အိမ်မှာ မလွတ်လပ်တော့သော အခါ-လူငယ်တို့အတွက် ရွေးချယ်စရာ

0
708
ပုံစာ - စက်တင်ဘာလ တတိယ အပတ်အတွင်းက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်စဉ် ဖမ်းမိသော မြန်မာများ

မျှော်လင့်ချက်ဖြင့် ပြန်လာကြသည်။ သို့သော် ထိုမျှော်လင့်ချက်ကို ပြိုပျက်သွားပြီဟု သေချာသွားသောအခါ တကျော့ပြန် ခရီးပြန်ထွက်ရပြန်သည်။

အချို့က စီးပွားရေးကြောင့်၊ အချို့က မတည်ငြိမ်သော ဝန်းကျင်ကြောင့်။

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်မှ အသက် ၂၀ ကျော်အရွယ် ကိုကောင်းဆက် (အမည်လွှဲ) ကတော့ စီးပွားရေးကြောင့် အပြင် မတည်ငြိမ်သော ဝန်းကျင်ကြောင့်လည်း ပါသည်။ စစ်အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ဖူးသော ကိုကောင်းဆက်ကို ထင်သလို ဖမ်းဆီးမှုများမှ ရှောင်ရှားနိုင်ရန် မိဘများက ဖိအားပေးခဲ့သည်။

ထိုကြောင့် ထိုင်းနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရန် အကြောင်းဖန်လာသည်။

“ကျွန်တော့်အိမ်က အန္တရာယ်ကင်းအောင်ဆိုပြီး သွားဖို့ ပြောလွန်းလို့ လာခဲ့ရတာ”ဟု ကိုကောင်းဆက်က ပြောသည်။

စစ်အာဏာမသိမ်းမီက ပိုမိုပွင့်လင်းလာသော အခွင့်အလမ်းများကြောင့် အမျိုးမျိုးသော မျှော်လင့်ချက်များဖြင့် ပြည်တော်ပြန်လာကြသော ရွှေ့ပြောင်း အလုပ်သမားများရှိသည်။ သို့သော် ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်း ကပ်ဘေးတို့၏ နှိပ်စက်ကလူပြုမှုကြောင့် စီးပွားရေးထိုးကျနေသော နိုင်ငံကို တကျော့ပြန် စွန့်ခွာရန် အကြောင်းဖန်လာသည်။ နိုင်ငံရပ်ခြားသို့ လမ်းကြောင်း ပြန်ချရန် ဖြစ်သည်။

ထိုကြောင့် ကိုဗစ်ကပ်ဘေးကို အကြောင်းပြုကာ ပိတ်ထားသော ထိုင်းနယ်စပ်ဂိတ်တွင် မြန်မာအလုပ်သမားများ ဖမ်းဆီးခံရမှု ပိုစိတ်လာသည်။

စက်တင်ဘာလ နောက်ဆုံး အပတ်အတွင်း ထိုင်းမြန်မာနယ်စပ် တစ်လျှောက် ကန်ချဘူရီ၊ စုန်ခလာ၊ မူအန် နှင့် တာ့ခ်တို့တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာ အလုပ်သမား ၁၁၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း Migrant Times ၏ သတင်းဖော်ပြချက်များအရ သိရသည်။

ယင်းတို့တွင် ထားဝယ်ခရိုင်အတွင်းရှိ ထီးခီးနယ်စပ်ဂိတ်နှင့် ကပ်လျက်ရှိသော ကန်ချဘူရီ ခရိုင်တွင် အများအားဖြင့် ဖမ်းဆီးရမိလေ့ရှိသည်။

လက်ရှိတွင် နယ်စပ်ဂိတ်များမှ လူဖြတ်သန်းဝင်ရောက်ခြင်းကို ထိုင်းနိုင်ငံဘက်မှ ကန့်သတ်ထားပြီး ကုန်ပစ္စည်းအချို့သာ ဖြတ်သန်းခွင့်ပြုနေသည်။

