပ်ကြရမှာ ဖြစ်ပါသည်။ သို့သော်၊ တစ်ခါ တစ်ခေတ်မယ် အဲသည်အတိုင်း လုပ်ခွင့် မရခဲ့ကြ။ သည်ဘက် တစ်ခေတ်မှာလည်း မလုပ်ရဲကြ။ သည်လို တာဝန်ယူမှု တာဝန်ခံမှု ကင်းမဲ့သော အဖြစ်မှ တာဝန်ယူ တာဝန်ခံတတ် လာမည့် တစ်နေ့ ဘယ်အခါမှ ရောက်ကြ မည်၊ သည်အဖြစ်တွေက ဘယ်သော အခါမှ လွန်မြောက်မည် ဆိုသည်ကိုလည်း ဘယ်သူကမှ ဖြေနိုင်ကြဦးမည် မထင်ပါလေ။       

ကိုရိုးဆေး