ဒုတိယအိမ်

0
453

အိမ်ဆိုသည်မှာ ကျွန်တော့်အတွက် တော့ နွေးထွေးလုံခြုံသည့် ရိပ်မြုံလေး တစ်ခု။အိမ်ဆိုသည့် အဆောက်အအုံ၏ ခိုင်ခံ့လုံခြုံမှုထက် မိသားစုဝင်များ၏ ချစ် ခြင်းမေတ္တာ၊ ကူညီဖေးမမှုညီမှဖြစ်သော နွေးထွေးလုံခြုံသည့် ခံစားမှုရရှိသည့် ရပ် ဝန်းလေးကိုသာ အိမ်ဟု ယူဆသည်။

ထိုခံစားမှုမျိုးကိုသာ တန်ဖိုးထား နှစ်သက်မိသည်။ ကျွန်တော် ကြီးပြင်း ခဲ့ရာ အိမ်နှစ်မျိုး ရှိသည်။ပထမအိမ်ကတော့ ကျွန်တော်ချစ်သော မိသားစုဝင်များ နေထိုင်လျက်ရှိသည့် အိမ်။ ဒုတိယအိမ်ကတော့ဖြင့် ကျွန်တော့် ငယ်စဉ်ဘ၀ အချိန်အတော်များများ နေထိုင်ခဲ့သည့် အခြေခံပညာကျောင်းများ ပင် ဖြစ်ပေသည်။
စိန်ပန်းနီနီတွေ ပင်လုံးကျွတ်အစွမ်း ကုန်ဖူးပွင့်နေသည့် မိုးဦးကာလ။ တစ်နွေ လုံးခြောက်သယောင်းနေသည့် အပင်များ ပြန်လည် ရှင်သန် နိုးထလာသည့်အချိန်။ မိုးပေါက်တို့ ကမ္ဘာမြေကြီးပေါ်သို့ အားပါးတရ စတင် သက်ဆင်းကြွေကျ လာသည့် မိုးဦးကာလ။ သည်လို မိုးဦး ကာလမှာ တချိန်က ကျွန်တော်သည် ကျောင်းဝတ်စုံအသစ်၊ ထီး ဖိနပ် လွယ် အိတ်အသစ်များဖြင့် ကျောင်းတက်ဖို့ အဆင်သင့် ဖြစ်နေခဲ့ဖူးပါသည်။ ယခု တော့ ကျွန်တော်မြတ်နိုးသော အဖြူ အစိမ်းနှင့် ဝေးကွာခဲ့ရသည်မှာ ငါးနှစ် နီးနီးပင်ရှိလေပြီ။ တင်စား၍ တမ်းတမ်း တတ ပြောရလျှင် ဒုတိယအိမ်နှင့် ဝေး ကွာခဲ့ရသည်မှာ ဆယ်စုနှစ် တဝက်နီးနီး ရှိပြီပေါ့။

လွန်ခဲ့သော တစ်လခန့်က မြို့ပြနှင့် ဝေးကွာလှသော အိမ်ခြေ အစိတ်ခန့်သာ ရှိသည့် တောလက်ကျေးရွာလေးတစ်ခုသို့ ရောက်ဖြစ်ခဲ့သည်။ အကြောင်းက ထို ရွာ၏ မူလတန်းကျောင်းသို့ သင်ထောက် ကူများ လှူရန် ဖြစ်သည်။ လှူဒါန်းသည့် ပစ္စည်းကလည်း အတော်စုံသည်။ အလံ တိုင်၊ ကျောင်းဆိုင်းဘုတ်၊ ဗီရိုမှသည် ရေအိုးစင်၊ အမှိုက်ပုံး၊ ကျောင်းဝတ်စုံများ အထိ ပါသည်။ အလှူရှင်က ဆရာ ဆရာမများနှင့် ပညာရေး စိတ်ဝင်စား သူများဖြင့် ဖွဲ့စည်းထားသည့် Lighter Foundation ဖြစ်သည်။ ကျွန်တော် လည်း အဖွဲ့ဝင်တယောက်မို့ သည်ခရီး တွင် ပါခဲ့သည်။

သည်ခရီးက ကျွန်တော့်ကို ဒုတိယ အိမ်အား လွမ်းစေသည်။ ကျောင်းကလေး က ငယ်လှသည်။ သို့သော် သစ်သားဖြင့် ခိုင်ခံ့စွာ ဆောက်တည်ထားသည်။ ကျောင်းအရှေ့ဘက်တွင် ဘောလုံးကွင်း အဖြစ် အသုံးပြုသော လွင်ပြင်ကျယ် ညီညီတစ်ခု၊ ကျောင်းအနောက်တွင်မူ သစ်သားဖြင့်ပြီးသော ဆီးဆော၊ လျောစီး ခုံနှင့် အခြားကစားစရာအချို့၊ ကျောင်း ခြေရင်းတွင် တာဝန်ကျ ဆရာအတွက် သက်ကယ်မိုး ဝါးတဲလေး ရှိနေသည်။

