စိမ်းတဲ့မြေသို့ အပြန်

0
568
ဝယ်လင်တန် မြို့လယ်ခေါင်က ခွေးလမ်းလျှောက် ဧရိယာ

အကြာကြီး မရေးဖြစ်ဘဲ အဆက် ပြတ်သွားတဲ့အတွက် တောင်း ပန်ပါ၏။ ယခု အပိုင်းအစကို ဝယ်လင်တန် ကျောင်းသားအဆက်ဟု ယူသော်က လည်းရ၏။ မယူရင်လည်း သဘောပါ။ ကီဝီမြေမှာ ခြောက်လကြာပြီးနောက် မည်သို့ပင် ဆိုစေကာမူ မိုင်သောင်းချီ ပျံသန်းကာ အိမ်ပြန် ရောက်လေပြီ။


လာရာလမ်းတစ်လျှောက် အင်ဒို နီးရှားနှင့် ပါပူဝါနယူးဂီနီ နိုင်ငံ နယ်စပ် တွင် လေယာဉ်တစ်စီး ပျက်ကျခြင်း၊ ဘန်ကောက်ဗုံးနှင့် နှစ်လမ်းလောက်သာ ခြားကာ လွတ်မြောက်သွားခြင်း၊ ယင်း နောက် ထားဝယ်အပြန် ရန်ကုန်လေဆိပ် တွင် ၈ နာရီကြာ သောင်တင်ခြင်း အသီး သီးကို ဖြတ်ကျော်ပြီးနောက် အိမ်ပြန် ရောက်လေပြီ။ ထားဝယ်သား အိမ်အပြန်ကား သိပ် မလွယ်လှပါ။ ဒါသည်ကပင် ထားဝယ် ဆိုသော အိမ်ကိုစွဲစွဲနှစ်နှစ်ဖြစ်ရလေခြင်း လောဟု စိတ်ကူးမိသည်။
(က)
ရန်ကုန်မှ ထားဝယ်သို့လာသော နေ့တွင် ထားဝယ်တွင် မိုးသည်းနေ သဖြင့် လေယာဉ်ဆင်းခွင့်မရ။ ယင်း ကြောင့်ပင် ထားဝယ်ကွင်းသို့ ဆင်းခွင့် ရသော အချိန်ကိုစောင့်ရင်း ညနေ ၃ နာရီထိုးမှ လေယာဉ် ထွက်ဖြစ်သည်။ မနက် ၇ နာရီ ကွင်းချိန်း။ တကယ် ထွက်ဖြစ်တော့ ညနေ ၃ နာရီ။ လေယာဉ် နောက် ကျမည့်အကြောင်းကို မြန်မာလို၊ အင်္ဂလိပ်လိုဖြင့် လေဆိပ်အတွင်း ကြေညာ သည်။    မြန်မာလိုဖြင့် ကြေညာသည့် အခါ လေယာဉ်ထွက်ခွာချိန် နောက်ကျ မည် ဖြစ်ကြောင်းကို သာ ပြောပြီး အင်္ဂလိပ် ဘာသာဖြင့်  ကြေညာသောအခါ  ရာသီဥတုအခြေအနေကြောင့် လေယာဉ် နောက်ကျမည်ဟု” အကြောင်းအရင်း” ကိုပါထည့် ကြေညာသည်။

ဝယ်လင်တန် မြို့လယ်ခေါင်က ခွေးလမ်းလျှောက် ဧရိယာ
ဝယ်လင်တန် မြို့လယ်ခေါင်က ခွေးလမ်းလျှောက် ဧရိယာ

ဘိုစာတတ်သူတို့ကို ပိုပြီး အလေး ထားဆက်ဆံသဖြင့် ထိုသို့ ကွဲပြားရ ခြင်းလော၊ ဒါမှမဟုတ် မတော်တဆလော ဟု တွေးမိသည်။ မည်သို့ဆိုစေ ခရီးကား ဆက်ခွင့်ရသွားသည်။ လေယာဉ်ပေါ်မှ ခါတိုင်းမြင် နေကျ သဲသောင်ဖြင့် အနားသတ် ထားသော ကုန်းမြေနှင့် ပင်လယ်ပြာပြာကို မြင်ဖို့တော့ သိပ်မလွယ်လှ။ ကောင်းကင် တစ်ခွင်လုံး တိမ်ထုတိမ်သားတွေသာ ကဲနေသည်။ ထုံးစံအတိုင်း တစ်နာရီ ခန့်နှင် ပြီးသောအခါ တိမ်သားတွေကို ဖောက်ဆင်းပြီးနောက် ထားဝယ်မြစ်ပေါ် တွင် စပျံတော့သည်။ မကြာမီ ကွင်းကို ဆင်းသည်။
