အတိုင်ခံ ဘိလပ်မြေစက်ရုံကို စတင်စစ်ဆေး

0
1134
ဘိလပ်မြေစက်ရုံ။ ဓာတ်ပုံ - Dawei Watch

ဒေသခံများ တိုင်ကြားထားသော မွန်ပြည်နယ် ကျိုက်မရောမြို့နယ်ရှိ ကျောက်မီးသွေးသုံးပြီး လည်ပတ်မည့် ဘိလပ်မြေစက်ရုံ ကို မွန်ပြည်နယ်လွှတ်တော်က ကွင်းဆင်း စတင်စိစစ်ခဲ့သည်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အား သုံးစွဲပြီး လည်ပတ်ရန် စီစဉ်နေသည့် Mawlamyine Cement Ltd. (MCL) စက်ရုံကို ရန်တန့်ပေးရန် ဒေသခံ ၃၇၀၀ ကျော်တို့၏ လက်မှတ်ထိုး တိုင်ကြားထားချက်အရ  မွန်ပြည်နယ်လွှတ်တော်က စက်ရုံတာဝန်ရှိသူတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ဇွန်လ ၁ ရက်တွင် စက်ရုံသို့ ကွင်းဆင်း စတင်စိစစ်ခြင်း ဖြစ်သည်။

“လောလောဆယ် ဘာမှ အဆုံးအဖြတ် မပေးနိုင်သေးဘူး၊ ပြန်လည်လေ့လာ စိစစ်နေဆဲပဲ ရှိပါတယ်”ဟု မွန်ပြည်နယ်လွှတ်တော် ဒု-ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ပြောသည်။

ဘိလပ်မြေစက်ရုံ။ ဓာတ်ပုံ - Dawei Watch
ဘိလပ်မြေစက်ရုံ။ ဓာတ်ပုံ – Dawei Watch

ဇွန်လ ၁ ရက်က လွှတ်တော် ဒု – ဥက္ကဋ္ဌ ဦးဆောင်ပြီး လွှတ်တော်မှ ဖွဲ့စည်းထားခဲ့သည့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ကော်မတီဝင်များ၊ တိုင်ကြားစာနှင့် အသနားခံစာများ လေ့လာသုံးသပ်စိစစ်ရေး ကော်မတီဝင်များ၊ ဥပဒေပြုရေး စိစစ်ရေး ကော်မတီဝင်တို့က MCL ကို ကွင်းဆင်းသွားရောက်ခဲ့ခြင်း ဖြစ်သည်။

ကုမ္ပဏီဘက်ကမူ ကျောက်မီးသွေးနှင့် ပတ်သက်ပြီး အန္တရာယ် မရှိကြောင်း၊ စက်ရုံမှ ရရှိလာသည့် အကျိုးအမြတ်များ ထဲမှ အချို့ကိုလည်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုသွားမည်ဟု ပြောသည်။

“သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပြီးတော့ အကျိုးအမြတ်ထဲက ၂ ရာခိုင်နှုန်းကို ပြည်နယ်ဒေသ ဖွံဖြိုးရေးလုပ်ငန်းတွေကို သုံးပေးမယ်၊ ကျိုက်မရောတစ်ခုတည်း မဟုတ်ပါဘူး တခြားမြို့နယ်ဖြစ်ရင်လည်း ဖြစ်မယ်”ဟု ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ ဦးဇော်လွင်ဦးက ပြောသည်။

ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားဖြင့် လည်ပတ်မည့် မော်လမြိုင် ဘိလပ်မြေစက်ရုံသည် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှပ်နှံထားပြီး ၂၀၁၆ ခုနှစ် နှစ်လယ်ပိုင်းခန့်တွင် စတင်လည်ပတ်သွားမည်ဟု စက်ရုံစီမံကိန်း အစီရင်ခံစာအရ သိရသည်။

ဘိလပ်မြေစက်ရုံအတွက် လျှပ်စစ်ဓာတ်အား ၄၉ မဂ္ဂါဝပ် လိုအပ်ပြီး ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ ၄၀ မဂ္ဂါဝပ်ကို လည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator မှ ၉ မဂ္ဂါဝပ်ကိုလည်းကောင်း ထုတ်ယူသုံးစွဲသွားမည်ဟု စီမံကိန်း အစီရင်ခံစာတွင် ပါရှိသည်။