ကျွန်တော်တို့ ရောက်သွားချိန်ကား နွေရာသီမို့ မြက်တွေ သိပ်မစိမ်းသော် လည်း အဖြူအစိမ်းနှင့် ကလေးတွေ ကျောင်းမှာ ပြည့်နေသည်။ နွေကျောင်း ပိတ်ရက်ကြီး၌ ကျောင်းတွင် ကျောင်း သားများနှင့်ဆိုတော့ တမျိုးတော့ ဆန်း သည်။ ကလေးတွေပျော်နေကြသည် လေ။ ပျော်ပေမပေါ့။ မြို့က ဆရာမ ငယ်ငယ် ချောချောလေးတွေ၊ ဆရာခန့် ခန့်လေးတွေ သူတို့ဆီလာပြီး စကားပြော ကြ၊ ကျောင်းဝတ်စုံတွေပေး၊ ဓာတ်ပုံ ရိုက်ကြ၊ ကဗျာရွတ်ကြ၊ ပြီးတော့လည်း သူတို့ကျောင်းအတွက် လိုအပ်တဲ့ ပစ္စည်း တွေ လာပေးသည်ကိုး။ အဲဒီမြင်ကွင်း လေးကြည့်ရင်း ကျွန်တော်တောင် ကျောင်းသားငယ်ဘ၀ကိုတွေးမိရင် ကလေးလေး ပြန်ဖြစ်ချင်မိသည်။

ဒီကျောင်းလေးက ကိုယ်ထူကိုယ်ထ ကျောင်းလေး။ ဆရာ၊ဆရာမ ချပေးဖို့ အတွက်တောင် အတော်လေး ကြိုးစား ထားရတာတဲ့။ အင်းလေ… မြို့ပြနဲ့ အတော်လေးလှမ်းတယ်၊ ကိုယ်ထူကိုယ်ထ လည်းဖြစ်ဆိုတော့ အခက်အခဲက အတော် များများ ရှိတာပေါ့။ ဒီတော့ ဖောင်ဒေး ရှင်းက ကျောင်းရဲ့လိုအပ်ချက်ကို တတ် နိုင်သမျှ ဖြည့်ဆည်းလှူဒါန်းတာပါ။ အဲဒီရွာမယ် လမ်း၊ တံတားကောင်းကောင်း မရှိ၊ ဆေးခန်း၊ ဘုရား ကျောင်း၊ လျှပ်စစ်၊ ဖုန်းလိုင်း နတ္ထိပါပဲ။

ဒါပေမယ့် ရွာသား တွေ ကျောင်းကလေးတော့ရအောင် ဆောက်ထားပေးတယ်။ ကျွန်တော်လည်း ကျောင်းဖြစ်လာပုံကို အုပ်ချုပ်ရေးမှူး ဖထီးကြီးကိုမေးတော့ သူက အသေးစိတ် ရှင်းပြသည်။ (အခုတော့ ကျောင်းဆောင် ဆောက်ရန် အစိုးရက လျာထားပြီးပြီလို့ သိရသည်)။ အခက်အခဲ များစွာဖြင့် လုပ်ခဲ့ရသည်ဟု ကောက်ချက်ချနိုင် ပေသည်။

” ဆရာရယ်… ကျွန်တော်တို့လေ ဒီမှာ မီးမရှိ၊ လမ်းကောင်းကောင်းမရှိ၊ ဆေးခန်း ဘာညာမရှိဘဲ နေလို့ရတယ်။ ဒါပေမဲ့ စာသင်ကျောင်းမရှိဘဲနေလို့ မရဘူးလေ။ ဒီအတိုင်း(ကျောင်းမရှိဘဲ)နေသွားရင် ကလေးတွေ ဒုက္ခရောက် ကုန်မယ်၊ ပျက်စီးကုန်မယ်။ အဲဒါကြောင့် ပဲ အပင်ပန်းခံပြီး ဒီလောက်လေးဖြစ်လာ အောင်လုပ်ခဲ့ရတာ..” ဟု ကျွန်တော့်ကို ဖွင့်ဟသည်။