လေဆိပ်တွင် ရပ်ခါနီး လေယာဉ် မယ်၏ ချိုမြိန်သောကြေညာသံ မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ထွက်ပေါ် လာပြန်သည်။

လာပြန်ပြီဘိုလိုက တစ်မျိုး၊ မြန်မာလိုက တစ်မျိုး။
ထုံးစံအတိုင်း ဟိုဟိုဒီဒီ ပြောပြီး တဲ့နောက် . . . ။ လေယာဉ် နောက်ကျ သည့်အတွက် မေတ္တာရပ်ခံပါကြောင်း    မြန်မာလိုဖြင့် ကြေညာသည်။ သို့သော် ဘိုလိုဖြင့်တော့ ‘ We apologize . . . . . . ’ ဟုသော စကားကို သုံးသွားသည်။ မြန် မာ ပြန်ရပါက ” လေယာဉ်နောက်ကျတဲ့ အတွက် တောင်းပန်ပါ၏ ” ပေါ့။
ဒီလိုဆိုရင်တော့ မတော်တဆ မဟုတ်တော့သည်မှာ သေချာသွားသည်။ အသစ်စက်စက် အေးပက်လေကြောင်း လိုင်းမှာ ဘိုစာတတ်တွေကိုသာ တောင်း ပန်ဖို့လိုပြီး ကျန်သော သကောင့်သား တွေကိုတော့ မေတ္တာရပ်ခံလိုက်ရင် ပြီးပြီဟုမှတ်ယူပါသလားဟု မေးခွန်း ထုတ်ရမလို ဖြစ်နေ၏။
” ကျွန်စော်နံနေသေးသော အတွေး အခေါ်လော” ဟု စိတ်ကူးမိသည်။ မည်သူ့ကို အပြစ်တင်ရမည်နည်း။
(ခ)
ဘယ်လိုပဲ ဖြစ်ဖြစ် ထားဝယ်ကို ချောချောမောမော ဆင်းသက်သွားသည့် အတွက်တော့ ကျေးဇူးတင်ရမည်။    လေယာဉ်ပေါ်မှ ခြေချလိုက်သည်နှင့် မိုးဖွဲဖွဲလေးက ကြိုနေသည်။ လောက တခွင်ကို အရောင်နှစ်ရောင်က ကြီးစိုး ထားသည်။ ကုန်းမြေစိမ်းစိမ်းနှင့် ညိုမောင်းနေသော တိမ်သားတိမ်ထုတွေ။ ခြောက်လတာ အခွဲအခွာသည် များစွာမကြာလှသော်လည်း လေဆိပ် ကနေ ရွာအပြန်လမ်းက အတန်ငယ် ပြောင်းနေသည်။  ကမြောကင်းလမ်းကို နိုင်လွန်ကတ္တရာလမ်း ခင်းထားသည်။ လမ်းလယ်မျဉ်းတွေ သာမကလမ်းဘေး အဝါရောင် အနားသတ်မျဉ်းပါ ပါသေး သည်။ မိုးစိုနေသော လမ်းက ပိုမို သပ်ရပ် လှပနေသည်။