ထိုသို့သောအခြေအနေတွင် ထိုင်းနိုင်ငံအတွင်း အလုပ်သွားလုပ်မည့် မြန်မာနိုင်ငံသားများသည် ပွဲစားများနှင့်ချိတ်ဆက်ပြီး နည်းလမ်းပေါင်းစုံဖြင့် ခိုးဝင်နေကြခြင်းဖြစ်သည်။

ခိုးဝင်သည်ဟုဆိုသော်လည်း ပွဲစားကို ပေးရသည့် ငွေကြေးပမာဏမှာ မနည်းလှပေ။

ထိုင်းနိုင်ငံအတွင်း သွားလိုသည့်ပြည်နယ်အပေါ်မူတည်ပြီး မြန်မာငွေသိန်းဆယ်ချီအထိ ပေးကြရခြင်ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ်အနီးရှိ ကန်ချနဘူရီကဲ့သို့ ပြည်နယ်များသို့ သွားမည်ဆိုပါက တစ်ဦးလျှင် ထိုင်းဘတ်ငွေ တစ်သောင်းရှစ်ထောင်ဝန်းကျင်၊ ဘန်ကောက်မြို့အထိ သွားမည်ဆိုပါက ဘတ်နှစ်သောင်းဝန်းကျင်နှင့် ထိုင်း-မလေးရှား နယ်စပ်အထိ သွားမည်ဆိုပါက တစ်ဦးလျှင် ဘတ်ငွေနှစ်သောင်းခွဲဝန်းကျင်အထိ ပေးချေရကြောင်း Dawei Watch က စုံစမ်းသိရသည်။

လက်ရှိ ငွေလဲနှုန်းထားအရ ထိုင်းငွေ ၁ ဘတ်လျှင် မြန်မာငွေ ခြောက်ဆယ်ကျပ်ကျော်အထိ ပေါက်ဈေးရှိနေသည်။ ထိုငွေလဲဈေးနှုန်းအရ ဘန်ကောက်သွားမည်ဆိုပါက တစ်ဦးလျှင် မြန်မာငွေ ၁၂ သိန်းကျော်အထိ ပေးရခြင်းဖြစ်သည်။

အဆိုပါဈေးနှုန်းများမှာ ထီးခီးနယ်စပ်မှတစ်ဆင့် ခိုးဝင်ရာတွင် ပွဲစားအားပေးချေရသည့် ငွေကြေးပမာဏဖြစ်ပြီး မြိတ်ခရိုင်ရှိ မောတောင်နယ်စပ်နှင့် ကော့သောင်းဘက်မှ ခိုးဝင်သည့် လမ်းကြောင်းများလည်း ရှိသည်။

ထီးခီးနယ်စပ်မှတဆင့်ခိုးဝင်ရာတွင် မြန်မာနိုင်ငံဘက်ခြမ်းနယ်စပ်အနီးရှိ ဆင်ဖြူတိုင်ကျေးရွာအထိ Vigo ကားဖြင့် ပို့ဆောင်နေကြသည်ကို တွေ့ရကြောင်း ထီးခီးသို့ ကုန်ပစ္စည်းတင်ပို့နေသည့် ယာဉ်မောင်းတစ်ဦးက ဆိုသည်။

ထိုကျေးရွာမှတစ်ဆင့် ခြေလျင်လျှောက်ကာ နယ်စပ်ကို ဖြတ်သန်းကြခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်ရောက်ချိန်တွင်မူ ကားဖြင့် ဆက်ပို့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

လက်ရှိခိုးဝင်သူများမှာ ထားဝယ်ဒေသခံများထက် မြန်မာနိုင်ငံအထက်ပိုင်းနေသူများက ပိုများနေကြောင်း အထက်ပါ ယာဉ်မောင်းက ပြောသည်။

ထို့အပြင် ခိုးဝင်သူအရေအတွက်မှာ စက်တင်ဘာလအတွင်း ပိုများလာပြီး တစ်ရက်လျှင် Vigo ကား ၆ စီးခန့်အထိ သွားနေသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

