အမေရိကန် သွားတောလား

0
970

အမေရိကားရောက်နေတာ နှစ်ပတ် ကျော်ပေပြီ။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ စီစဉ်မှုဖြင့် အာရှတစ်ခွင်မှ လူငယ်ခေါင်းဆောင်များ စွမ်းရည် မြင့်မားရေး အစီအစဉ်တွင် မြန်မာပြည် ကိုယ်စား ကျောင်းသား ၃ ဦးအနက် တစ်ဦးအဖြစ် ရွေးချယ်ခံရခြင်း ဖြစ် သည်။


အမေရိကအကြောင်း မပြောခင် ” တောလား ” ဟူသည့် ဝေါဟာရကို ဦးစွာ ရှင်းလိုသည်။ ” တောလား ” ဟု ဆိုလိုက် သည်နှင့် ငယ်ငယ်ကသင်ခဲ့ရသော ရှင်မဟာရဋ္ဌသာရ၏ ” ရွှေစက်တော်သွား တောလား ” ကို သတိရမိသည်။ပြောလိုသည်က ” တောလား ” ဟူ သည့်အသုံး ဖြစ်သည်။ ” တော ” ဟူသည် နှင့် ကျွန်တော်တို့ ပြေးမြင်သည်မှာ လူသူ မနီးသည့် နေရာ၊ သစ်ပင်များ၊ တောင် တန်းများ ဖြစ်သည်။

 

ထို့နောက် ဆက်မြင် သည်မှာ မြို့ပြနှင့် ဝေးကွာသည့် နေရာ တစ်နည်းဆိုရသော် ” ကျေးလက်ဒေသ” ဖြစ်သည်။
ကျွန်တော်တို့ ထားဝယ်တွင် ” တော သား” ဟူသည့် အသုံးရှိသည်ကို လူတိုင်း သိပေမည်။ သူငယ်ချင်းများ အချင်း ချင်းတွင် မြို့သားများက ကျွန်တော် တို့ကဲ့သို့ ကျေးရွာများမှလာသော သူများ ကို ” တောသား” ဟု စနောက်လေ့ရှိကြ သည်မှာ မဆန်း။ အပျော်သဘောပင် ဖြစ်ပေသည်။ သို့သော် အချို့ကား ” တော ”  မှ တက်လာသည်ဆိုပြီး အထင် သေးကြသည်လည်း ရှိသေး၏။ ဤကား တောနှင့်ပတ်သက်သည့် အသုံးများသည့် အကြောင်းတည်း။

 
တစ်ဖန် ” လား” ဟူသည့် အသုံးကို ဆက်သွားလိုသည်။ ငယ်ငယ်က ရခိုင်ရိုး ရာ တေးတစ်ပုဒ်တွင် ” လား” ကို ” သွား သည်” ဟု အနက်ဖွင့်သည်ကို လေ့လာ ခဲ့ရသည်။ ၂၀၁၀ ခုနှစ်တုန်းက ရခိုင် ပြည်တွင် ၁ လနီးပါးခန့် နေခဲ့စဉ်က လည်း ”  လား ”  ဟူသည့်အသုံးကို ”  သွား သည် ” ဟု ရခိုင်သူရခိုင်သားများ အများ အပြား သုံးကြသည်ကို မှတ်မိပေသေး သည်။ ” လား ” နှင့် ပတ်သက်ပြီး သိသည့် အခြားအသုံးတစ်ခုမှာ တိရိစ္ဆာန် ” လား ” ဖြစ်သည်။ အေး၍ မြင့်မားသည့် တိဘက် နှင့် နီပေါတို့ကဲ့သို့သော တိုင်းပြည်များ တွင် ဝန်တင်ရန်အတွက် အသုံးပြုကြ သည် ဆိုသည်။ဇာတ်ပေါင်းရသော် ” တောလား” သည် တောတောင်ထဲသို့ သွားသည် သို့မဟုတ် ကျေးလက်ဒေသသို့ သွား သည်ဟု ဆိုရပေချိမ့်မည်။

 