တစ်ခုသာ ပြောစရာရှိသည်။ လမ်း ပေါ်တလျှောက် အချို့နေရာများတွင် ဗွက်တွေ ထနေသည်။ လမ်းနှုတ်ခမ်း ဘေးတွင် သဲပုံများ၊ မြေပုံများ စနစ်မကျ ပုံထားသဖြင့် လှတပတ လမ်းပေါ် သဲ တွေ မြေသားနီနီတွေက ကျူးကျော် နေသည်။
အင်း . . . စက်ဘီးစီးသူတွေအတွက် သီးသန့်လမ်းလေးရှိရင် ဘယ်လောက် ကောင်းလိုက်မလဲ စိတ်ရူးထမိသည်။ သူတို့ လုံခြုံစိတ်ချစွာ၊ နောက်ကျောလုံစွာ သွားလာနိုင်ဖို့ပေါ့။ သူတို့လည်း ကားစီး သူတွေလို၊ ဆိုက်ကယ်စီးသူတွေလို အခွန်ထမ်း ပြည်သူတွေပဲလေ။ မဲသုံး ပြား ပိုင်ရှင်တွေပဲလေ။
ဒါလည်း စိတ်ကူးလေးပါပဲလေ။
တံတားထိပ်က ထန်းပင်တန်း ကတော့ ကျော့ရှင်းမြဲ။ ဘေးမှာတော့ အိမ်ရာစီမံကိန်းတစ်ခု ဆောက်နေသည်။ တံတားထိပ် ကြက်လျှာစွန်းတွင် အများ ပြည်သူအတွက် ပန်းခြံလေးတစ်ခု ဆောက်၊ ပန်းခြံလေးနှင့် ထန်းပင်တန်း လေးဆိုပါက လှလိုက်မည့် ဖြစ်ခြင်းဟု စိတ်ကူးယဉ်မိသည်။ သို့သော် အိမ်ရာ စီမံကိန်းက ယင်းစိတ်ကူးကို မယဉ်မီ ကပင် လုပ်ကြံလိုက်ပြီးသား ဖြစ်နေသည်။
ရွာထိပ်ကနေ တစ်လမ်းလုံး စောင့် နေသည်က တယ်လီနောနှင့် အော်ရီဒူး ပြိုင်ပွဲ။ ခြံစည်းရိုးတစ်လျှောက်၊ ဈေးဆိုင် တိုင်းနီးနီး၊ အချို့ဆို အိမ်ရှေ့တွင် တယ်လီနော အပြာနှင့် အော်ရီဒူး အနီတို့ ကသာ စိုးမိုးထားသည်။  အင်း . . .  ကြော်ငြာတွေ လက်ခံထားတော့ ဝင်ငွေ တော်တော်ဖြောင့်မှာပဲဟု တွေးမိသည်။ ရန်ကုန်လို၊ မန္တလေးလို မြို့တွေမှာ ဒီလိုပဲ ကြော်ငြာ ကပ်ခွင့်ပြုရင် ငွေစကြေးစလေး ရသည်ကိုး။
တကယ်တော့ ထိုအတွေးသည် လည်း မှန်းဆအတွေး သက်သက်သာ။ နောက်ပိုင်းမေးကြည့်တော့မှ အခမဲ့ လာကပ်ထားတာ တဲ့လေ။ ဖြစ်မှ ဖြစ်ရ လေ။ မည်သူ့ကို အပြစ်တင်ရမည်နည်း။
(ဂ)
ခြောက်လတာကာလသည် ဝန်း ကျင်ကို အနည်းငယ် ပြောင်းစေရုံသာမက သတင်းဆိုးအချို့ကိုပါ ရွာအတွင်း လက်ခံခွင့်ပြုထားသည်။
ရွာထဲမှာ မြင်းဆေး (ရာဘ) ဝယ် လို့ ရနေပြီတဲ့လေ။ ဘုရား . . . ဘုရား။ ဟုတ်လို့လားပေါ့။ ငယ်ပေါင်း ဘော်ဒါ ရင်းတစ်ဦးကို တောက်ကြည့်သည်။
ဟုတ်တယ်။ အခုတစ်ပြား လေး ထောင်လောက်ရှိတယ်တဲ့။ ဘာမှ ဆက်မမေးချင်တော့။ ဘာတွေ ဖြစ်ကုန် ပြီလဲ။