သူပြောတာလည်း မှန်ပါသည်။ ရွာ က တည်ထားတာ မကြာသေး။ သုံးနှစ် သာသာပဲ ရှိသေးသည်။ ဒီနေရာမှာက စိုက်ပျိုးဖို့ မြေနေရာရှိသည်။ သစ်ဝါး ပေါသည်။ ဒါကြောင့်မို့ အခြေချလာကြ သည်။ မိဘတွေက စားဝတ်နေရေးအတွက် တစ်နေကုန် အပြင်ထွက်ပြီး ယာထဲ ခြံထဲ စိုက်ပျိုး၊ သစ်ဝါးခုတ်၊ အမဲလိုက် စားသောက် စရာရှာရတော့ ကလေးတွေကို ခေါ်သွား လို့ အလုပ်မဖြစ်။ ဒီတော့ အိမ်မှာချန်ခဲ့ရသည်။

ခုတော့ ဒီကျောင်းလေးရှိလာတော့ ကလေးတွေကို ကျောင်းပို့ထားရင် စိတ်ချ လက်ချ အလုပ်လုပ်နိုင်သည်။ ကလေး တွေကလည်း အိမ်မှာ ဒီအတိုင်း နေတာ ထက်စာရင် သူငယ်ချင်းတွေနဲ့ ထိတွေ့ ခွင့်ရတဲ့ ကျောင်းလေးမှာ စာသင်ရတာ ပျော်ကြသည်။ သူတို့လေးတွေ အတော် ကံကောင်းသည်ဟု ဆိုရမည်။ ကျောင်း တာဝန်ခံ ဆရာလေးက အတော်လေးကို စိတ်ရှည် လက်ရှည်ဖြင့် အလုပ်လုပ်နိုင် သည်။ ရွာသားများနှင့်လည်း ဆက်ဆံရေး ကောင်းသည်။ ကျောင်းသားများကို လည်း ကျောင်းတွင်ပျော်အောင် စာလုပ် အောင် စည်းရုံးထားနိုင်သည်။

ထိုအကြောင်းများကို မည်သို့ သိသနည်းဟု မေးစရာရှိသည်။ ကလေး အတော်များများနဲ့ စကားပြော၊ မေးမြန်း ပြီး အခြေအနေ အကဲခတ်ရင်း သိခဲ့ရ သည်။ နွေရာသီကျောင်းပိတ်တော့ သူတို့ လေးတွေ ဆရာ့ကို အောက်မေ့ပြီးကျန်ခဲ့ သည်။ကလေးတွေကြားမှာ အဖြူအပြာ မူကြိုဝတ်စုံဖြင့် ကလေးမလေးတယောက် ပါသည်။ သူလည်း ကျောင်းတွင် ကျောင်းပျော်လာတက်သည်ဟု သိရ သည်။ ကျွန်တော်က အိမ်မှာနဲ့ ကျောင်းမှာ ဘယ်ကပျော်သလဲမေးတာ့ ကျောင်းမှာဟု ဖြေသည်။ “ကျောင်းမှာက သူငယ်ချင်း တွေရှိတယ်၊ သီချင်းဆို၊ က၊ ကစားရ တယ် ” တဲ့။ ဆရာရိုက်မှာ မကြောက်ဖူး လားဆိုတော့ ဆရာမှာ တုတ်မရှိဘူးဟု ဖြေသည်။ ဒီလို ကျောင်းပျော်ကြသည့် ကလေးလေးတွေတွေ့တော့ အတန်း စတက်သည့်အချိန် မျက်နှာလေး ညှိုးပြီး ငိုမဲ့မဲ့ဖြစ်နေသည့်ကလေးများ၊ ကျောင်း တက်ရမှာ ကြောက်နေသည့် ကလေးများ၊ စာသင်ခန်းကို ကြောက်ရွံ့နေသည့် ကလေး များ၊ စာသင်ရမှာ ငြီးငွေ့နေသည့် ကလေးများ၊ ကျောင်းပြေးလေးများကို သတိရမိသည်။ ကျောင်းကို၊ စာသင်ခန်း ကို ဘာကြောင့်များ ကြောက်ပါသနည်း၊ ငြီးငွေ့ပျင်းရိ သွားကြပါသနည်း။