ဤနေရာတွင် ပြောလိုရင်းက ” အမေရိကန် သွားတောလား” ဖြစ်သည်။ ကျွန်တော်သည် ယခင်က အမေရိကန်ဟု ဆိုလိုက်သည်နှင့် နယူးယောက် သို့ မဟုတ် ဝါရှင်တန်ဒီစီတို့သာ ပြေးမြင် သည်။ လူများ၊ ကားများ၊ မိုးမျှော် တိုက်များ စသည် မြင်ယောင်သည်။ ရေခဲတောင်များ၊ တစ်မျိုးတည်းသော မြက်ခြောက်များဖြင့် ပြည့်နေတတ်သည့် လွင်တီးခေါင်များ၊ နွားများ၊ ရွက်ကြွေ တောများ၊ လူသူကင်း မဲ့နေသည့် လမ်းမ များကို ဘယ်တုန်းကမျှ စိတ်မကူးခဲ့ဖူးပေ။

 
ဆိုရသော် အမေရိကန် ” တောမြို့” သို့ ရောက်နေသည်။ နိုဝင်ဘာလကုန် ပိုင်းတွင်မှ ဝါရှင်တန်ဒီစီသို့ ခရီးဆက်ရ ပေမည်။ ထို့ကြောင့် အမေရိကန်သွား တောလားဟု ဆိုရခြင်းတည်း။ မစ်ဇူလာသည် မွန်တားနားပြည် နယ်၏ မြို့တော်။ ကျွန်တော်တို့ စတည်း ချရာမြို့။ ရန်ကုန်မှ ထိုင်းနိုင်ငံဘန် ကောက်၊ ဘန်ကောက်မှ ဂျပန်နိုင်ငံ တိုကျိုမြို့၊ ထိုမှတစ်ဖန် အမေရိကန် ပြည် ထောင်စု၏ မစ်နီပုလစ်မြို့၊ ထို့နောက် တွင်မှ ယခုရောက်ရှိ နေသည့် မစ်ဇူလာ မြို့သို့ လေထဲတွင် တစ်ရက်ကျော်ကြာပြီးမှ ရောက်ရှိလာခြင်း ဖြစ်သည်။ ၂၀၁၅ ခုနှစ် နယူးဇီလန်နိုင်ငံသို့ သွားစဉ်က လေယာဉ် နှစ်ဆင့်သာ ပြောင်းစီးခဲ့ရသည်။ ယခု ကား ၄ဆင့် ပြောင်းစီးရ၏။

 
ငယ်ငယ်က အိမ်ရှေ့ချောင်းထဲ ရေကူးစဉ် မိုးတိမ်များ ကြားမှဖြတ်ပျံ သွားတတ်သည့် လေယာဉ် ပျံများကို မြင်ရသည့်အခါ၊ တိမ်ကင်းစင်သည့် ညများတွင် မီးရောင်မှိတ်တုတ် မှိတ် တုတ်ဖြင့် ကြယ်များကြားမှ ဖြတ်ပျံ သွားတတ်သည့် ဂျက်လေယာဉ်များကို မြင်ရသည့်အခါများက လေယာဉ်ပျံ အလွန်စီးချင်ခဲ့ဖူးသည်။ ခုတော့ မွေးရာ မြေနှင့်ဝေးရာ ကမ္ဘာမြေ၏ အခြားဘက် ခြမ်းသို့ နာရီပေါင်းများစွာ ဖြတ်ပျံပြီး ခေါ်ဆောင်သွားတတ်သည့် ဂျက်လေ ယာဉ်များစီးရခြင်းကို သိပ်မနှစ်မြို့လှ တော့။

 
ပြန်ကောက်ရသော် မစ်ဇူလာသို့ ရောက်နေသည်မှာ နှစ်ပတ်ကျော် သုံး ပတ်ထဲရောက်နေပြီ။ စိတ်ကူးထဲမှ အမေ ရိကား မဟုတ်။ နိုင်ငံ၏ ပြည်နယ် ၅၀ အနက်မှ စတုတ္ထအကြီးဆုံးပြည်နယ်ဖြစ် သော်လည်း လူဦးရေ သိပ်သည်းဆ အလွန်နည်းပါးသည့် ပြည်နယ်ဖြစ်သည်။
၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းအရ တစ်ပြည်နယ်လုံးတွင် လူဦးရေ ၁ သန်း ကျော်သာ ရှိသည်။