Vigo ကားတစ်စီးလျှင် လူအယောက် ၂၀ ဝန်းကျင်အထိ သယ်ဆောင်လာသည်ကို တွေ့ရကြောင်း ယင်းယာဉ်မောင်းက ဆိုသည်။

“တာလပတ်အလုံပိတ်ပြီး သွားနေတဲ့ကားတွေလည်းရှိတယ်၊ သိသာသိစေ မမြင်စေနဲ့ဆိုတဲ့ ကားတွေလည်းရှိတယ်၊ ပေါ်တင်ရပ်ပြီး သွားနေကြတဲ့ ကားတွေလည်းရှိတယ်၊ မနေ့ကဆိုရင် ခြောက်စီးလောက်အထိ တွေ့ရတယ်” ဟု အထက်ပါယာဉ်မောင်းက စက်တင်ဘာလ ၂၃ ရက်တွင် ပြောသည်။

ထို့အပြင် တပ်အာဏာသိမ်းပြီးနောက် နိုင်ငံရေး လူမှုရေး နေ့စဉ်ဘဝလုံခြုံမှုများ လျော့ကျလာသည့်အပြင် နိုင်ငံ့စီးပွားရေး ပြိုလဲမှုအန္တရာယ်ကိုပါ ရင်ဆိုင်နေရကြောင်း ပညာရှင်များက ထောက်ပြပြောဆိုကြသည်။

လက်ရှိတွင်လည်း စီးပွားရေးလုပ်ငန်းများရပ်တန့်ကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများလည်း ပြန်လည်ထွက်ခွာမှုများကြောင့် မြန်မာနိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးမှု ၁၈ ရာခိုင်နှုန်းအထိ ကျသွားနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

ယင်းသို့ စီးပွားရေးပြိုလဲမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ စွန့်ခွာမှုများကြောင့် ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းဆုံးရှုံးပြီး လူပေါင်း ၃ သန်းကျော် စားနပ်ရိက္ခာအခက်အခဲကြုံတွေ့လာနိုင်ကြောင်း ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WEP) က သတိပေးထားသည်။

တပ်အာဏာသိမ်းမှုကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုပြင်းထန်နေချိန်တွင် ကိုဗစ်ကပ်ဘေး တတိယလှိုင်းကလည်း မြန်မာနိုင်ငံအပေါ် တစ်ပူအပေါ်နှစ်ပူဆင့်စေခဲ့သည်ဟု ဆိုနိုင်ပေသည်။

ဇူလိုင် ၊ သြဂုတ်လများတွင် ကိုဗစ်ကပ်ဘေး တတိယလှိုင်းကလည်း ပြင်းပြင်းထန်ထန် ကူးစက်ပျံ့နှံ့လာသည့်အတွက် မြို့နယ်အများစုကို နေအိမ်တွင်သာနေထိုင်ရန် Stay at Home သတ်မှတ်လိုက်ပြန်သည်။

စစ်အာဏာသိမ်းမှု ကို ဆန့်ကျင်ရန် အမျိုးမျိုးသော လှုပ်ရှားဆောင်ရွက်မှုများတွင် ပါဝင်နေသော လူငယ်များ အပါအဝင် မြန်မာနိုင်ငံရှိ လူငယ်များမှာ စစ်အာဏာသိမ်းမှုနှင့် ကိုဗစ် ကပ်ဘေးကြောင့် လူငယ်ဘ၀ အခွင့်အလမ်းများစွာကို ဆုံးရှုံးလိုက်ရသည်။

ဆုံးရှုံးသွားသော အဓိက အခွင့်အလမ်း သုံးရပ်မှာ ပညာသင်ခွင့်ဆုံးရှုံးခြင်း၊ ဘဝကို အုတ်မြစ်ချ တည်ဆောက်ရန် အကောင်းဆုံးအချိန်တွင် လူမှုရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဆုံးရှုံးခြင်း နှင့် ရှင်သန်ရပ်တည်ရေးကိုသာ အဓိက ဦးတည်ထားနေရချိန်တွင် စဉ်းစားဆင်ခြင်နိုင်ရေး အချိန်မရှိတော့သည့် အခွင့်အလမ်း ဆုံးရှုံးမှုတို့ ဖြစ်ကြောင်း မဟာဗျူဟာနှင့် မူဝါဒရေးရာ လေ့လာရေး အင်စတာကျူ (မြန်မာ) ISP-Myanmar မှ ဦးမင်းဇင်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။

