ကော့သောင်း ကမ်းနားလမ်းတွင် ယာဉ်မောင်းမပါ အချိန်ကြာမြင့်စွာ ရပ်နားသည့်ယာဉ်များကို ဖမ်းမည်

0
655

ကော့သောင်းမြို့နယ်၏ လူစည် ကားရာ နေရာတစ်ခုဖြစ်သည့် အဏ္ဏဝါ ရပ်ကွက် မြို့မဈေးအနောက်ဘက် ကမ်းနားလမ်းပေါ်တွင် ယာဉ်မောင်းမပါ ဘဲ အချိန်ကြာမြင့်စွာ ရပ်နားထားသည့် ယာဉ်များကို ဖမ်းဆီး အရေးယူ သွားမည်ဖြစ်ကြောင်း အမှတ် (၇၅) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ရဲမှူးမောင်မျိုး က ပြောကြားသည်။

မောင်းမည့်သူမရှိဘဲ ရပ်ထားသည့် ကား၊ ဆိုင်ကယ်၊ ဘေးတွဲ စသည့် မော်တော်ယာဉ်များကို အရေးယူရန် နှင့် ကမ်းနားလမ်း ယာဉ်ကြောရှင်းလင်းရန်အတွက် ပြီးခဲ့ သည့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်၍ ယာဉ်ထိန်းရဲတစ်ဦး ချထားခဲ့ကြောင်း ရဲမှူးမောင်မျိုးက ပြောသည်။
“လမ်းပြောင်းပြန် ရပ်ထားတာ။ လူသွားလမ်းပေါ် အချိန်အကြာကြီး ရပ်ထားတာတွေကို စည်းကမ်းပျက် ယာဉ်ဖမ်းသလိုဖမ်းပြီး တရားရုံးတင်မှာပါ” ဟု ၎င်းက ဆိုသည်။

ဇန်နဝါရီလ ငါးရက်အထိ လမ်း ပြောင်းပြန်ရပ်သည့် ဆိုင်ကယ် ၁၃ စီးကို ဖမ်းဆီးကာ တရားရုံးတင်ထားပြီးဖြစ် ကြောင်း အမှတ် (၇၅)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုထံမှ သိရ သည်။

အချိန်ကြာကြာရပ်ထားသည့်ယာဉ် တွင်မောင်းသူ ရှိနေပါက အချိန်ကြာကြာမရပ်ရန် ပြောဆိုသတိ ပေးမည်ဖြစ်ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။
ကမ်းနာလမ်းတွင် လူသွားလူလာ ရူပ်ထွေးသည့် အပြင် လမ်းပေါ်တွင် စည်းကမ်းမဲ့ယာဉ်ရပ်နားမူများ ကြောင့် လမ်းပိတ်မှုအများဆုံးကြုံတွေ့ရသည့်အတွက် ယင်းသို့ဖမ်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း အမှတ် (၇၅) ယာဉ်ထိန်း ရဲတပ်ဖွဲ့စုထံမှ သိရသည်။