ထားဝယ်၊ မြိတ်၊ ကော့သောင်း ကမ်းရိုးတန်းကောက်ကြောင်း

ထားဝယ်၊ မြိတ်၊ ကော့သောင်း ကမ်းရိုးတန်းကောက်ကြောင်း
ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

ထားဝယ်ကို ရောက်စက ဒီကလူ တွေဆီကနေ ကြားနာရတာ တစ်ခုရှိပါတယ်။ ထားဝယ်က ဆိုရှယ်လစ်ယဉ် ကျေးမှုဆန်တယ်။ မြိတ်နဲ့ ကော့သောင်း က အရင်းရှင်စနစ်ဆန်တယ်။

ဆိုလိုတာက ထားဝယ်မှာက လူတန်းစားကွာခြားမှု သိပ်မရှိဘူး။ ချမ်းသာတဲ့သူနဲ့ ဆင်းရဲတဲ့သူ သိပ်မကွာဘူး။ တအားကြီး ချမ်းသာတဲ့သူလည်း ရှိမနေသလို ဆင်းရဲလွန်းတဲ့သူလည်း မရှိဘူး။ ယေဘုယျအားဖြင့် အဲဒီလို မှတ်ယူနိုင်တယ်။ ပြီးတော့ လက်ဖက်ရည်ဆိုင် ဆိုပါတော့၊ သူဌေးလည်း ဒီဆိုင်မှာ ထိုင်၊ ဆင်းရဲသားလည်း ဒီဆိုင်မှာ ထိုင်ပဲ။ အဲဒီလို။

သူတို့ပြောတာကို မှတ်ထားပြီး ရာသီဥတုသာယာတဲ့တစ်ရက်မှာ ကျွန်တော်ဟာ ထားဝယ်ကနေ ကော့သောင်း ကို သွားမယ့်ကားပေါ် တက်လိုက်သွားခဲ့ပါတယ်။ ပြီးတော့ စိတ်အာရုံထဲမှာ ပန်းချီ ကားတစ်ချပ်ကို စုတ်ချက်ကြမ်းကြမ်းနဲ့ ရေးခြယ်နေမိပါတယ်။

အလုပ်တာဝန်တစ်ခုနဲ့ ထားဝယ်ကို ရောက်ကတည်းက မြိတ်နဲ့ ကော့သောင်းကို သွားလည်ချင်နေခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဒုတိယလှိုင်းက အရှိန်နဲ့ ရိုက်ခတ်နေဆဲကာလဖြစ်လို့ အခွင့်မကြုံခဲ့ပါဘူး။

ဒါနဲ့ပဲ အချိန် လေးလကျော်၊ ငါးလ ထဲဝင်လာခဲ့တယ်။ ထားဝယ်၊ မြိတ်၊ ကော့သောင်း ဆိုတာက မြန်မာပြည် တောင်ဘက်စွန်းပိုင်းမှာ အဓိကကျတဲ့ မြို့ကြီးတွေမဟုတ်လား။

ဒီစိတ်က သွားချင်စိတ်ကို ဖိထားလို့ မရအောင် နေ့စဉ်လိုလိုပဲ ကျွန်တော့်ကို နှိုးဆွနေပါတယ်။

ဒီဇင်ဘာလလယ်ပိုင်းမှာမဖြစ်ဖြစ်အောင် သွားတော့မယ်လို့ ဆုံးဖြတ်ချက်နဲ့ ကော့သောင်းသွားမယ့် ယာဉ်လိုင်းတစ်ခုမှာ လက်မှတ် ဖြတ်လိုက်ပါတယ်။

ဒီအချိန်မှာ တိုင်းကျော် ခရီးသွားလာမှုတွေကို ခွင့်မပြုသေးပေမဲ့ တိုင်းအတွင်းမှာတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရဲ့ ထောက်ခံချက်နဲ့ဆို သွားလို့ လာလို့ ရနေပါတယ်။ သွားမယ့်နေရာ၊ သွားမယ့်ရက်နဲ့ သွားရတဲ့ အကြောင်းအရင်း စတာတွေကို အသင့်ရိုက်ထားတဲ့ စာရွက်တစ်ခုမှာ ဖြည့်ရပါတယ်။ သွားရတဲ့အကြောင်းအရင်းကိုတော့ အလုပ်တာဝန်လို့ပဲ ခေါင်းစဉ် တပ်လိုက်ပါတယ်။ ဒါကလည်း လမ်းခရီးမှာ စစ်ဆေးမေးမြန်းသူတွေ ပေရှည်နေမှာကို တစ်စုံတစ်ရာ လျှော့ချနိုင်မယ်လို့ တွေးမိလို့ပါပဲ။ ကျွန်တော့်ခရီးစဉ်ကို ထားဝယ်ကနေ ကော့သောင်း၊ ပြီးတော့မှ အပြန်မှာ မြိတ်ကိုဝင်ဖို့ ဆွဲလိုက်ပါတယ်။