ကိုကောင်းဆက်မှာ ထိုသို့သော အခွင့်အလမ်းဆုံးရှုံးနေရသော မြန်မာလူငယ်များ အနက် တစ်ဦး ဖြစ်သည်။ ယင်းမှ ရုန်းထွက်နိုင်ရန် ထိုင်းနိုင်ငံတွင် ရွေ့ပြောင်းလုပ်သားအဖြစ်လုပ်ကိုင်ပြီး ငွေရှာသည့်လမ်းကို ရွေးချယ်လိုက်သည်။ ထိုသို့သော လူငယ်အများအပြား ရှိနိုင်သည်။

ထိုင်းနိုင်ငံတွင် ရွေ့ပြောင်းလုပ်သားအဖြစ် အလုပ်လုပ်မည်ဆိုပါက တစ်လလျှင် အနည်းဆုံး ဘတ်တစ်သောင်းဝန်းကျင် (မြန်မာငွေ ၆ သိန်းကျော်) ရမည်ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အခြေခံလုပ်သားဝင်ငွေနှင့် နှိုင်းယှဉ်ပါက မက်လောက်စရာ ပမာဏဖြစ်နေသည်။

ထိုကြောင့်လည်း လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းမှ သွားသူပိုများလာနေခြင်းဖြစ်သည်။

လက်ရှိတွင်မူ ထီးခီးနယ်စပ်လမ်းကြောင်းမှတစ်ဆင့် ခိုးဝင်သူအရေအတွက်မှာ ယခင်လများထက် အဆပေါင်းများစွာ တိုးလာနေကြောင်း ထီးခီး-ထားဝယ် ကုန်တင်ကားပြေးဆွဲနေသည့် ယာဉ်မောင်းက ဆိုသည်။

“ကားအနောက်မှာ ရပ်ပြီး သင်္ကြန်ကျသလိုပဲ။ ကားတစ်စီးမှာတောင် လူနှစ်ဆယ်လောက်အထိ တင်ကြတယ်” ထားဝယ်တက္ကသိုလ်တွင် သမိုင်းမေဂျာ တတိယနှစ်အထိ တက်ရောက်ခဲ့ဖူးသော ကိုကောင်းဆက်ကတော့ တရားမဝင်လမ်းကြောင်းမှ အသွား အဖမ်းမခံရဘဲ ထိုင်းနိုင်ငံ လန်စွမ်းမြို့သို့ ရောက်ရှိနေပြီဖြစ်သည်။ ဇွန်လလယ်တွင် ပွဲစားနှင့် ချိတ်ဆက်ပြီး ဘတ်ငွေတစ်သောင်းလေးထောင်ပေးကာ သွားခဲ့ရကြောင်း ၎င်းက ဆိုသည်။

လက်ရှိတွင် ထိုင်းနိုင်ငံ လန်စွမ်းမြို့ရှိ ဒူးရင်းခြံတွင်လုပ်ကိုင်နေပြီး အသီးသီးသည့် အခြေအနေအပေါ်မူတည်ကာ ဒူးရင်းသီးရာသီအလိုက် ၆လ တစ်ကြိမ် လုပ်အားခရမည်ဖြစ်သည်။

“အိမ်မှာပဲနေပြီး ကိုယ့်နေရာမှာ လွတ်လွတ်လပ်လပ်နေချင်တာ။ အခုတော့ (ထိုင်းကို) လာလိုက်ရတယ်”

(ပုံစာ – စက်တင်ဘာလ တတိယ အပတ်အတွင်းက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်စဉ် ဖမ်းမိသော မြန်မာများ)

ဟိန်းနောင် |Dawei Watch|