စားသောက်ဆိုင်ကလေး ဖွင့်ချင်တယ်

0
724

စားသောက်ဆိုင်လေးတစ်ဆိုင် ဖွင့်ချင်မိတယ်။
ဈေးနှုန်းအသင့်အတင့်နဲ့ လူတိုင်း စားနိုင်မယ့် စားသောက်ဆိုင်လေး။ ရင်းနှီးမှု၊ ဖော်ရွှေပျူငှာမှု၊ အရသာရှိမှု၊ စိတ်ကျေနပ် ပျော်ရွှင်မှုတွေ ထုံမွှမ်းနေမယ့် စားသောက်ဆိုင်လေး။ ထားဝယ်မြို့မှာ။ မြို့ထဲနဲ့လည်း မနီးမဝေးပေါ့။ ကား ဆိုင် ကယ်သွားရ လာရ ရပ်ရပြုရ အဆင်ပြေတဲ့ နေရာလေး။

မနက်ပိုင်းဆို ၆ နာရီလောက်စ ဖွင့်မယ်။ ၉ နာရီမှာ ဆိုင်ပိတ်မယ်။ ထား ဝယ်ရိုးရာ မုန့်ဟင်းခါးကောင်းကောင်း လေးစားလို့ရမယ့် နံနက်စာပါမယ်။ ပဲပြုတ်ဆီဆမ်းနဲ့ ထမင်းကြမ်းလည်း ရမယ်။ အဆင်ပြေရင် ဓနိရည်ချိုချိုနဲ့ ကောက်ညှင်းပေါင်းလဲ ရက်ကလေး ကန့် သတ်ပြီး စားသုံးသူတွေကို မြည်းစမ်းစေ မယ်။နေ့လယ်စာအချိန်ကတော့ နံနက် ၁၁ နာရီကနေ မွန်းလွဲ ၁ နာရီခွဲတဲ့ အထိပေါ့။ နေ့လယ်စာကတော့ ထားဝယ် မြို့ဆိုတော့ ထုံးစံအတိုင်း ပင်လယ်စာတွေ အစုံရစေရမှာပေါ့။ ငါးခေါင်းဆို စပါးလင် ငရုတ်သီးစိမ်းနဲ့။ ရှပ်တွေ ဂုံးကောင် တွေဆိုရင် ငရုတ်ကောင်းကဲကဲလေးနဲ့ ကြော်ပေါ့။

ထူးရှယ်အနေနဲ့ ငါးစင်းကော ပါမယ်။ တို့စရာအစုံပါမယ်။ ငါးစင်း ကောဆိုလို့ ငါးသလောက်စင်း ကောလို့ မထင်နဲ့ဦး။ ငါးဘာအီး (မျက်လုံးပြူးပြူးနဲ့ သုံးလေး လက်မအရွယ် ပင်လယ်ငါး ပါး ပါးလေးတွေ) နဲ့ စီမံမယ့် ငါးစင်းကော။ အသားပြား ဖြူလွှလွှတွေကို ဓားထက် ထက်နဲ့ ပါးပါးစင်း၊ ရှောက်သီးအရည် ညှစ်ပြီး အိုးပူပေါ်မှာ ခဏလေးတင်ထား မယ်။ ပြီးရင် ဂွေး (သဘော့ဆိပ်ဘက်က ရတဲ့ ပုဇွန်ဆိတ်အသေးတစ်မျိုး) နဲ့ လုပ်ထားတဲ့ မျှင်ငပိကို အပြားသေးသေး လေးတွေလုပ် မီးကင်ပြီးထည့်မယ်။ တောင်ယာ ဒါမှမဟုတ် ကိုင်းတွေထဲက ထွက်တဲ့ ငရုတ်သီးစိမ်းကို ပါးပါးလှီး ထည့်။

ညနေပိုင်းကတော့ ထမင်းဆိုင် ပိတ်ပြီဗျ။ ဘားဖွင့်မယ်။ အရက်ဘား။ ဘီယာလည်းရမယ်။ အကင်စုံမယ်။ ထန်း ရည်သောက်ချင်ရင်ရမယ်။ လယ်ကြွက် ကင်နဲ့ ရေချိုငါးကလေး အိုးကင်းချက် ကတော့ ထူးရှယ်ပေါ့။ ညနေစောင်း ၅ နာရီကနေ ည ၉ နာရီအထိဖွင့်မယ်။ စားပွဲထိုးတွေက အချိန်ပိုင်းအလုပ် သမားတွေဖြစ်မယ်။ အလုပ်ဆင်းတဲ့ နာရီကို အခြေခံပြီး လုပ်ခလစာပေးမယ်။ အခြေခံလစာ တစ်နာရီကို ကျပ် ၁၅၀၀ အနည်းဆုံးရမယ်။ ဝန်ထမ်းတွေ အချင်း ချင်း မိသားစုဆက်ဆံရေးရှိမယ်။ ပိုက်ဆံ ရဖို့ အလုပ်လုပ်နေတဲ့အချိန်နဲ့ တစ်ပြိုင် နက်မှာ စားသုံးသူတွေကို စိတ်ကျေနပ်ပျော်ရွှင်မှုပေးနိုင်ရမယ်။ အပြုံးနဲ့ ဝန်ဆောင် မှုပေးမယ်။