ပထမ ကားဂိတ်တစ်ခုကို ဝင်ပြီး စုံစမ်းကြည့်တော့ ကော့သောင်းသွားမယ့် ခရီးသည်တင်ကား မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ နောက်တစ်ဂိတ်မှာတော့ အဆင်ပြေပြေနဲ့ လက်မှတ်ဖြတ်လို့ ရခဲ့ပါတယ်။ ဒါပေမဲ့ ယာဉ်လိုင်းတွေ တော်တော်များများလည်း ရပ်နားထားရပြီး ခရီးသည်နဲ့ ကုန်ရမှ ထွက်ကြတဲ့ အခြေအနေပါ။

ပုံမှန်အားဖြင့် ရှစ်ယောက်လောက် တင်တဲ့ အန်စာတုံးကားကို ထက်ဝက်လျှော့ချပြီး လေးယောက်တည်းသာ တင်စေပြီး ပြေးဆွဲခွင့်ပြုထားတယ်လို့ ဂိတ်တာဝန်ရှိသူက ပြောပါတယ်။

အသွားအလာတွေ ရပ်တန့်ကုန်တော့ ယာဉ်လိုင်းတွေလည်း ကျပ်တည်းလာတဲ့အကြောင်း၊ တချို့ကတော့ ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေ၊ သူတို့ ရဲ့မိသားစုတွေ စားဝတ်နေရေးကို ရှေးရှု ပြီး တွက်ချေမကိုက်လှပေမဲ့ အလုပ်ဖြစ် နေတယ်ဆိုရုံပဲ လုပ်နေရကြောင်း စတဲ့ သတင်းတွေကိုလည်း ဒီကာလထဲမှာ ဖတ်ရှုခဲ့ရပါတယ်။

ကားက မနက် ကိုးနာရီလောက်မှာ အိမ်ကို လာခေါ်မယ်၊ တင်စရာရှိတာတွေ တင်ပြီး ၁၀ နာရီလောက်မှာ ထွက်မယ်လို့ ဂိတ်က လူက ဆိုပါတယ်။ ဒါနဲ့ပဲ ထွက်မယ့်မနက်မှာ အထုပ်အပိုးတွေ အသင့်ပြင်ထားပြီး စောင့်နေလိုက်ပါတယ်။

၁၀ နာရီကျော်တဲ့အထိ ကားက ရောက်မလာခဲ့ပါဘူး။ ဒီဒေသက ယာဉ်လိုင်းတွေဟာလည်း မြန်မာပြည်ရဲ့ တခြားဒေသက ညီနောင် ယာဉ်လိုင်းတွေ လိုပဲ အချိန်မမှန်ကန်မှုနဲ့ စခန်းသွားနေ ဆဲပဲလို့ တွေးမိပါတယ်။ ဒီပြဿနာဟာ မြန်မာနိုင်ငံမှာ နယ်မြေဒေသအပိုင်း အခြားတစ်ခုမှာပဲ ရှိတတ်တာမျိုးမဟုတ်ဘဲ နိုင်ငံနဲ့အဝန်းမှာ ဖြစ်နေပြီး ယဉ်ကျေးမှုတစ်ခုလို အမြစ်တွယ်နေပုံပါပဲ။

တော်တော်ကြာတော့မှ ကားက ရောက်လာပါတယ်။ ဒီနေရာမှာ ကိုယ့်ဘာသာ ပြုံးမိရတဲ့ အဖြစ်ကိုလည်း ကြုံ ခဲ့ရပါတယ်။ ဒီကိုရောက်နေတဲ့ လေးငါး လကာလမှာ ထားဝယ်မြို့ပေါ်ရပ်ကွက်တွေထဲ ကျွန်တော် မရောက်ဖူးသေးတဲ့ နေရာတွေ တော်တော်များများကို ကျန် နေပါသေးတယ်။

