မွန်ပြည်သစ်ပါတီ နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ပထမဆုံးအကြိမ်တွေ့ဆုံ

0
549
ဇွန်လ ၆ ရက်နေ့က မွန်အမျိုးသားပါတီနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။ ဓာတ်ပုံ - Dawei Watch

မွန်လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်သော မွန်ပြည်သစ်ပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ဇွန်လ ၈ ရက်နေ့က ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ကြပြီး မွန်များတပေါင်းတစည်းတည်း ဖြစ်နိုင်ရေးအတွက် ဆွေးနွေးခဲ့သည်။

ဇွန်လ ၆ ရက်နေ့က  မွန်အမျိုးသားပါတီနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။ ဓာတ်ပုံ - Dawei Watch
ဇွန်လ ၆ ရက်နေ့က မွန်အမျိုးသားပါတီနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။ ဓာတ်ပုံ – Dawei Watch

၂၀၁၀ ရွေးကောက်ပွဲဝင်ရန် ဖွဲ့စည်းခဲ့သော မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီ ပါတီ ဖွဲ့စည်းခဲ့သည့် အချိန်မှ စ၍ ၆ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး မွန်အမျိုးသားပါတီနှင့် မွန်ပြည်သစ်ပါတီတို့ တွေ့ဆုံပြီး နှစ်ရက်အကြာ ထိုဆွေးနွေးပွဲ ဖြစ်လာခြင်း ဖြစ်သည်။

AMDP ပါတီအနေဖြင့် အမျိုးသားရေးလှုပ်ရှားမှုများကို လုပ်ဆောင်ရွာတွင် အခြားသောနိုင်ငံရေးပါတီများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် မွန်သံဃာတော်များတို့နှင့် အင်တိုက်အားတိုက်တပေါင်းတစုတည်း ပါဝင်လှုပ်ရှားနိုင်ရန် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်ဟု မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးဌာန တာဝန်ခံ နိုင်ဝင်းလှက ပြောသည်။

“အဓိကဆွေးနွေးဖြစ်တာက အမျိုးသားစည်းလုံးညီညွတ်ရေးရဖို့၊ လာမယ့်နိုင်ငံရေးအခင်းအကျင်းအသစ်မှာ မွန်အမျိုးသားတရပ်လုံးအနေနဲ့ အသံတစ်သံထွက်ဖို့ ဘယ်လိုဆောင်ရွက်ကြမလဲ။ မကြာခင်မှာဖြတ်သန်းရမယ့် အခြေအနေတခုဖြစ်တဲ့ ၂၁ ရာစုပင်လုံညီလာခံအကြောင်းတွေပါ”ဟု ၎င်းက ပြောသည်။

မွန်ပြည်သစ်ပါတီနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည့် အချက်များနှင့် ပတ်သက်ပြီး ပါတီတွင်း ပြန်လည်ဆွေးနွေးသွားမည်ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ အတွင်းရေးမှူးက ပြောသည်။

“ညှိနှိုင်းဆွေးနွေးထားချက်တွေကို ပါတီတွင်းမှာ ပြန်လည်ဆွေးနွေးမှုပြုလုပ်သွားမယ် ပြီးရင် ပြန်လည်တွေ့ဆုံမှုတွေ ပြုလုပ်သွားမယ်” ဟု ပါတီ အတွင်းရေးမှူး နိုင်စံတင်က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို ၂၀၁၀ ပြည့်နှစ် ဧပြီလ ၇ ရက်နေ့က စတင်ဖွဲ့စည်းခဲ့သည်။

AMDP ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ် ၁၆ နေရာ အနိုင်ရရှိခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁ နေရာ အနိုင်ရရှိထားသည့် ပါတီဖြစ်သည်။

မွန်ပြည်သစ်ပါတီသည် AMDP ပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့သကဲ့သို့ ဇွန်လ ၆ ရက်က မွန်အမျိုးသားပါတီနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

မွန်တွင် မွန်လူမျိုးများကို ကိုယ်စားပြုပြီး ၂၀၁၅ ခုရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီ သုံးခု ရှိပြီး မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ မွန်အမျိုးသားပါတီနှင့် အမျိုးသမီးပါတီ(မွန်) တို့ဖြစ်သည်။

Dawei Watch