စားနေသောက်နေခိုက်” အဆင်ပြေ ရဲ့လားခင်ဗျား” လို့ စားသုံးသူကို ခဏ ခဏ လာမေးမယ့်အစား အဆင်ပြေစေ မယ့် ဝန်ဆောင်မှုမျိုးရစေမယ်။ ဝန်ဆောင် မှုအပေါ် ချီးမြှင့်တဲ့ ငွေကြေးကို ဝန်ထမ်း တွေအတွက် အချိုးကျခွဲဝေပေးမယ်။ ဝန်ဆောင်မှုပေးခြင်းဆိုင်ရာ အခြေခံသင် တန်းတွေ အခမဲ့ ပံ့ပိုးမယ်။ အင်္ဂလိပ်စာ သင်တန်းကတော့ လူတိုင်းမဖြစ်မနေ တက်ရမယ်။ ပိုမိုတတ်ကျွမ်း နားလည် ချင်တဲ့သူတွေကို သက်ဆိုင်ရာ နယ် ပယ်က အဆင့်မြင့်ပညာတွေ သင်ယူနိုင်ဖို့ ပညာသင်စရိတ် ထောက်ပံ့မယ်။

စားသောက်ဆိုင်ကလေးမှာ ကာလ ရာသီဥတု အချိန် နဲ့ ကိုက်ညီတဲ့ တေးဂီ တတွေ ပျံ့လွင့်စေမယ်။ ဝါသနာရှင် လူ ငယ်တွေကို တစ်ပတ်တစ်ကြိမ်ဖိတ် ကြားပြီး ဖျော်ဖြေစေမယ်။ အနုပညာနဲ့ ပတ်သက်တဲ့ စည်းဝေးဆွေးနွေးမှုတွေ အတွက် သီးသန့်နေရာလေး စီစဉ်ပေး ထားမယ်။ လက်ဖက်ရည် စကားဝိုင်း တွေအတွက် အခန်းခမယူဘဲ ဝန်ဆောင် မှုပေးမယ်။

၂။
ပြီးခဲ့တဲ့ တစ်လလုံးလုံး ထားဝယ် မြို့မှာ နိုင်ငံခြားကရော ပြည်တွင်းကလူ တွေပါပါတဲ့ အစည်းအဝေးတွေ၊ ဆွေး နွေးပွဲတွေနဲ့ လေ့လာရေးခရီးစဉ်တွေ အများကြီး စီစဉ်ပေးဖြစ်တယ်။ထုံးစံအတိုင်း ဟိုတယ်တွေ၊ ခရီး သွားကုမ္ပဏီတွေ၊ စားသောက်ဆိုင်တွေ နဲ့အများကြီးချိတ်ဆက် အလုပ်လုပ်ရပေါ့။ ဒီမှာအဆင်မပြေဆုံးက စားသောက် ဆိုင်တွေပဲ။ သိတဲ့အတိုင်း ထားဝယ်မြို့မှာ လူများများတစ်ပြိုင်နက် စားသောက် နိုင်တဲ့ ထမင်းဆိုင် စားသောက်ဆိုင်များ များ စားစားမရှိ။ ဆေးရုံလမ်းက ထမင်း ဆိုင် လေးတစ်ဆိုင်ဆို စားကောင်းတယ်။ ဒါပေမယ့် နေရာကအလွန်ကြပ်။ ကား ဆိုင်ကယ် ရပ်ဖို့နေရာမရှိတော့ နေ့လယ် စာ စားချိန်ဆို အဲဒီဆိုင်ရှေ့က လမ်းမ ကျဉ်းကျဉ်းက ဆိုင်ရှေ့မှာ ရပ်ထားတဲ့ ယာဉ်တွေကြောင့် ပိတ်ပေါ့။ လမ်းသွား လမ်းလာတွေ အန္တရာယ်များသလို ရေ ရှည်မှာ ဆိုင်ရှင်အတွက် လည်းမကောင်း။