သွားဖို့လာဖို့ ဆိုင်ကယ်တစ်စီးကို အလုပ်ကပေးထားပေမဲ့ မသွားဖြစ်ခဲ့ပါဘူး။ အခု အဝေးပြေးကားကို တက်စီးလာတော့မှ ကျွန်တော် မရောက်ဖူးတဲ့ ရပ်ကွက်တွေ၊ လမ်းတွေကို တစ်ခုပြီး တစ်ခု ရောက်ရပါတော့တယ်။ ခရီးသည် နဲ့ ကုန်ပစ္စည်းတွေကို တစ်နေရာပြီး တစ်နေရာ လှည့်ပတ်တင်နေတာနဲ့ပဲ မြို့တစ်ပတ် နှံ့သွားပါတယ်။ “သြော်.. မြို့ကို နှံ့ချင်ရင် အဝေးပြေးကားကိုစီးသင့် ပါလား” လို့တောင် ရယ်စရာ တွေးမိ လိုက်ပါသေးတယ်။

ကားပေါ်မှာ ပထမဆုံး သတိထား မိတာက ဗမာစကားသံကို ဖောဖောသီသီ ကြားရတာပါပဲ။

ထားဝယ်မှာ ဗမာစကားကို မပြောကြတာမဟုတ်ပေမဲ့ မလိုအပ်ဘဲ ပြောလေ့မရှိတာကို သတိထားမိပါတယ်။ တစ်နည်းအားဖြင့် ဗမာလိုပြောဖို့လည်း သိပ်ပြီး လိုအပ်မနေကြဘူး။ ကျွန်တော်နဲ့ ဆက်သွယ်ပြောဆိုဖို့လိုတဲ့အခါတွေမှာပဲ ဗမာလိုပဲ ပြောကြဆိုကြပါတယ်။ သူတို့အချင်းချင်းမှာတော့ ထားဝယ် ဘာသာစကားကိုပဲ အားရပါးရ ဖော‌ဖော သီသီ သုံးကြတာပါ။

ကားပေါ်မှာ ကျွန်တော်ရယ် နောက်ထပ်ခရီးသည် သုံးယောက်ရယ်ပါပါတယ်။ အဲဒီမှာ နှစ်ယောက်က ဝန်ထမ်း (ဗမာ)တွေ ဖြစ်ပုံရတယ်။ ကားဆရာရော ဆိုရင်တော့ စုစုပေါင်း ငါးယောက်ဖြစ်ပါတယ်။

ကားဆရာကတော့ ထားဝယ်ပုံ ပေါက်ပေမယ့် ဗမာလိုပဲ ပြောပါတယ်။ ဒါကလည်း လိုအပ်လို့ ဖြစ်မှာပါပဲ။ ထားပါတော့၊ ခရီးစဉ်ကို ချုံ့ပြီး ပြောပါတော့မယ်။

၁၆ နာရီလောက် မောင်းပြီးတဲ့ နောက်၊ နောက်ရက် မနက်စောစောမှာ ကော့သောင်းကို ရောက်ပါတယ်။ အဲဒီမှာ လေးရက်နေပြီးတော့ မြိတ်ကို ပြန်လာခဲ့ပါတယ်။ အဲဒီမှာလည်း လေးရက် နေခဲ့ပါတယ်။

ကော့သောင်းရော၊ မြိတ်ရောမှာကတော့ လူစုံတော့ ဗမာလိုပြောတာကိုပဲ အများစုတွေ့ရပါတယ်။

ဒါပေမဲ့လည်း မြိတ်သံ၊ ကော့သောင်း သံ စသဖြင့်တော့ ခြားနားပါတယ်။
ကော့သောင်းဟာ ဟိုးရှေးယခင်ကတော့ တစ်ဘက် ရနောင်းဆိပ်ကမ်းနဲ့ တရားမဝင် ကုန်သွယ်မှုတွေ၊ ရွှေ့ပြောင်း သွားလာ လုပ်ကိုင်မှုတွေအတွက် အဓိက နေရာဖြစ်လို့ အတော်ကလေး စည်စည် ပင်ပင် ဝေဝေဆာဆာ ရှိခဲ့တဲ့ မြို့ဖြစ်ပါတယ်။ ဒီဘက်နောက်ပိုင်းတော့ မြိတ်-မောတောင် လမ်းကြောင်း ပွင့်လာတဲ့အခါ မြိတ်က ထောင်တက်လာပြီး ကော့သောင်းက ငြိမ်ကျသွားခဲ့ရတာ ဖြစ်ပါတယ်။ မြိတ်ကတော့ မြို့ဧရိယာဟာ မဆံ့မပြဲနဲ့ ကြီးထွားပြန့်ကားလာနေပါတယ်။ မြစ်ကမ်းဘေးမှာ ခေတ်မီ အဆောက်အအုံတွေနဲ့ ဟီးထနေတဲ့ မိုးမျှော်ကွန်ဒိုတိုက်ကြီးလည်း ပေါ်ပေါက် လာနေပါတယ်။ အပြီးတော့ မသတ်ရ သေးပါဘူး။ ဒါပေမဲ့ ကော့သောင်းရော၊ မြိတ်ရော နှစ်မြို့စလုံးကတော့ စီးပွားရေး မြို့တွေအဖြစ် ပေါ်လွင်နေသေးပါတယ်။

