ပြည်သူ့ စစ်ခေါင်းဆောင် ရွာသား တစ်ဦးကိုပစ်သတ်

0
434

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ငွေ ကျပ် ၁၅၀၀ တောင်းသည့်ကိစ္စနှင့် စကားများကြပြီးကျေးရွာပြည်သူ့ စစ်ခေါင်းဆောင်ကသေနတ်ဖြင့် ပစ်ခတ် ရာ ခလွန်းကျေးရွာမှ အသက် ၂၇ နှစ်ရှိ ဖိုးဇော် ဆိုသူ သေဆုံးသွားကြောင်း သိမ်ဇရပ်နယ်မြေ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၆ ရက်နေ့ ည ၈ နာရီအချိန်ခန့်က ဖိုးဇော်သည် ထိုင်းနိုင်ငံထုတ် ခေါက်ဆွဲခြောက်ထုတ် များကို ဆိုင်ကယ်ဖြင့် တင်ဆောင်ပြီး ခလွန်-စွပ္ပနူး-မုပ္ပလင်ကျေးရွာလမ်းအတိုင်းမောင်းနှင်လာရာ စွပ္ပနူးကျေးရွာ အရောက်တွင် ကျေးရွာ ပြည်သူ့စစ် ခေါင်းဆောင် တင်ထွန်းဆိုသူက ငွေ ၁၅၀၀ တောင်းခံရာဖိုးဇော်မှ ၅၀၀ သာ ပေးနိုင်၍ ပြောဆိုစကားများရာမှ ဖိုးဇော်က ရွာဘက်သို့ ထွက်ခွာသွားခဲ့ သည်ဟု ရဲမှတ်တမ်းအရသိရသည်။

ဖိုးဇော်သည် ပစ္စည်းပို့ပြီးနောက် ၎င်းနေထိုင်ရာရွာသို့ ပြန်လာစဉ် လမ်း တွင် သူငယ်ချင်းဖြစ်သူ သန်းထိုက် ကျော်နှင့် တွေ့ဆုံပြီးပြည်သူ့စစ်ခေါင်း ဆောင်နှင့် စကားများသည့်အကြောင်း ပြန်လည် ပြောပြရာ သူငယ်ချင်းဖြစ်သူ က ပြန်လည် တောင်းပန်ရန်ပြောရာ နှစ် ဦးသား ပြည်သူ့စစ်ခေါင်းဆောင်တည် ရှိရာ နေရာသို့ ပြန်လာခဲ့သည်။

ထိုစဉ် မကျေနပ်သဖြင့် ပြန်လာ သည်ထင်ပြီး ပြည်သူ့စစ်ခေါင်းဆောင် က ၎င်းကိုင်ဆောင်ထားသည့် M-၂၂ မောင်းပြန်ရိုင်ဖယ်သေနတ်ဖြင့် ပစ်ခတ် လိုက်ရာ ဖိုးဇော်တွင် ဇက်ပိုးပေါက်ထွက် ဒဏ်ရာဖြင့် လဲကျသေဆုံးပြီး သန်းထိုက် ကျော်ဆိုသူကိုလည်း ပြည်သူ့စစ်အဖွဲ့ဝင် တစ်ဦးက တူဖြင့်ထုသည့်အတွက် ဦးခေါင်းငယ်ထိပ်ပေါက် ပြဲ၊ ယာဘက် လက်ဖူးယောင် ဒဏ်ရာ ရရှိခဲ့သည်ဟု ရဲမှတ်တမ်းတွင် ရေးသားထားသည်။

“သေသွားတဲ့ သူကဆိုင်ကယ်ကယ် ရီသမား၊ စကားများတဲ့အတွက် ပြန် တောင်းပန်ဖို့ ပြည်သူ့စစ်ခေါင်းဆောင် ဆီကိုအလာ ပြည်သူ့ စစ်ခေါင်းဆောင်က မကျေနပ်လို့ပြန်လာတယ်ထင်ပြီး သေနတ်နဲ့ ပစ်လိုက်တယ်”ဟု သိမ်ဇရပ် နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ် တင်အောင်စိုးကပြောသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး သန်းထိုက် ကျော်မှ တရားလို ပြုလုပ်တိုင်တန်း သဖြင့် သိမ်ဇရပ်နယ်မြေရဲစခန်းက ကျူး လွန်သူတို့ကို ရာဇသတ်ကြီး ပုဒ်မ-၃၀၂/၃၂၅ ဖြင့် အမှုဖွင့်အရေး ယူဆောင်ရွက် ထားသည်။