တက္ကသိုလ်ကျောင်းရှိသဖြင့် အရင် ကရွာထဲမှာ အရက်တောင် မရောင်းရ။ အခုတော့  . . . ။ အခုတော့ . . . ။
လူငယ်တွေအတွက် ကျောင်းလေး တစ်ကျောင်းလုပ်ရင် ကောင်းမလား စိတ်ကူးလေး တစ်ခု ထွေးပိုက်ပြန်လာ တုန်းရှိသေး။
မူးယစ်နတ်ဆိုးက ခပ်မြန်မြန်ပဲ ရွာထဲရောက်နေသည်။ ကျောင်းက သင်တန်းလေးမှာ ပို့ချမည့် သင်ခန်းစာ များအကြောင်း၊ ခေါ်မည့်ဆရာများ အကြောင်း မှတ်စုလေးထုတ် တေးထား၊ အစီအစဉ်လေးတစ်ခု ချထားတုန်းရှိသေး။
ရွာထိပ်မှာ ယမကာဆိုင်လေးတွေ အစီအရီနှင့် တိုးနေသည်။
မည်သူ့ကို အပြစ်တင်ရမည်နည်း။
(ဃ)
ထားဝယ်မြို့သစ်မှာ ဆောက်လုပ် ရေးလုပ်ငန်းတွေကတော့ မိုးထဲရေထဲ ကြိုးစားပမ်းစား။ ထားဝယ်စီမံကိန်း ကြီးကလည်း ခပ်လှုပ်လှုပ်၊ ထိုင်းနယ်စပ် လမ်းကလည်း ပွင့်ပြီဆိုတော့ ထားဝယ် သည် အပြိုင်းအရိုင်းဖြင့် လက်တံ ဖြန့်မည့်နှယ် ဖြစ်နေသည်။
စိတ်ပူစရာများလည်း အတွေးထဲ တိုးဝင်လာသည်။
သမိုင်းတန်ဖိုး၊ ဗိသုကာ တန်ဖိုး ကြီးလှသော ကိုလိုနီခေတ်အဆောက် အအုံများ ပိုင်ဆိုင်ထားရာ ထားဝယ်မြို့ လယ်မှာ ခေတ်မီတိုက်တာများက ဝါး မြိုသွားမှာ။ အခုတောင် အချို့တော်တော် နေရာယူထားပြီးပြီ။
တကယ်တော့ ပြင်သစ်နိုင်ငံမြို့တော် ပါရီလို လုပ်ရင်ကောင်းမည်တွေးမိသည်။ ပါရီမှာ ရှေးအဆောက်အအုံ တွေရှိတဲ့ အပိုင်းမှာ အဆောက်အအုံ အသစ်တွေ လုံးဝ မဆောက်ခိုင်းဘဲ တိုးချဲ့မြို့ နေရာမှာပဲ ခွင့်ပြုတာမျိုး လုပ်ဖို့ တာ ဝန်ရှိသူများ စိတ်ကူးမိကြပါ စေဟု ဆုတောင်းမိသည်။
ထားဝယ်ကိုလည်း လက်ရှိ မြို့ကို ဒီအတိုင်းထား။ အခုချဲ့နေသော မြို့အနောက်ဘက်ခြမ်းမှာသာ တိုက်တာ အဆောက်အဆုံအသစ်တွေ ဆောက်ခွင့် ပြု။ ခေတ်မီခြင်းနဲ့ သက်တမ်းရင့် တည်ငြိမ်ခြင်းတို့ ဟန်ချက်ညီညီ ပေါင်း ထားတဲ့ ထားဝယ်။
ဘယ်လောက်များ ပနံသင့် လိုက် မလဲလေ။
ထားဝယ်ကိုလာမယ့် ဥရောပသမဂ္ဂ (EU) က ဧည့်သည်တွေက မင်းတို့ ဆီမှာ ရှေးဟောင်းအဆောက်အအုံတွေ ဘယ်နားရှိလဲ မေးလို့ ပူပူနွေးနွေးကြွား လိုက်သေးသည်။  တစ်မြို့လုံးနီးနီးပဲလို့။ အဲသည်လို ဆက်ပြီး ဂုဏ်ယူဝင့်ကြား ချင်သည်။