အဖွင့်မှာ ပြောခဲ့သလို မြိတ်နဲ့ ကော့သောင်းကတော့ အရင်းရှင်စရိုက် ဆန်တယ်ဆိုတာကို ကိုယ်တွေ့ကြုံတွေ့ မြင်သိခဲ့ရပါတယ်။ နှစ်မြို့စလုံးမှာ စီးပွားရေးလုပ်ငန်းတွေကို သူဌေး တစ်ဦး နှစ်ဦးကပဲ လက်ဝါးအုပ်ထားတာပါ။ ကျွန်းတွေ၊ ကမ်းခြေတွေ၊ ရေလုပ်ငန်းတွေ၊ ခရီးသွားလုပ်ငန်းတွေနဲ့ လျှပ်စစ် ဖြန့်ဖြူးရေးလုပ်ငန်းတွေ စတဲ့ လုပ်ငန်းကြီးတွေကို သူတို့တွေပဲ လုပ်ပိုင်ခွင့် ရရှိထားကြတာပါ။ ဒီအခြေအနေက နိုင်ငံမှာ ဒါမှမဟုတ် ဒေသမှာ ဘယ်လို အကျိုးဆက်တွေ ဖြစ်စေသလဲဆိုတာကို ကျွန်တော့်အနေနဲ့ သုံးသပ်ဆင်ခြင် နိုင်စွမ်းမရှိပေမဲ့ သွားလေရာ၊ မြင်လေရာမှာ ဒါကတော့ဖြင့် ဘယ်သူဌေးပိုင်တာ၊ ဟိုဟာကတော့ဖြင့် နောက်တစ်ယောက် ပိုင်တာ၊ ဒီဟာတွေကလည်း သူတို့ပဲ ပိုင်တာ၊ စသဖြင့် ဒေသခံတွေက ပြောပြတဲ့အခါ ခံစားမှုကတော့ မကောင်းလှပါဘူး။
အဝေးပြေးလမ်းမ တစ်လျှောက်မှာ ဆီအုန်းတောကြီးတွေဆိုတာကလည်း မျက်စိတစ်ဆုံးပါပဲ။ ဒါတွေကလည်း အများစုကို လုပ်ငန်းရှင် တစ်ဦး၊ နှစ်ဦး ကပဲ လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။

ဆီအုန်းတောတွေနဲ့ ပတ်သက်လို့ ရယ်ချင်စရာ အဖြစ်ကိုလည်း ကြားသိခဲ့ ရပါတယ်။ တနင်္သာရီတိုင်းကို မြန်မာပြည်ရဲ့ ဆီအိုးကြီး ဖြစ်ရမယ်ဆိုပြီး အရင် တပ်မတော်အစိုးရလက်ထက်မှာ အိပ်မက်မက်ခဲ့ကြလို့ မြေဧက သောင်းပေါင်းများ စွာသိမ်းဆည်းပြီး အစိုးရနဲ့ နီးစပ်တဲ့ လူတချို့ကို ဆီအုန်းစိုက်စေခဲ့ပါတယ်။ အဲဒီတုန်းက ဖြစ်ခဲ့တဲ့ မြေသိမ်းမှုပြဿနာတွေဟာ အခုထိ မီးမသေသေးတာ ရှိသလို ထပ်ဆင့်မီးပွားတွေလည်း အချိန်တိုင်း လိုလို တောက်လောင်နေခဲ့ပါတယ်။ မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်လို့ မူလ ပိုင်ရှင်နဲ့ လုပ်ပိုင်ခွင့်ရ ကုမ္ပဏီအကြား အငြင်းပွားမှု၊ နောက်တစ်ခါ သူတို့ အကြားမှာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေက တတိယအင်အားစုအဖြစ်နဲ့ အငြင်းပွားမှုထဲကို ဝင်လာလို့ နောက်ထပ် ပြဿနာအသစ် ပေါ်လာတာ စသဖြင့်နဲ့ သုံးပွင့်ဆိုင် ဇာတ်လမ်းတွေ လည်း ရှိနေပါတယ်။

