မူးယစ်ဆေးဝါးကို အဓိကဖြန့်ဖြူးရောင်းချနေသည့် အဓိက ရေသောက်မြစ်ဖြစ်သည့် ပင်ရင်းရောင်းချ နေသူများမှာ မျက်နှာဖုံးစွပ်ကာ မြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ ကဲ့သို့ နေထိုင်သူလည်း ဖြစ်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ထိပ်တန်းရဲအရာရှိက ပြောကြားလိုက်သည်။
ယခုလပိုင်းအတွင်း ထားဝယ်၊ မြိတ် နှင့် ကော့သောင်းဒေသများတွင် မူးယစ်ဆေးများ ခပ်စိပ်စိပ်ဖမ်းမိလာသော်လည်း ပင်မရေသောက်မြစ် လက္ကားဖြန့်ဖြူးသူ တရားခံကြီးများမှာ ခြေရာပျောက်နေဆဲဖြစ်သည်။
မူးယစ်ဆေးဝါးနှင့် ပတ်သက်၍ အကျိုးအမြတ်များစွာ ရရှိနေသည့် အဓိကရေသောက်မြစ် ပင်ရင်းကို ဖော်ထုတ်ဖမ်းဆီးနိုင်ရန်လိုအပ်ပြီး ယခုအချိန်တွင် ဖော်ထုတ်နိုင်ခြင်းမရှိသေးကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေမျိုး ကဆိုသည်။

“ရေသောက်မြစ်က တော်တော်လေးအကျိုးအမြတ်ရနေတဲ့ မျက်နှာဖုံးစွပ်ထားတဲ့လူပေါ့၊ မြို့ပေါ်မှာလည်း စီးပွားရေးလုပ်ငန်းရှင်ကြီးလိုလည်း အယောင်ဆောင်နေနိုင်ပါတယ်” ဟု ရဲမှူးကြီးနေမျိုး ကပြောသည်။
တိုင်းအတွင်း မူးယစ်ဆေးဝါးများ ဖမ်းဆီးမှုတွင် အလတ်တန်းစား လုပ်ကိုင်နေသူများအထိသာ ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီး ပင်မအရင်းအမြစ်ကို မဖော်ထုတ်နိုင်သေးဘဲ အားနည်းနေသေးသည့် အတွက် ပိုပြီးထိထိရောက်ရောက် ဖမ်းဆီးနိုင်ရန် တွန်းအားပေးဆောင်ရွက်သွားမည်ဟု ၎င်းကဆိုသည်။
ထားဝယ်မြို့ပေါ်တွင် မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းဝယ်မှုတွင် စီးပွားရေးလုပ်ငန်းများ ပါဝင်ပတ်သက်နေကြောင်း မကြာခဏ သတင်းထွက်လေ့ရှိသည်။
“အရမ်းအောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင် တချို့မှာ ကျိန်းသေပေါက်ရှိကိုရှိတယ်။ ထားဝယ်မြို့ကို အဓိကဖျက်ဆီးနေတာ အဲဒီလူတွေပဲ” ဟု စီးပွားရေးလုပ်ငန်းလုပ်ကိုင်သည့် အသက် ၃၀ ၀န်းကျင်အရွယ် ဒေသခံ က ပြောသည်။
မူးယစ်ဆေးနှင့်ပတ်သက်၍ ပင်ရင်းလုပ်ကိုင်နေသူများကို ရဲတပ်ဖွဲ့မှ ရိပ်မိနေပုံရသော်လည်း တစ်ကယ်တမ်း မဖမ်းမိခဲ့ခြင်းမှာ ၀မ်းနည်းစရာကောင်းကြောင်း ထားဝယ်မြို့မှ အသက် ၄၀ကျော် အရွယ် အမျိုးသားတစ်ဦး ကဆိုသည်။
“အခုဖမ်းမိနေတဲ့ လူငယ်တစ်ချို့က မူးယစ်တရားခံတွေမဟုတ်ဘဲ သားကောင်တွေဖြစ်နေတယ်လို့ ထင်တယ်” ဟု အဆိုပါအမျိုးသား ကပြောသည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကိစ္စများတွင် လူထုအခြေပြုအဖွဲ့အစည်းများမှလည်း ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ဖြစ်စေ မိမိအစီးအစဉ်ဖြင့်ဖြစ်စေ ပညာပေးလုပ်ဆောင်မှုများ ဆောင်ရွက်သင့်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
ထားဝယ်ခရိုင်တွင် ဧပြီလနှင့် မေလ နှစ်လအတွင်း မူးယစ်ဆေးဝါးအမှု ၁၁ မှုဖမ်းဆီးနိုင်ခဲ့ပြီး ၆ မှုမှာ ထားဝယ်မြို့တွင် ဖမ်းမိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ မှုခင်းဖြစ်ပွားမှုမှတ်တမ်းအရ သိရသည်။
Dawei Watch
ထားဝယ်မြို့မှ နာမည်ကျော် မူးယစ်ဖမ်းဆီးမှု –