 

နွားနွေးမြူရေး လုပ် ငန်းမှာ ပြည်နယ်၏ အဓိက စီးပွားရေး လုပ်ငန်းဖြစ်ပြီး အမေရိကန်နိုင်ငံ၏ အကြီးမားဆုံး အသားထုတ်လုပ်သည့် လုပ်ငန်းများ တည်ရှိသည်။ ရာသီသီးနှံ စိုက်ပျိုးရေးလုပ်ငန်းများလည်း အတော် ထွန်းကားလေသည်။မွန်တားနားသည် သတ္တုတွင်း လုပ် ငန်းများတွင်လည်း နာမည်ကျော်ကြားပေ သေး၏။ ကျောက်မီးသွေးနှင့် ရေနံထုတ် လုပ်ရေး ကဲ့သို့သော တွင်းထွက် ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ ပြည်နယ် အနှံ့ ရှိသည်။ ကျောက်မီးသွေးများ တင် ဆောင်ပြီး ပြည်နယ်ဖြတ်ကျော် ခုတ် မောင်းနေသည့် မီးရထားတွဲများကို တမျှော်တခေါ်ကြီး တွေ့ရတတ်သည်။ ရေနံထုတ်လုပ်သည့် လုပ်ငန်းမှာကား မြန်မာနိုင်ငံမှာကဲ့သို့ပင် ပြဿနာ များစွာ ရှိနေသည်။
လတ်တလောတွင် ဒါကိုတာ တောင်နှင့်မြောက်၊ အိုင်အိုဝါနှင့် အီလီ နွိုက်ပြည်နယ် ၄ ခုနှင့် အုပ်ချုပ်ရေးဒေသ ၅၀ ကျော်ကို ဖြတ်သွားမည့် ဒါကိုတာ-မြောက်ရေနံပိုက်လိုင်းကို ဒေသခံ မူလ အမေရိကန် အင်ဒီးယန်းလူမျိုးထောင် ပေါင်းများစွာတို့ ကန့်ကွက် ဆန္ဒပြနေကြ သည်။ ပြည်နယ်အစိုးရနှင့် ဖက်ဒရယ် (ပြည်ထောင်စု) အစိုးရတို့ လုပ်ကိုင်ခွင့်ပြု ထားပြီးဖြစ်သည့် ဒေါ်လာ ၃.၇ ဘီလျှံ တန်ဖိုးရှိ အဆိုပါ ရေနံပိုက်လိုင်း စီမံ ကိန်းသည် ဌာနေတိုင်းရင်းသားတို့၏ လူမှုဘ၀နှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများ ရှိနေခြင်း၊ ရိုးရာယဉ်ကျေးမှု နယ်မြေများကို ဖြတ်သန်းသွားရန်ရှိနေ ခြင်း တို့ကြောင့် အမေရိကန်ပြည်ထောင်စု တလွှားရှိ မူလအမေရိကန် အင်ဒီးယန်း လူမျိုးထောင်ပေါင်းများစွာ အဆိုပါ ဒေသသို့ လာရောက်စုဝေးပြီး သမိုင်း တစ်လျှောက် ကြီးမားလှသည့် ဆန္ဒပြပွဲ ကြီး ပြုလုပ်လျက်ရှိသည်။ အိမ်ဖြူတော် အစိုးရကမူ ပိုက်လိုင်းလမ်းကြောင်းအသစ် ရှာဖွေရန် အမေရိကန် စစ်တပ်ကို ညွှန်ကြားထားသည် ဆိုသည်။
ဤဥပမာသည် ဖက်ဒရယ်ပြည် ထောင်စုကို ထူထောင်လိုသည့် ကျွန် တော်တို့ မြန်မာနိုင်ငံအဖို့ ပြည်ထောင်စု အစိုးရနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ အစိုးရတို့ အကြား အာဏာ ခွဲဝေမှု၊ အရင်းအမြစ်ခွဲဝေမှုနှင့်ပတ်သက် ပြီး သင်ခန်းစာ ယူစရာများစွာ ရှိပေ သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာန၏ အစီအစဉ်အရ ကျွန်တော်တို့ ကျောင်းသားများ မိမိတို့ စိတ်ဝင်စားရာ နယ်ပယ်အလိုက် လေ့လာ သင်ယူရသည်။

