ထားဝယ်စကား ကျောင်းတွင်သင်ကြားရေး နေပြည်တော်တွင် သောင်တင်

0
1063
ကျောင်းဖွင့်ရက်တွင် တွေ့ရသော မူလတန်းကလေးများ ဓာတ်ပုံ - အောင်သူ/Dawei Watch

ပြုစုရေးဆွဲပြီးဖြစ်သည့် ထားဝယ်စကား ပြဌာန်း စာအုပ်များကို ကျောင်းတွင် သင်ကြားနိုင်ရေးအတွက်  နေပြည်တော်တွင်   နှစ်ချီသောင်တင်လျက်ရှိသည်။

၂၀၁၅ ခုနှစ် မေလကတည်းက ပညာရေးဝန်ကြီးဌာနထံ တင်ပြထားသည့် ထားဝယ်ပြဌာန်းစာအုပ်များကို လက်ရှိအချိန်အထိ ပြန်လည်အကြောင်းကြားလာခြင်း မရှိသေးသည့်အတွက် သင်ကြားနိုင်ဦးမည် မဟုတ်ကြောင်း တနင်္သာရီ တိုင်းအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

“စာအုပ်ပြုစုရေးအဖွဲ့က အထက်ကို တင်ထားတာ တစ်နှစ်ကျော်ပြီဆိုပေမယ့် အခုထိ ပြန်မကျလာသေးလို့ အတည်ပြုလို့မရသေးဘူး” ဟု ဦးဟိုပင်က ဆိုသည်။

ဝန်ကြီးဌာနက ပြန်လည်အကြောင်းကြားလာမှသာ သင်ဖြစ်မည်၊ မဖြစ်မည် (သို့မဟုတ်) ပြန်လည်ရေးဆွဲရန် စသဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ကျောင်းဖွင့်ရက်တွင် တွေ့ရသော မူလတန်းကလေးများ ဓာတ်ပုံ - အောင်သူ/Dawei Watch
ကျောင်းဖွင့်ရက်တွင် တွေ့ရသော မူလတန်းကလေးများ။ ဓာတ်ပုံ – အောင်သူ/Dawei Watch

“အခုအခ်ျိန်ထိ ဘာမှ မသိရသေးဘူး။ ပြီးခဲ့တဲ့ ၃ လ (ဖေဖော်ဝါရီလ) တုန်းက လည်း ပညာရေးဝန်ကြီး (ဟောင်း) က စာအုပ်တွေကိုရော၊ အခွေကိုပါ ပညာရေးဌာနကို တောင်းလာလို့ ထပ်တင်လိုက်ရသေးတယ်” ဟု ထားဝယ်စကား သင်ရိုးပြုစုရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဘမြင့်က ပြောသည်။

အကယ်၍ ထားဝယ်စကားကို ယခုနှစ် သင်ကြားဖြစ်မည်ဆိုပါက သင်ရိုးပြုစုရေးလုပ်ငန်းကော်မတီက ဆရာမများကို ဦးစွာသင်ပေးရမည်ဖြစ်ပြီး ၎င်းတို့မှတဆင့် မြို့နယ်အလိုက် ဆင့်ပွားသင်ကြားရန် အချိန်လိုအပ်သည်ဟု ၎င်းကဆိုသည်။

ထားဝယ်စကားကို ကျောင်းချိန်အတွင်းသင်ကြားရန် လက်ရှိအချိန်အထိပြန်လည်ညွှန်ကြားလာခြင်း မရှိသေးသော်လည်း ယခုပညာသင်နှစ် နှစ်လယ်တွင် သင်ကြားခွင့်ရနိုင်သည်ဟု တိုင်းဒေသကြီး ပညာရေးညွှန်ကြားကြားရေးမှူးရုံးက လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

လက်ရှိ အစိုးရအနေနှင့် တိုင်းရင်းသားအရေးကို အမှန်တကယ် စိတ်ဝင်စားပါက ထားဝယ်စာ သင်ရန် ခွင့်ပြုပေးသင့်ကြောင်း ထားဝယ်တိုင်းရင်းသားများ ပါတီ ဥက္ကဋ္ဌ ဦးအေးမင်းက ပြောကြားသည်။

“တိုင်းထဲက တချို့ကျောင်းတွေမှာ မွန်ကျောင်းသားတွေ၊ ကရင် ကျောင်းသားတွေ သူတို့ဘာသာတွေကို သင်နေတဲ့အချိန်မှာ ထားဝယ်ကျောင်းသားတွေကလည်း ထားဝယ်စာကို သင်သင့်တယ်”ဟု ၎င်းက ဆိုသည်။

“အခြားတိုင်းရင်းသားတွေနဲ့ တပြေးတညီတည်းဖြစ်အောင် ထားဝယ်စာကို သင်ကိုသင်သင့်တယ်လို့ ပြောချင်တယ်”

သူငယ်တန်း၊ ပထမတန်းနှင့် ဒုတိယတန်းတို့အတွက် ထားဝယ်စကားအခြေခံဖတ်စာကို ဆရာကိုင်နှင့် ကျောင်းသားကိုင် ၆ အုပ် မူကြမ်းကို ၂၀၁၅ ခုနှစ်က ရေးဆွဲထားခြင်းဖြစ်သည်။

မွန်၊ ပိုးကရင် နှင့် စကောကရင် ဘာသာစာပေများကိုမူ လွန်ခဲ့သည့် နှစ်နှစ်ခန့်က စတင် သင်ကြားလျက်ရှိပြီး တိုင်းအတွင်းကျောင်း ၁၃ ကျောင်းအားသင်ကြားလျက်ရှိကြောင်း တိုင်းပညာရေးညွှန်ကြားရေးမှူး ရုံးထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် လူဦးရေ လေးသိန်းခန့်ရှိသော ထားဝယ်ခရိုင်တစ်ခုလုံး ထားဝယ်စကားပြောပြီး ပုလော နှင့် ကော့သောင်းမြို့နယ်တွင်လည်း ထားဝယ်လူမျိုးအများအပြားနေထိုင်လျက်ရှိသည်။