ပညာရှင်များက ယင်းကဲ့သို့ ကျောင်းတက်ရမှာ ကြောက်၊ ကျောင်း ပြေးကြသည်မျိုးကို ကျောင်းကြောက် ရောဂါဟု ခေါ်ကြသည်။
အဘယ်ကြောင့် ကျောင်းကြောက် ကြသနည်း။ ထိုကလေးများသည် ကျောင်းနှင့် ပတ်သက်ပြီး စိုးရိမ်စိတ် လွန်ကဲနေသော ကြောင့် ဖြစ်သည်။ စိတ် ပညာရှင်များ၏ အဆိုအရ ကလေးများ ကျောင်းမတက် ချင်ဖြစ်ရခြင်းမှာ မိဘနှင့်မခွဲချင်၊ အိမ် တွင် နေရသည်က ပိုလုံခြုံသည်ဟူသည့် ခံစားချက်ကြောင့်ဟု ဆိုသည်။ ကျောင်း တက်နေစဉ် ကျောင်းသားများ စိုးရိမ် ပူပန်ရသည်ကလည်း ကျောင်းမတက် ချင်တော့တာ၊ ကျောင်းပြေးတာမျိုး၊ ကျောင်းကိုကြောက်သွားတာမျိုး ဖြစ်စေ သည့် အကြောင်းတစ်ခု ဖြစ်သည်။ အတင်းအကြပ် စာသင်နေရတာ၊ ယှဉ်ပြိုင် နေရတာ၊ ခြိမ်းခြောက်မှုအမျိုးမျိုးနှင့် စာလုပ်ရန် ဖိအားပေးခံနေရတာ၊ အပြစ် ပေးခံနေရတာဟာ ကျောင်းသားများ၏ စိုးရိမ်စိတ်ကို ဖြစ်စေသည်။

ကျွန်တော်တို့နိုင်ငံတွင် အခြေခံ ပညာရေး ဆုံးခန်းတိုင်သူ နည်းပါးခြင်း သည် ရုပ်ဝတ္ထုငွေကြေး ဥစ္စာချို့ခြင်း ကြောင့်တင်မက ကျောင်းကြောက် ရောဂါကဲ့သို့ အခြားသော စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုများစွာ ရှိနေတာကြောင့်လည်း ဖြစ်ပါသည်။ ကျောင်းကြောက်ရောဂါကို ကုစားရန် ကျောင်းသည် ကလေးများ အတွက် ဒုတိယအိမ်သဖွယ်ဖြစ်ရန် လိုသည်ဟု ယူဆပါသည်။

ကျောင်းဟာ ကလေးတွေအတွက် အပူအပင် နည်းနည်းဖြင့် နွေးထွေးလုံခြုံ စွာ ပညာသင်ယူနိုင်သည့် ရပ်ဝန်းလေးဖြစ် မည်ဆိုပါက ကလေးအများစု လိုလိုလား လားဖြင့် ပညာသင်ယူပြီး ကြိုးစားကြ လိမ့်မည်ဟု ယူဆမိပါသည်။ ကျောင်း သည် ဒုတိယအိမ်ဖြစ်ရန် ဆရာဆရာမ များက ကျောင်းသားများအတွက် ဒုတိယမိဘ ဖြစ်မှသာရမည် ဖြစ်သည်။

ဝမ်းသာစရာကောင်းသည်က ဆရာ ဆရာမ အများစုဟာ ကလေးတွေအပေါ်မှာ မိဘကဲ့သို့ စိတ်ထားပြီး စည်းကမ်းကျင့် ဝတ်ရိုသေကြသူများ၊ ကလေးတွေအတွက် အမြဲကြိုးစားနေသူများလည်း ဖြစ်ကြ သောကြောင့် ဖြစ်သည်။သို့သော် သူတို့တွင် အပေါ်က ချမှတ် ထားသည့် မူ၊ အမိန့်ဖြင့် အလုပ် လုပ်ရသောကြောင့် သူတို့တွင်လည်း အခက်အခဲ၊ စိုးရိမ်မှုများစွာ ရှိသည်။ ထို မူများ၊ အမိန့်များသည်လည်း ကျောင်းသားတွေအတွက် စိုးရိမ်မှုများ ဖြစ်စေနိုင်သည့်အတွက် ဆရာဆရာမ များအပေါ်တွင် နားလည်ပေးရန်လိုသလို သူတို့နှင့်ပူးပေါင်းပြီး ကလေးများ ကျောင်းမကြောက် ရအောင် လုပ် ဆောင်ရန်လည်း လိုပါ သည်။
ဒီရွာကကျောင်းလေးသည် မပြည့်စုံ သော်ငြား ကလေးတွေအတွက် ဒုတိယ မိဘ၊ ဒုတိယအိမ်ကဲ့သို့ လုံခြုံနွေးထွေးမှု ပေးနိုင်တာကြောင့် ကလေးများ ကျောင်းမှာပျော်ရွှင်စွာ စာသင်နိုင် သည်။

ထိုကျောင်းက ကလေးများကဲ့ သို့ပင် ကျောင်းနေ အရွယ်ကလေးအား လုံးဟာလည်း ကျောင်းအသီးသီးတွင် သူတို့၏ ဒုတိယအိမ်ကဲ့သို့ စိုးရိမ်မှု ကင်းကင်း ပျော်ပျော်ရွှင်ရွှင် ပညာသင်ယူ နိုင်က မည်မျှကောင်းမည်နည်းဟု တွေး ရင်း ဆုလည်း တောင်းနေမိသည်။