 

” ဒီမိုကရေစီနှင့် အရပ်ဘက် လူမှုအဖွဲ့ အစည်းများ” ကို လေ့လာလိုသဖြင့် မစ်ဇူ လာတဝိုက်ရှိ လူမှုရေး အသင်းအဖွဲ့များသို့ တပတ်လျှင် ၃ ရက်သွားရောက် လေ့လာ ရသည်။ ကျန် ၂ရက် ကား မွန်တားနား ပြည်နယ်တက္ကသိုလ်တွင် လူမှုရေးသိပ္ပံ ဆိုင်ရာ ဘာသာရပ်များ သင်ကြားရသည်။ လူဦးရေ ခြောက်သောင်း ခြောက် ထောင်ကျော်သာရှိသည့် မစ်ဇူလာမြို့တွင် မှတ်ပုံတင်ထားသည့် လူမှုရေးအသင်း အဖွဲ့ပေါင်း ၁၂၀၀ ကျော်ရှိသည်။ အများ စုမှာ ဘာသာရေး၊ အစားအစာဖြန့်ဝေ ခြင်း၊ လူငယ်ဖွံ့ဖြိုးရေးနှင့် သဘာဝ ပတ် ဝန်းကျင် ထိန်းသိမ်းရေးစသည့် လုပ်ငန်း များ လုပ်ဆောင်သည်။ လူဖြူအများစု နေထိုင်သည့် မစ်ဇူလာတွင် မတူကွဲပြားမှု ကို လက်ခံရန် လှုံ့ဆော်သည့်အသင်း အဖွဲ့များလည်း ခေတ်စားလှသည်။

 
ထူးခြားသည်မှာ အသင်းအဖွဲ့ အား လုံးနီးပါး အသုံးပြုသည့် ရန်ပုံငွေစုစု ပေါင်း၏ ထက်ဝက်ကို ပြည်ထောင်စု အစိုးရမှ ကျခံခြင်း ဖြစ်သည်။ ကျန် တစ်ဝက်ကိုဖောင်ဒေးရှင်းများနှင့် တစ်သီး ပုဂ္ဂလ အလှူရှင်များထံမှ ရရှိသည် ဆိုသည်။ မြန်မာနိုင်ငံနည်းတူ အသင်း အဖွဲ့တိုင်း ရုန်းကန်နေရသည်မှာ ရန်ပုံငွေ ရရှိရေး ဖြစ်သည်။ နိုင်ငံရေးနှင့် ပတ် သက်ပြီး လှုပ်ရှားသည့် အဖွဲ့ အစည်းများ ခေတ်မစားလှပေ။ လူငယ် မဲဆန္ဒရှင် ပညာပေးလုပ်ငန်း လုပ်ဆောင်သည့်အဖွဲ့ တစ်ခုနှင့်သာ ရှားရှား ပါးပါးတွေ့ဆုံ ခွင့်ရသည်။ မစ်ဇူလာသည် အမေရိကန် ပြည်နယ် ၅၀ အနက် ရွေးကောက်ပွဲတွင် မဲပေးသူဦးရေ အများဆုံး ပြည်နယ်များ အနက်တစ်ခု ဖြစ်သည်။ သို့သော် ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေး ပိုင် ခွင့်ရှိသူ စုစုပေါင်း၏ ၅၅ ရာခိုင် နှုန်းကျော်သာ မဲပေးခဲ့သည်ကို တွေ့ရ သည်။ အသက် ၁၈ နှစ်မှ ၂၉ နှစ် အတွင်းရှိ မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်း အောက်သာ ရွေးကောက် ပွဲတွင် မဲပေးလေ့ရှိကြောင်း စစ်တမ်းများ က ဆိုသည်။

