တက္ကသိုလ်ဝင်တန်း အောင်ချက် မွန်ပြည်နယ် ထိပ်ဆုံးပြန်ရောက်

0
527
ဓာတ်ပုံ - အောင်သူ/Dawei Watch

မြန်မာတနိုင်ငံလုံးတွင် ၆ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး ရရှိလာခဲ့သည့် မွန်ပြည်နယ်သည် ယမန်နှစ်တွင် ဒုတိယနေရာသို့ ရောက်ခဲ့သော်လည်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် ပထမနေရာပြန်လည်ရောက်လာသည်။

ဇွန်လ ၁၁ ရက်နေ့က ပြည်နယ်နှင့် တိုင်းဒေသအလိုက် တက္ကသိုလ်ဝင်တန်းအောင်စာရင်များ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဖြေဆိုသူ ၁၉၆၈၁ ဦး ရှိသည့်အနက် ၇၇၄၉ ဦး အောင်မြင်ခဲ့သည်။ ယင်းကြောင့် အောင်ချက် ၃၉ ဒဿမ ၃၇ ရာခိုင်နှုန်းဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် အောင်ချက် အမြင့်မားဆုံးဖြစ်ကြောင်း ပြည်နယ် ပညာရေးမှူးဌာန၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။

“ဒီနှစ်မှာ ဂုဏ်ထူထွက်တဲ့အရေအတွက် နည်းသွားတယ်၊ တစ်နှစ်နဲ့ တစ်နှစ် မေးခွန်းအနေအထား မတူတော့ ဒီလိုနည်းသွားတာလည်း ဖြစ်နိုင်ပါတယ်” ဟု မွန်ပြည်နယ် ပညာရေးမှူးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးတင်အောင်က ပြောသည်။

ဓာတ်ပုံ - အောင်သူ/Dawei Watch
ဓာတ်ပုံ – အောင်သူ/Dawei Watch

မွန်ပြည်နယ်၏ နောက်တွင် မကွေးတိုင်းက အောင်ချက် ၃၈ ဒသမ ၆၂ ရာခိုင်နှုန်းဖြင့် ဒုတိယလိုက်နေပြီး  မန္တလေးတိုင်း  (၃၅ ဒသမ ၅၀ ရာခိုင်နှုန်း) နှင့် ရန်ကုန်တိုင်း  (၃၃ ဒသမ ၂၁ ရာခိုင်နှုန်း) တို့က တတိယနှင့် စတုတ္ထလိုက်နေသည်။

အောင်ချက်အနည်းဆုံးမှာ ဧရာဝတီတိုင်းဖြစ်ပြီး ၁၇ ဒသမ ၆၂ ရှိသည်။ တနင်္သာရီတိုင်း၏ အောင်ချက်မှာ ၂၉ ဒသမ ၂၁ ရာခိုင်နှုန်းဖြင့် အလယ်အလတ်နေရာတွင်ရှိသည်။

မွန်ပြည်နယ်မှ အောင်မြင်သူများအနက် ခြောက်ဘာသာ ဂုဏ်ထူးရှင် ၁၂ ဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၄၈ ဦး၊ လေးဘာသာ ဂုဏ်ထူးရှင် ၁၇၀ ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် ၂၁၇ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် ၃၄၄ ဦးနှင့် တစ်ဘာသာ ဂုဏ်ထူးရှင် ၁၈၂၇ ဦး ရရှိကြသည်။

ယခုနှစ် မွန်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက် ပထမနေရာရရှိသော်လည်း ဂုဏ်ထူးရရှိသူ နည်းလာကြောင်း ယမန်နှစ်က ၆ ဘာသာဂုဏ်ထူးရှင် ၂၀ ဦးထိရှိခဲ့ရာ ယခုနှစ်တွင် ၆ ဘာသာဂုဏ်ထူးရှင် ၁၂ ဦးသာရှိသည်။

အောင်စာရင်း တရားဝင် မထွက်မီ Facebook စာမျက်နှာပေါ် ပေါက်ကြားခဲ့သော အောင်ချက်ရာနှုန်း။
အောင်စာရင်း တရားဝင် မထွက်မီ Facebook စာမျက်နှာပေါ် ပေါက်ကြားခဲ့သော အောင်ချက်ရာနှုန်း။

မွန်ပြည်နယ်သည် ၂ဝဝ၈-၂ဝဝ၉ ပညာသင်နှစ်တွင် ၄၂ ဒဿမ ၅ဝ ရာနှုန်းဖြင့်လည်းကောင်း၊ ၂ဝဝ၉-၂ဝ၁ဝ ပညာသင်နှစ်တွင် ၄၂ ဒဿမ ဝ၈ ရာနှုန်းဖြင့် လည်းကောင်း၊ ၂ဝ၁ဝ-၂ဝ၁၁ ပညာသင်နှစ်တွင် အောင်ချက် ၄၃ ဒဿမ ၃၃ ရာနှုန်းဖြင့် လည်းကောင်း၊ ၂၀၁၂-၂၀၁၃ ပညာသင်နှစ်တွင် ၄၇ ဒဿမ ၃၈ ရာခိုင်နှုန်းလည်းကောင်း၊ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ၄၆ ဒဿမ ၇၅ ရာခိုင်နှုန်းလည်းကောင်း တနိုင်ငံလုံးတွင် ၆ နှစ်ဆက်တိုက် အောင်ချက်အကောင်းဆုံး ရရှိလာခဲ့ပြီး ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် အောင်ချက် ၄၃ ဒဿမ ၄၀ ရာခိုင်နှုန်းဖြင့် ဒုတိယရရှိခဲ့သည်။

မွန်ပြည်နယ် ၁၀ မြို့နယ်အတွင်းတွင် မုဒုံမြို့နယ်သည် အောင်ချက်အကောင်းဆုံးဖြစ်ပြီး အောင်ချက် ၅၄ ဒသမ ၇၈ ရာခိုင်နှုန်း၊ ဒုတိယအောင်ချက်အကောင်းဆုံးအဖြစ် သံဖြူဇရပ်မြို့နယ် အောင်ချက်  ၅၃ ဒသမ ၇၂ ရာခိုင်နှုန်းနှင့် တတိယအဖြစ် မော်လမြိုင်မြို့နယ် အောင်ချက် ၄၄ ဒသမ ၄၈ ရာခိုင်နှုန်း အသီးသီး ရရှိကြသည်။

Dawei Watch