အဲဒါတွေအထဲမှာ မြေကွက်တချို့ နဲ့ပတ်သက်ပြီး မူလပိုင်ရှင်လို့ ဆိုတဲ့ သူတွေကို ကုမ္ပဏီဘက်က တရားစွဲဆို ထားတဲ့ကိစ္စကတော့ ဒီကာလထဲမှာ ကျယ်ကျယ်လောင်ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါက တရားဥပဒေကြောင်း ဆိုင်ရာဖြစ်ပေမဲ့ လိုရင်းကတော့ မြေကွက်လုကြတာပါပဲ။

ဧကပေါင်း ထောင်သောင်းချီပိုင် ဆိုင်ထားသလို မြန်မာနိုင်ငံတလွှားမှာ စီးပွားရေးလုပ်ငန်းကြီးတွေများစွာကို ပိုင်ဆိုင်ထားသူက နေစရာမရှိ၊ လုပ်ကိုင် စားသောက်စရာမရှိ ဖြစ်နေတဲ့သူနဲ့ တုဖက်ပြိုင်ပြီး မြေကွက်လုတဲ့ကိစ္စဟာ ဖြင့် ခပ်သော့သော့စဉ်းစားကြည့်ရင် ရယ်ချင်စရာ ဖြစ်ပါတယ်။

ဘယ်နေရာ၊ ဘာလုပ်ငန်းကို မမေးလိုက်နဲ့ ဒီလူ ဒီလူတွေပဲ ပိုင်ကြ၊ ဆိုင်ကြ၊ လုပ်ကိုင်ခွင့်ရနေကြတာကို တွေ့ရတော့မှ ထားဝယ်မှာ ကြားခဲ့ရတဲ့ စကားကို ဟုတ်သားပဲဟဆိုပြီး မျက်မြင် ကိုယ်တွေ့ သဘောပေါက် လက်ခံရပါတော့တယ်။

လက်ဝါးတွေကို အဲဒီလောက်ကြီး ထွားခွင့်ပြုထားတာဟာ သင့်တော်ပါရဲ့ လားဆိုတာကိုလည်း အထက်က အခြေအနေတွေနဲ့ ပတ်သက်လို့ အကြမ်းစား မေးခွန်းတချို့လည်း ပေါ်လာပါတယ်။

ထားဝယ်မှာက လူတန်းစားကွာဟမှု သိပ်မရှိဘူး။ တိုင်းမြို့တော်ဆိုပေမဲ့ စီးပွားရေးအချက်အချာရပ်ဝန်း ဟုတ်မနေတာကြောင့်လည်း ပါမှာပေါ့။

တစ်ဖက်မှာလည်း ဒေသခံတွေအနေနဲ့ တိုင်းရင်းသားဖြစ်မှုဆိုတဲ့ အမှတ်လက္ခဏာအပေါ်မှာ အလေးထားမှုဟာ ထားဝယ်မှာ ကြီးမားစွာ ရှိနေတယ်။ ဒီလိုအလေးထားမှုဟာ လူတန်းစား ကွာခြားမှုကို ကျဉ်းစေသလားဆိုတဲ့ မေးခွန်းပါပဲ။ အပြန်အလှန်အားဖြင့် လူတန်းစားကွာခြားမှုကျဉ်းတာကပဲ အဲဒီလို အမှတ်လက္ခဏာအပေါ် အလေးထားတဲ့ ခံစားမှုကို ဖြစ်စေသလားဆိုတာ ပါပဲ။

ဒါက တနင်္သာရီဒေသနဲ့ပတ်သက်လို့ အထက်အညာက ဗမာတစ်ယောက်ရဲ့ ခပ်ကြမ်းကြမ်း စုတ်ချက်နဲ့ ခြယ်ထားတဲ့ ပန်းချီကားတစ်ချပ်ပဲ ဖြစ်ပါတယ်။

ကန့်မောင်တာ