တရုတ်ဘုံကျောင်းနားက ထမင်း ဆိုင်ကတော့ စားလို့ အင်မတန်ကောင်း။ ဟင်းတွေ သပ်သပ်ရပ်ရပ်နဲ့ ပင်လယ်စာ ဟင်းတွေလည်းစုံသဗျ။ ထုံးစံအတိုင်း လူ ၅၀ လောက်ဝင်လိုက်ရင် ထိုင်စရာ မရှိတော့။ အပေါ်ထပ်မှာ စားပွဲဝိုင်းနဲ့ စီစဉ်ပေးလေ့ရှိပေမဲ့ ခုလိုရာသီဥတု ပူပူ မှာဆို အလွန်မှ အဆင်မပြေ။ အဲဒီဆိုင် က စားပွဲထိုးတွေကိုတော့ မချီးကျူးဘဲ မနေနိုင်။ လူ ၅ ယောက်လောက်က ပန်း ကန်ဆေးလည်း ဒီလူ။ ပိုက်ဆံရှင်းလည်း ဒီလူ၊ ဟင်းပွဲချလည်းဒီလူ၊ မှာတာပြုတာ တွေလည်း ဒီလူတွေပဲ။ အင်မတန်မှကို အလုပ်လုပ်နိုင်ကြသူတွေပါ။ သူတို့ ခုလို လုပ်နိုင်ပေမယ့် နေ့လယ်စာ စားချိန်ဆို အတော်လေးကို အဆင်မပြေနေ။ တခါ တလေ ခုလိုခရီးသွားရာသီတွေမှာ ကြိတ် ကြိတ်တိုးပြီး ဗိုက်ဆာနေတဲ့ စားသုံးသူ အချင်းချင်းတောင် နေရာရဖို့အတွက် ဟင်းပွဲတွေ ရဖို့အတွက်ကို အလုအယက်။
မြို့ပေါ်က နာမည်ကြီးဟိုတယ် တစ်ခုမှာ လူအယောက်တစ်ရာစာလောက် နေ့လယ်စာမှာ ကျွေးဖူးတယ်။ သောက် ရေဖိုးမပါဘဲ တစ်ယောက်စာကို ခြောက် ထောင်ပေးရတဲ့ ဘူဖေး နေ့လယ်စာက စားမယ့်လူဦးရေ တစ်ဝက်ကျော်တာနဲ့ အစားအသောက်တွေ ကုန်သွားရော။ မေးကြည့်တော့ စားစရာတွေ ချက်နေ တုန်းမို့တဲ့။ မွန်းတည့် ၁၂ နာရီမှာ စားဖို့ မှာထားတဲ့နေ့လယ်စာကို အေးမှာစိုးလို့ ဆိုပြီး စားခါနီးမှ ထချက်တယ်တဲ့။

ဒီတော့ စားစရာတွေက မလောက် မင။ စားမယ့်သူတွေက တစ်မနက်ခင်းလုံး အစည်းအဝေးတက်ထားပြီး ဗိုက်ဆာဆာ နဲ့ ရပ်စောင့်။ အတော်လေးကို အဆင် မပြေ။ ပူပူနွေးနွေးစားစေချင်တဲ့ စေတနာ ကိုလေးစားရပေမဲ့ ယူထားတဲ့ ပိုက်ဆံ နဲ့တန်တဲ့ ဝန်ဆောင်မှုပေးဖို့ ပျက်ကွက် တယ်လို့ပဲ ခံစားရတယ်။
အဆိုးဆုံးကတော့ ဆက်ဆံရေး အဆင်မပြေတာပဲ။

မောင်းမကန်ကမ်းခြေမှာ အဆိုး ရွားဆုံးကြုံရတာက ဘီယာသောက်လို့ရတဲ့ဆိုင်များများစားစားမရှိတာပဲ။သောက်လို့ မရဆိုတာ တရားဝင်ကို ပြောတာ။ ခိုးသောက်ရင်တော့ ဆိုင်တိုင်း နီးပါးသောက်လို့ ရပါတယ်။ ဒီမှာခိုး သောက်တယ်ဆိုတာဆိုင်ထဲမှာ ပေါ်တင် သောက်တာကိုပြောတာ။ အရက်ဘီယာ ရောင်းခွင့်ရထားတဲ့ဆိုင် အနည်းငယ်ပဲ ရှိတော့ ဆိုင်အတော်များများက ပေါ်တင် ခိုးရောင်းကြတာပါပဲ။ အဲဒီတော့ စား သုံးသူတွေလည်း နေရင်းထိုင်ရင်းပြီးတဲ့ ခဲ့ အပတ်က တနင်္သာရီအပတ်စဉ်မှာ ဖော်ပြခဲ့သလို ကျွန်တော်တို့အားလုံး သူခိုးများဖြစ်သွားသည်ပေါ့။
ကမ်းခြေက နာမည်ကြီး ထိုင်နေကျ ဆိုင်မှာ တစ်နေ့ကြုံရတာလေးက ထူးခြား သေးတယ်။

