စားသုံးသူ တိုင်ကြားမှု လက်ခံရေးဌာနတွင် တိုင်ကြားသူ မရှိသေး

0
408

ကုန်စည်နှင့် ဝန်ဆောင်မှုများ ရယူ သုံးစွဲရာတွင် အဆင်မပြေမှုများကို တိုင်ကြားနိုင်သည့် စားသုံးသူ သတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေး စင်တာ(CICC)ကို ပြီးခဲ့သည့် နှစ်ပတ်ခန့်က စတင်ဖွင့် လှစ်ခဲ့သော်လည်း လက်ရှိအချိန်ထိ တိုင်ကြားသူမရှိသေးကြောင်း တနင်္သာရီ တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီး ဌာနထံမှ သိရသည်။

စားသုံးများ၏ မကျေနပ်မှု၊ အဆင် မပြေမှုများကို တိုင်ကြားနိုင်ရန် အဆိုပါ စင်တာကို ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး နစ်နာ သူများအနေဖြင့် တိုင်ကြားစေလိုကြောင်း စားသုံးသူရေးရာ ဦးစီးဌာန တိုင်းဒေသ ကြီး ဦးစီးမှူး ဦးဝင်းထွန်းက ဆိုသည်။

“စားသုံးသူနဲ့ ပတ်သက်တဲ့ ထိခိုက် နစ်နာမှုတွေကို ဘယ်သူမဆို လာတိုင်နိုင် တယ်၊ လာပြီးလည်း စုံစမ်းမေးမြန်း နိုင်ပါတယ်”ဟု ဦးဝင်းထွန်းက ပြော သည်။
CICC တွင် လာရောက်တိုင်ကြား ပါက သတ်မှတ်ပုံစံတွင် အချက် အလက်များ ဖြည့်သွင်းရန် လိုအပ်ပြီး တိုင်ကြားချက်ကို တိုင်းဒေသကြီး စီမံ၊ ဘဏ္ဍာဝန်ကြီး ဦးဆောင်သည့် စားသုံး သူ အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ကို တင်ပြကာ ချက်ချင်း ဖြေရှင်းသွားမည် ဖြစ်ကြောင်း တိုင်းဒေသကြီး စားသုံးသူ ရေးရာ ဦးစီးဌာနထံမှ သိရသည်။

အဆိုပါ CICC စင်တာကို ထားဝယ်မြို့၊ ဈေးတောင်ဘက်လမ်းရှိ စားသုံးသူရေးရာဦးစီးဌာနတွင် သီးခြား ရုံးခန်းဖြင့် ဖွင့်လှစ်ထားသည်။