 
မွန်တားနားပြည်နယ်တွင် လူ ၇ ဦးလျှင် ၁ ဦး အစာငတ်နေနိုင်သည် ဆို သည်။ ကလေးပေါင်း လေးသောင်းရှစ် ထောင်ကျော် အစားအစာ ဖူလုံမှု မရှိသော အိမ်များတွင် နေထိုင်နေရသည်ဟု စစ်တမ်းများက ထောက်ပြထားသည်။ မစ်ဇူလာရှိ အစားအသောက် အခမဲ့ ဝေသည့် နေရာသို့ သွားရောက်လေ့လာစဉ် တန်းစီ စောင့်ဆိုင်းနေသည့် လူတန်း အရှည်ကြီးက ထိုတွေ့ရှိချက်များကို သက်သေခံလျက်ရှိသည်။ ဤသည်မှာ အိုးမဲ့အိမ်မဲ့ များအကြောင်း မပါသေး။ တစ်နိုင်ငံလုံးတွင် မိမိကိုယ်မိမိ သတ် သေ မှု လူ ၁ သိန်းလျှင် ၁၃.၄ ဦးရှိချိန် တွင် မွန်တားနားသည် ၂၄.၅ ဦးဖြင့် တစ်နိုင်ငံလုံးတွင် သေကြောင်းကြံစည်မှု စံချိန်တင်၏။

 
ထူးဆန်းပေစွ။ အမေရိကန် အကြောင်း ကျွန်တော်တို့ ပြောကြလျှင် ရွေးကောက်ပွဲများအကြောင်း မပါမပြီး မဟုတ်လော။ အမေရိကန်တို့ ကြွယ်ဝ ကြောင်း၊ အမေရိကန် စစ်တပ်အင်အား ကြီးကြောင်း၊ အမေရိကန်သမ္မတများ အကြောင်း၊ အဲဖို့စ်ဝမ်း အကြောင်း စသည် စသည်။
လက်တွေ့တွင်ကား အမေရိကသည် ထိုသို့မဟုတ်။ ပြဿနာပေါင်း သောင်း ခြောက်ထောင်နှင့် ပြည့်နေ၏။
မစ်ဇူလာမြို့၏ နေ့လယ်ခင်းသည် တိမ်သား မထူတထူဖြင့် မှုန်ကုပ်ကုပ် နိုင်လွန်းလှသည်။ အရွက်များကြွေ သွား ပြီဖြစ်သည့် မေဘယ်လ်ပင်များသည် မြို့ အနှံ့အရိုးပြိုင်းပြိုင်းထလျက် ရှိသည်။အပူချိန် ၁၀ ဒီဂရီအောက် ရောက် နေသည့် လမ်းမပေါ်တွင် ကားများမှလွဲ၍ လမ်းသွားလမ်းလာမရှိ။ လူမှုပြုပြင် ပြောင်းလဲရေးလှုပ်ရှားမှု အဖွဲ့တစ်ခု၏ ဦးဆောင်သူတစ်ဦးနှင့်ကော်ဖီဆိုင်တစ်ခုတွင်လာမည့် နိုဝင်ဘာ ၈ ရက် ရွေး ကောက်ပွဲအကြောင်း စကားကောင်းနေမိ သည်။ ၁ နာရီကျော်ကြာ ဆွေးနွေးမှု အတွင်း ထိုသူပြုသည့် မှတ်ချက်တခုကို သတိရမိသည်။
” အမေရိကန်မှာ သာမန်လူတန်းစား အများစုက ရွေးကောက်ပွဲကို သိပ်စိတ် မဝင်စားကြဘူးဗျ။ အမတ်လောင်းတွေ မဲဆွယ်တဲ့ လူထုတွေ့ဆုံပွဲကိုသွားဖို့ ခင်ဗျားအိတ်ထဲမှာ အနည်းဆုံးဒေါ်လာ နှစ်ထောင်တော့ ထည့်သွားဖို့ လိုမယ်။ တက်လာမယ့် အစိုးရ ဘာဆက်လုပ် မလဲဆိုတာ ရွေးကောက်ပွဲကာလမှာ သူတို့ကို ဘယ်သူတွေက ဘယ်လောက် ပံ့ပိုးပေးခဲ့သလဲဆိုတဲ့အပေါ်မှာ အများ ကြီး မူတည်တယ် ”

 

ဆက်လက်ဖော်ပြပါမည်။