အဲဒီနေ့က သူငယ်ချင်း ၄ ယောက် ဘီယာထိုင်သောက်နေတာ။ ဌာနဆိုင်ရာ တစ်ခုခုကလို့ယူဆရတဲ့ အင်္ကျီအဖြူဝတ် လူ ၃ ယောက်ဆိုင်ထဲဝင်လာတယ်။ သူတို့ကားပေါ်က ဆင်းလာတာနဲ့ ဆိုင် ရှင်က ကျွန်တော်တို့ နားကပ်ပြီးတိုးတိုး လေးပြောတယ်။ “ဘီယာဘယ်ကရလဲလို့ မေးရင် အပြင်ကဝယ်လာတယ်လို့ ပြော ပေးပါနော်” တဲ့။ခက်ပြီလေ။

နဂိုကတည်းက ခွင့်ပြုချက်မရဘဲ ရောင်းနေတဲ့ဆိုင်မှာ ခိုးပြီးပေါ်တင် သောက်နေလို့ ငါးပါးသီးလမှာ အော်တို မက်တစ် နှစ်ပါး ကျိုးနေရတဲ့အထဲ သူတို့ လာမေးလို့ ဆိုင်ရှင် မေတ္တာရပ်ခံထား သလိုသာ ဖြေရရင် နောက်တပါး ထပ် ကျိုးရဦးမယ်။ လွယ်တော့ မလွယ်ဘူးဗျ။ ဒီလိုနဲ့ ဟိုလူသုံးယောက် ဆိုင်ထဲဝင်လာ ပြီး ခပ်တည်တည်နဲ့ ဆိုင်ရှင်ကိုခေါ်ပြီး မေးတယ်။ “အရက်ရလား” တဲ့။ ဆိုင်ရှင် က မှင်သေသေနဲ့ပြန်ဖြေတယ်။ ” ဒီဆိုင် မှာ အရက်ဘီယာမရောင်းပါဘူးရှင်” တဲ့။ အေးကရောပဲ။ အဲဒါနဲ့ ဟိုဘဲ သုံးဘွေ လည်း ဘီယာပုလင်းတွေ စားပွဲပေါ်ထောင် ထားတဲ့ ကိုယ်တွေဝိုင်းကို ခပ်တည်တည် ရှိုးပြီး လစ်သွားလေရဲ့။

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးအောင် လုပ်မယ်ဆိုပြီး အပေါ်မှာပြောခဲ့သလိုမျိုး အရက်ဘီယာတွေကို ပေါ်တင် ခိုးရောင်း နိုင်အောင်စီမံထားတဲ့ အစိုးရရဲ့မူဝါဒကိုတော့ နားလည်အောင်အတော်ကြိုးစားရ ဦးမယ်။ဘယ့်နှယ်မောင်းမကန်ကိုလာပြီး တရားပဲထိုင်ရမလိုလို၊ လေညှင်းခံပြီး ဆဲလ်ဖီ ပဲဆွဲပြီး ပြန်ရတော့ မလိုလိုဖြစ်နေပြီ။

၃။
စားသောက်ဆိုင်လေးတစ်ဆိုင် ဖွင့်ချင်မိတယ်။ဈေးနှုန်းအသင့်အတင့်နဲ့ လူတိုင်းစားနိုင်မယ့် စားသောက်ဆိုင်လေး။ ရင်းနှီးမှု၊ ဖော်ရွှေပျူငှာမှု၊ အရသာရှိမှု၊ စိတ်ကျေနပ်ပျော်ရွှင်မှုတွေ ထုံမွှမ်းနေမယ့် စားသောက် ဆိုင်လေး။

ညနေပိုင်းတွေမှာ အရက်ဘားလေးပါမှာဆိုတော့ အရက်လိုင်စင်တော့လို သဗျ။ ကြားရသလောက် အသစ်လည်း မထုတ်ပေးတဲ့။ ထုတ်ပေးပြီးသားအဖြူ လိုင်စင်ကလည်း ဈေးကွက်မှာ သိန်းချီ ပေါက်နေတယ်ကြားတယ်။ ဘာပဲဖြစ်ဖြစ် လမ်းကြောင်းအတိုင်းလုပ်တာပဲ ကောင်းပါတယ်လေ။
စာရွက်စာတမ်းတွေစုံရင်တော့ ရတန်ကောင်းပါရဲ့။