နောက်တစ်ခုက ဝယ်လင်တန်မှ သယ်လာသော စိတ်ကူးလေး တစ်ခု။
ထားဝယ်ကို သဘာဝတောတောင် စိမ်းတွေ ဝိုင်းနေသော၊ ပန်းခြံနှင့် လူနေရပ်ကွက်များ အချိုးကျကျ ပေါင်းစပ်ထားသော၊ လေသန့်သန့်၊ ရေသန့်သန့်ကို ထိန်းသိမ်းထားနိုင်သော ခေတ်သစ်မြို့ တစ်ခုအဖြစ် မြင်လိုခြင်းဖြစ်သည်။
ထန်းပင်တန်းတွေဘေးမှာ လမ်းလျှောက်နားနေစရာ ပန်းခြံ လေးတွေ ဝိုင်းထားမယ်၊ မြစ်ကမ်းဘေးဓနိတောထဲမှာလည်း ဧည့်သည် တွေ အကြိုက် လျှောက်လမ်းလေးတွေရှိမယ်၊ စပါးတောင်လိုမျိုးနေရာကို သဘာဝ သစ်တောတွေ အတိုင်းထားပြီး တောင်တက် အားကစား လုပ်ချင်သူတွေ၊ တောင်တက် စက်ဘီးစီးချင်သူတွေ အခိုက်လုပ်ထား တာမျိုးလေးပေါ့။
ဘာလို့ဆို နယူးဇီလန်မြို့တော် ဝယ်လင်တန်မှာလည်း ဒီလိုပဲကိုး။ မြို့လယ်ကောင်တည့်တည့်ကြီးကို ဖြတ်ထားတဲ့ ထင်းရူးတွေ၊ သဘာဝသစ်တောတွေကို ဥပဒေနဲ့ ထိန်းသိမ်းထားတဲ့ တောခါးပတ်ကြီး နှစ်ခုရှိတာကိုး။ နောက်ပြီး ရပ်ကွက်တိုင်းမှာ ပန်းခြံတွေနဲ့၊ အသက်ရှု ကြပ်တဲ့ မြို့ပြအမွန်းအကြပ်ကလွတ်အောင် လုပ်ထားသည်ကိုး၊ ခွေးနဲ့ လမ်းလျှောက်ချင်သူတွေ အတွက်ခွေးလမ်းလျှောက်ဖို့ ပန်းခြံတောင်ရှိ သေး။ လူမပြောနဲ့။
ထားဝယ်ကို ရန်ကုန်လို အမှိုက်ပုံ မြို့တော်မဖြစ်စေချင်၊ ခပ်ရိုင်း ရိုင်း တက္ကစီဆရာတွေနဲ့ လိုင်းကားဆရာတွေ ရှိတဲ့ မြို့မဖြစ်စေချင်၊ ဘန်ကောက်လို အသက်ရှုပေါက်မရှိတဲ့မြို့ မဖြစ်စေချင်။ ဝယ်လင်တန်လို လှပကျော့ရှင်း စနစ်ကျသော မြို့တော်လေး တစ်ခုအဖြစ် အနာဂတ်မှာ မြင်လိုလှသည်။

ဒါကိုတော့ စိတ်ကူးလေးပါပဲ ဆို တဲ့ အဖြစ်မျိုးမဖြစ်ချင်တော့ပါ။ အနာဂတ်တွင် ပျက်စီးယိုယွင်းမွန်းကြပ်နေသော မြို့အဖြစ် သက်ဆင်း သွားမှ မည်သူ့ကိုအပြစ်တင်ရမှန်း မသိမဖြစ်စေချင်ပါ။
(င)
ဒါသည်ပင် ဝယ်လင်တန်ကျောင်း သားဟောင်း တစ်ဦးစိမ်းတဲ့မြေ သို့ အပြန်တွင် သယ်ဆောင်လာသော စိတ်ကူးလေးများ ဖြစ်သည်။
ရွေးကောက်ပွဲကားနီးပြီ။ အဲသည် လို အကောင်အထည်ဖော်ဖို့ စိတ်ကူးလေးရှိသော နိုင်ငံရေးသမားရှာဦးမည်။ အားရပါးရ မဲပေးဖို့။